သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသား ပြည်သူတွေ အကြောက်တရား ကင်းကင်း မဲပေးနိုင်ကြပါ့မလား


A resident checks voting lists at an administrative office in Yangon on July 25, 2020, ahead of the upcoming general election set for later in the year. (Photo by Sai Aung Main / AFP)
A resident checks voting lists at an administrative office in Yangon on July 25, 2020, ahead of the upcoming general election set for later in the year. (Photo by Sai Aung Main / AFP)
တိုက်ရိုက် လင့်ခ်

ပြီးခဲ့တဲ့ စက်တင်ဘာ လဆန်းပိုင်းက အစိုးရနဲ့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် NCA မှာ လက်မှတ်ထိုးထားတဲ့ (RCSS/SSA) ရှမ်းလက်နက်ကိုင် တပ်ဖွဲ့ဟာ သူတို့အဖွဲ့ အုပ်ချုပ်မှု နယ်မြေဒေသမှာ ရွေးကောက်ပွဲ ဝင်မယ့် နိုင်ငံရေးပါတီတွေအနေနဲ့ ကြိုတင်အကြောင်းကြား ဆက်သွယ်ပြီးမှ မဲဆွယ်စည်းရုံးနိုင်မယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီ ကြေညာချက်နဲ့ ပတ်သက်ပြီး အဲဒီ ဒေသတွေမှာ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရော၊ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီကပါ လက်မခံကြပါဘူး။ (RCSS/SSA) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးအုမ်ခေးက မဲဆွယ်စည်းရုံးရေးဆင်းမယ့် ပါတီတွေကို အကြောင်းကြား ဆက်သွယ်ခိုင်းတာက တားမြစ်ကန့်သတ်တာမဟုတ်ဘဲ မဲဆွယ်စည်းရုံးရာမှာ အခက်အခဲမရှိစေရေး ကူညီပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီ ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ်ကတော့ နိုင်ငံရေးဘောင်ကိုချဲ့ပြီး စစ်ဘောင်ကိုချုံ့ရမယ့် အနေအထားမို့ ရွေးကောက်ပွဲ ဖြစ်မြောက်အောင်မြင်ရေး ဝိုင်းဝန်းတွန်းအားပေး ကူညီရမယ်၊ လက်နက်ကိုင် အဖွဲ့အစည်း တစ်ချို့ အနေနဲ့ ဘယ်ပါတီကိုမဲပေးပါ၊ ဘယ်ပါတီကို မဲမပေးနဲ့ဆိုတဲ့ ပြောဆိုမှုတွေရှိနေပြီး ဒီဟာက မလုပ်သင့်တဲ့ကိစ္စ လို့မြင်တယ် လို့ဆိုပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်ကတော့ လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်တွေ ထုတ်ပြန်ခြင်းက ရှုပ်ထွေးမှုတွေ ပိုပြီး ဖြစ်ပေါ်လာစေနိုင်တယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံလို တပ်မတော် အပြင် လက်နက်ကိုင် အဖွဲ့တွေ အများကြီး ရှိနေတဲ့ တိုင်းပြည် တစ်ပြည် အနေနဲ့ ရွေးကောက်ပွဲမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ သဘောထား၊ ပြုမူပုံ ပြသနာတွေဟာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခုတစ်ပတ် ရွေးကောက်ပွဲနဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ ဝင်ရောက် စွက်ဖက်မှုပြသနာ အကြောင်း လေ့လာ တင်ပြသွားပါ့မယ်။


မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်ကနေ ၁၉၆၂ စစ်အာဏာသိမ်းပွဲ မတိုင်ခင် အချိန်ထိ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေကနေ ရွေးကောက်ပွဲ အပေါ် လွှမ်းမိုးဖို့၊ စွက်ဖက်ဖို့ ကြိုးစားခဲ့တာ၊ လက်နက် ရှိသူတွေက လက်နက်အားကိုးပြီး နည်းအမျိုးမျိုးနဲ့ စွက်ဖက်တာမျိုး ရှိခဲ့ပါတယ်။ တပ်မတော် အပြင် လက်နက်ကိုင် သူပုန်တွေ၊ ခါးပိုက်ဆောင် တပ်တွေ မျိုးစုံ ရှိနေတာမို့ ရွေးကောက်ပွဲ အကြိုကာလတွေမှာ ပြည်သူတွေ ပိုပြီး ခြိမ်းခြောက်ခံရလေ့ ရှိပါတယ်။ ၁၉၅၈ ခုနှစ်မှာ ရွေးကောက်ခံ ဦးနု အစိုးရဆီကနေ အာဏာလွဲှပြောင်း ရယူခဲ့တဲ့ အိမ်စောင့် အစိုးရဟာ ၁၉၆၀ ခုနှစ်မှာ ရွေးကောက်ပွဲကို ဦးစီး ကျင်းပပေးခဲ့ပါတယ်။ အဲဒီအချိန် နိုင်ငံ့အကြီးအကဲလည်းဖြစ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်လည်း ဖြစ်နေတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းကနေ သူ့ တပ်မှူးတွေကို တပ်မတော်အနေနဲ့ နိုင်ငံရေးပါတီတွေနဲ့ ကင်းကင်းရှင်းရှင်း ရှိရမယ်၊ ဘက်လိုက်ပါဝင်တာမျိုး မလုပ်သင့်ဘူး၊ ရွေးကောက်ပွဲမှာ ကိုယ့်တစ်ဦးချင်းဆန္ဒ အတိုင်း မဲပေးနိုင်ပြီး တပ်မတော် ဂုဏ်သိက္ခာ ထိခိုက်စေမယ့် ကိစ္စမှန်သမျှ ရှောင်ကျဉ်ရမယ် ဆိုပြီး အမိန့်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ရွေးကောက်ပွဲအပြီး နောက်ပိုင်းမှာ ဗိုလ်ချုပ်ကြီးနေဝင်းဟာ ဗိုလ်မှူးချုပ်မောင်မောင်၊ ဗိုလ်မှူးချုပ်အောင်ရွှေ၊ ဒုဗိုလ်မှူးကြီးဘဖြူ၊ ဗိုလ်မှူးကြီး တင်မောင်၊ ဒုဗိုလ်မှူးကြီး ချစ်ခိုင်တို့ကို ဦးကျော်ငြိမ်း၊ ဦးဘဆွေ ဦးဆောင်တဲ့ တည်မြဲဖဆပလ ပါတီကို ဘက်လိုက်တယ် ဆိုပြီး တပ်ကနေ ထုတ်ပယ်ခဲ့ပါတယ်။ ဒါက ပါလီမန် ဒီမိုကရေစီခေတ်က အဖြစ်အပျက်ပါ။
စစ်အာဏာရှင် ခေတ်လွန် ၂၀၁၀ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ နဲ့ အတိုက်အခံ တိုင်းရင်းသားပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်တာမျိုး မရှိခဲ့လို့ အဲဒီ အချိန်က လက်နက်ကိုင် အဖွဲ့တွေရဲ့ ရွေးကောက်ပွဲ အပေါ် စွက်ဖက်မှု၊ လွှမ်းမိုးမှု ပြသနာ ဘာအသံမှ ထွက်မလာခဲ့ပါဘူး။


၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာတော့ အမျိုးသားလွှတ်တော် အတွက် ကချင်ပြည်နယ် ချီဖွေ၊ ဆော့လော်နဲ့ အင်ဂျန်းယန် မြို့နယ်တွေ ပါဝင်တဲ့ အမှတ်(၅) မဲဆန္ဒနယ်မြေမှာ ပြသနာ ပေါ်ခဲ့ပါတယ်။ အဲဒီ မဲဆန္ဒနယ်မြေမှာ NDA(Kachin) လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်ဟောင်း ဦးဇခုံတိန်ယိန်းနဲ့ အခြား အမတ်လောင်း ၅ ယောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။


ရွေးကောက်ပွဲ အကြိုကာလမှာ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က အမတ်လောင်းတွေကို ကချင်ပြည်နယ် ဝိုင်းမော်၊ ချီဖွေ နဲ့ ဆော့လော် မြို့နယ်တွေမှာ မဲဆွယ် စည်းရုံးရေးတွေ မလုပ်ဖို့ ကချင်အထူးဒေသ(၁) ခေါင်းဆောင် ဦးဆခုံတိန့်ယိန်းက တားမြစ်ခဲ့ပါတယ်။ နောက် ကချင်အထူးဒေသ(၁) တာဝန်ရှိသူတွေဟာ “လော်ဝေါ် အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ” ကို ပန်ဝါမြို့မှာ ပါတီ ဆိုင်းဘုတ် မထောင်ဖို့၊ မဲဆွယ် ဟောပြော စည်းရုံးတာတွေ မလုပ်ဖို့ ဆိုပြီး တားမြစ် ပိတ်ပင်ခဲ့ပါသေးတယ်။ ဒါတင်မက ချီဖွေ မြို့နယ်ဘက် စည်းရုံးရေးဆင်းတဲ့ အင်န်အယ်လ်ဒီ အမတ်လောင်းနဲ့ အဖွဲ့ဟာလည်း အဲဒီ လက်နက်ကိုင် အဖွဲ့တွေရဲ့ ဖမ်းဆီး၊ ရိုက်နှက်၊ ခြိမ်းခြောက်တာ ခံကြရပါတယ်။


ရွေးကောက်ပွဲပြီးတဲ့နောက် အဲဒီ မဲဆန္ဒနယ်မြေမှာ ခိုင်လုံမဲ ၁၁၀၀၀ ကျော်ရတဲ့အထဲမှာ ဦးဇခုံတိန်ယိန်းက မဲပေါင်း ၅၀၀၀ ကျော်နဲ့ အနိုင်ရပါတယ်။ နောက်ပိုင်း အမတ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး လွှတ်တော် တက်ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ အကြိုကာလက မတရားပြုကျင့်ခံရတဲ့ သူနှစ်ယောက်က ရွေးကောက်ပွဲ ခုံအဖွဲ့ဆီ ကန့်ကွက်လွှာ တင်ပါတယ်။ ခုံအဖွဲ့ကနေ အမှုအမှတ် ၂/၂၀၁၅ နဲ့ လက်ခံစစ်ဆေးပြီး တစ်သီးပုဂ္ဂလ ဦးယောနာကို အနိုင်ပေးလိုက်တဲ့အပြင် နောက်ထပ် ခုံရုံးအဆင့်ဆင့်ကလည်း အတည်ပြုပေးလိုက်တာမို့ ဦးဇခုံတိန်ယိန်း အမတ်အဖြစ်ကနေ ရုပ်သိမ်းခံရပြီး ဒုတိယ မဲအများဆုံးရတဲ့ ဦးယောနာကို အမတ်အဖြစ် အသိအမှတ်ပြုပေးခဲ့ပါတယ်။ ဒါက ၂၀၁၅ ခုနှစ်တုန်းက ရွေးကောက်ပွဲမှာ လက်နက်ကိုင် အဖွဲ့တွေရဲ့ ဝင်ရောက်စွက်ဖက်မှုနဲ့ ပတ်သက်ပြီး ထင်ရှားတဲ့ အမှုနဲ့ ဆုံးဖြတ်ချက်ပါ။


တကယ်တော့ မြန်မာနိုင်ငံလို လက်နက်ကိုင် သူပုန်တွေ များပြားလှတဲ့ တိုင်းပြည်အတွက် ရွေးကောက်ပွဲမှာ တရားမျှမျှတတ ဖြစ်စေဖို့၊ လက်နက်ကိုင်အဖွဲ့တွေရဲ့ စွက်ဖက်မှု မခံရစေဖို့၊ တိုင်းရင်းသား ပြည်သူတွေ အကြောက်တရား ကင်းမဲ့စွာ မဲပေးနိုင်ဖို့ အဓိက ထိန်းသိမ်းပေးရမှာက မြန်မာ့ တပ်မတော်ပါ။ ဒါပေမယ့်လည်း ၂၀၀၈ ဖွဲ့စည်းပုံအရ နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှု ရှိနေရလေတော့ တပ်မတော်ခေါင်းဆောင်တွေလည်း နိုင်ငံရေးပါတီတွေကြား ဘက်မလိုက်ပဲ ကြားကနေဖို့ ဆိုတာကလည်း ဖြစ်မလာခဲ့ပြန်ပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲ အကြိုကာလက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မဲပေးတာနဲ့ ပတ်သက်ပြီး “ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်မည့်သူ၊ တပ်မတော်အပေါ် နားလည်မှု ရှိသူ၊ (နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး) အမြင် လေးမြင် ရှိသူ၊ အမျိုးဘာသာသာသနာနှင့် ပတ်သက်ပြီး မှန်မှန်ကန်ကန်နှင့် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်နိုင်သူ၊ နိုင်ငံခြားသား၊ နိုင်ငံခြား တိုင်းပြည်အဖွဲ့အစည်း တစ်ခုခုနဲ့ တစ်နည်းနည်းနဲ့ ဆက်သွယ်မှုမရှိသူ၊ လွှမ်းမိုးမှု မရှိသူဖြစ်ဖို့လိုတယ်” ဆိုပြီး ပြောဆိုခဲ့ပါတယ်။


အခု ၂၀၂၀ မှာလည်း တပ်မတော်သားတွေနဲ့ မိသားစုတွေကို ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်တွေ ရွေးချယ်ရာမှာ အချက်(၆) ချက်နဲ့ ပြည့်စုံသူကို ရွေးဖို့ ပြောဆိုခဲ့ပြီး အဲဒီအထဲမှာ တပ်မတော်ရဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍကို နားလည် သဘောပေါက်သူ ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။ အဲဒီပြောဆိုမှုတွေကို ကြည့်လိုက်ရင် ဘက်လိုက်မှု ပါဝင်နေတယ် ဆိုတာ အားလုံးက နားလည်ထားကြပြီလဲ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေကို ဆန်းစစ်ကြည့်လိုက်ရင် မြန်မာနိုင်ငံ ရွေးကောက်ပွဲတွေမှာ လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးကို ဘက်မလိုက်ဖို့ ထိန်းကျောင်းရမယ့် တပ်မတော် ခေါင်းဆောင်တွေကိုယ်တိုင် ဘက်လိုက်နေတဲ့ သဘော တွေ့မြင်နေရတာမို့ ဒီမိုကရေစီ စံချိန် စံညွှန်းတွေနဲ့ ပြည့်စုံတဲ့၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်ပေါ်လာဖို့၊ တိုင်းရင်းသား ပြည်သူတွေ အားလုံး အကြောက်တရားကင်းကင်း မဲပေးရွေးချယ်ခွင့်ရဖို့ အချိန်ကာလ တစ်ခု စောင့်ဆိုင်းရဖွယ် ရှိနေကြောင်းပါ။

------------------------------------








XS
SM
MD
LG