သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်- မြန်မာ ဆက်ဆံရေး ကောင်းနေသလား


တရုတ်သံအမတ်ကြီးကို လက်ခံတွေ့ဆုံနေတဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်
တရုတ်သံအမတ်ကြီးကို လက်ခံတွေ့ဆုံနေတဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်

ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့က ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှာ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင် ၃ ဖွဲ့ ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးကြပါတယ်။ လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်ပြီး နှစ်ဖက် အပစ်ရပ်စာချုပ် ချုပ်နိုင်ဖို့ပါ။ အဲဒီဆွေးနွေးပွဲမှာ လက်နက်ကိုင် ၃ ဖွဲ့ဘက်က အပစ်ရပ် စာချုပ်နဲ့ ပတ်သက်ပြီး သူတို့ရဲ့ အဆိုပြုချက် (၇) ချက် အစိုးရဘက်ကို ပေးခဲ့ပါတယ်။ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေရဲ့ ပြောပြချက်အရ တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့ရဲ့ အဆိုပြုချက် အားလုံး လက်ခံ ဆွေးနွေးလို့ရတယ်။ ဒါပေမယ့် တစ်ချက်ကတော့ ဖြစ်နိုင်ဖွယ် မရှိဘူး၊ အဲဒါကတော့ အပစ်ရပ် စောင့်ကြည့်တဲ့ လုပ်ငန်းစဉ်၊ အပစ်ရပ် ဆိုင်ရာ ဆွေးနွေးတဲ့ဆီမှာ တရုတ်နိုင်ငံကို ပါဝင်စေဖို့ အဆိုပြုထားလို့ ဖြစ်ပါတယ်။ တရုတ် အစိုးရဘက်ကလည်း မြန်မာနိုင်ငံ အရှေ့ပိုင်းနဲ့ အရှေ့မြောက်ပိုင်း၊ တရုတ်နယ်စပ်တွေမှာ တည်ငြိမ်မှု ရှိစေချင်တယ်၊ မြန်မာ့ငြိမ်းချမ်းရေး အတွက်လည်း အမြဲပဲ ကူညီဖို့ အသင့်ရှိတယ်လို့ ပြောဆိုနေပြီး အထူးကိုယ်စားလှယ် တစ်ယောက်တောင် သီးသန့် ခန့်အပ် တာဝန်ပေးထားပါသေးတယ်။ ဒါတင်မက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာကို ပြစ်တင် စွပ်စွဲ အရေးယူမယ့် ကိစ္စတိုင်း မြန်မာဘက်က ရပ်တည် ပေးပြီး လိုအပ်ရင် ဗီတိုအာဏာ သုံးပါတယ်။ ဒီလို အခြေအနေရှိတဲ့ မြန်မာနဲ့ တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းနေသလား ဆိုတာကလည်း စိတ်ဝင်စားစရာပါ။ ခုတစ်ပတ် အစိုးရသစ် လက်ထက် တရုတ်-မြန်မာ ဆက်ဆံရေး အခြေအနေအကြောင်း လေ့လာ တင်ပြသွားပါ့မယ်။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း အရင် စစ်အာဏာရှင် အစိုးရ လက်ထက်က စစ်အစိုးရနဲ့ တရုတ် အစိုးရ ဆက်ဆံရေး အလွန်ကောင်းခဲ့ပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်ရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီလို နေရာမျိုးမှာ မြန်မာဘက်က အမြဲရပ်တည်ပေးခဲ့ပြီး လိုအပ်ရင် ဗီတိုအာဏာ သုံးပေးပါတယ်။ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေနဲ့ အဆင်မပြေတဲ့ မြန်မာနိုင်ငံအဖို့ ကုန်သွယ်ရေး၊ရင်းနှီးမြှုပ်နှံရေးကအစ တရုတ်နိုင်ငံနဲ့ပဲ အများဆုံး ဆက်ဆံ လုပ်ကိုင်ဖြစ်ခဲ့ပြီး တရုတ်နိုင်ငံအတွက်၊ အထူးသဖြင့် နယ်စပ်ချင်း ကပ်လျက် ယူနန်ပြည်နယ် အတွက် အကျိုးစီးပွား အများကြီး ဖြစ်ထွန်းစေခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်ရောက်တဲ့အခါ တက်လာတဲ့ သမ္မတ ဦးသိန်းစိန်အစိုးရဟာ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းအောင် ကြိုးစားပါတယ်။ စီးပွားရေးအရ အရေးယူ ဒါဏ်ခတ် ပိတ်ဆို့ထားမှုတွေ လျော့သွားအောင် လုပ်ပါတယ်။ အနောက်နိုင်ငံတွေရဲ့ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာအောင် ဖိတ်ခေါ် ပါတယ်။ နိုင်ငံတကာ ဆက်ဆံရေးမှာ တရုတ်တစ်နိုင်ငံထဲကို အားကိုးနေရတဲ့ အနေအထားကနေ ရုန်းထွက်ဖို့ ကြိုးစားလာတာကြောင့် ဖွင့်မပြောပေမယ့် တရုတ်အစိုးရဘက်က သိပ် သဘောမကျဘူးလို့ ခန့်မှန်းရပါတယ်။ ဒီအခြေအနေကို ဆိုးရွားသွားအောင် တွန်းပို့လိုက်တာကတော့ ၂၀၁၅ နှစ်ဆန်း ဖုန်ကျားရှင် ဦးဆောင်တဲ့ ကိုးကန့်တပ်တွေက ကိုးကန့်နယ်မြေထဲ ဝင်ရောက်တိုက်ခိုက်တဲ့ ဖြစ်စဉ် ပေါ်ပေါက်လာတာပါ။ မြန်မာ့ တပ်မတော်အတွက် အထိအခိုက် အကျအဆုံးများတဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီ အခြေခံပေါ်ကနေ တပ်မတော်ခေါင်းဆောင်တွေဟာ တရုတ်နိုင်ငံအပေါ် သံသယ အများကြီးဝင်ခဲ့ပြီး ခပ်တန်းတန်း ဆက်ဆံရေးမျိုး ဖြစ်ခဲ့တာ တွေ့မြင်ရပါတယ်။

အဲဒီ ပြသနာ နောက်ပိုင်း တပ်မတော်ရဲ့ စစ်လက်နက် ဝယ်ယူဖြည့်တင်းမှုတွေဟာ တရုတ်ဘက်က မဟုတ်တော့ပဲ ရုရှားနဲ့ အခြားနိုင်ငံတွေဘက် ခြေဦးလှည့်ခဲ့တယ်လို့ တပ်မတော် တာဝန်ရှိသူ တစ်ချို့က ပြောပါတယ်။ အခုနောက်ဆုံး အိန္ဒိယ နိုင်ငံကနေ ရေငုပ်သင်္ဘော တစ်စင်း ဝယ်ယူခဲ့ပါတယ်။ ဒီ့မတိုင်ခင် တရုတ်ဘက်က သူတို့ရေငုပ်သင်္ဘော တစ်စင်း ရောင်းပေးမယ်၊ အဲဒီအတွက် နောက်ထပ် ရေငုပ်သင်္ဘော အငယ် တစ်စင်းပါ လက်ဆောင်ပေးမယ်လို့ ကမ်းလှမ်းတာ ရှိခဲ့တဲ့အကြောင်း၊ ဒါပေမယ့် ရောင်းမယ့် ရေငုပ်သင်္ဘောဟာ တောင်တရုတ်ပင်လယ်မှာ နစ်မြုပ်ခဲ့ပြီးသားကို ပြန်ပြုပြင်ထားတာ ဖြစ်တဲ့အပြင် ရောင်းဈေးကလည်း မြင့်နေတာမို့ မြန်မာ့တပ်မတော်ဘက်က အိန္ဒိိယ ရေငုပ်သင်္ဘောကို ရွေးချယ် ဝယ်ယူလိုက်ရတာလို့ ဆိုပါတယ်။ ဒါကို တရုတ်ဘက်က သိပ်ကြိုက်တာမျိုးတော့ မဟုတ်ပါဘူး။

လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ ရခိုင် AA တပ်ဖွဲ့က အသုံးပြုတဲ့ ဒုံး နဲ့ လက်နက်ခဲယမ်းတွေဟာ တရုတ်တပ်မတော်မှာ သုံးတဲ့ လက်နက်တွေ ဖြစ်တယ် ဆိုတဲ့အကြောင်း မြန်မာ့ တပ်မတော်ဘက်က ဓာတ်ပုံ အထောက်အထားတွေနဲ့ တကွ တရုတ်ဘက်ကို ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ တပ်မတော်ကို တိုက်နေတဲ့ သူပုန်တပ်ဖွဲ့တွေလက်ထဲ အဲလို လက်နက်တွေ ရောက်သွားနေတာကို တရုတ်ဘက်က ထိန်းချုပ် တားဆီးပေးဖို့ပါ၊ ဒါပေမယ့် တရုတ် ဘက်ကတော့ သူတို့အနေနဲ့ တရားဝင် အဲလို ရောင်းတာ၊ ထောက်ပံ့တာမျိုး မလုပ်ပါဘူးလို့ ဆိုပါတယ်။ ဒါကို မြန်မာ့တပ်မတော်ဘက်က သိပ်ပြီး ကျေနပ်တာတော့ မဟုတ်ပါဘူး။ ဒါတင်မက နယ်စပ်က အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို တရုတ်ဘက်က ထိန်းချုပ်ထားတယ်လို့ မြန်မာ့ တပ်မတော်ဘက်က ယူဆပြီး အမြင် မကြည်လင်တာ ကြာခဲ့ပါပြီ။

နောက်တစ်ချက်က ကာလကြာရှည် ဆိုင်းငံ့ထားတဲ့ ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ကိစ္စနဲ့ ပတ်သက်ပြီး တရုတ်အစိုးရဟာ အရင် သမ္မတ ဦးသိန်းစိန် အစိုးရကိုရော၊ လက်ရှိ အင်န်အယ်လ်ဒီ အစိုးရအပေါ်ကိုပါ အမြင် မကြည်လင်ပါဘူး။ စီမံကိန်း အကောင်အထည် ဖော်မယ့် ကုမ္ပဏီရုံးခန်းတွေ နေပြည်တော်၊ ရန်ကုန်နဲ့ မြစ်ကြီးနားမှာ ဒီနေ့အချိန်ထိ ဖွင့်လှစ်ထားပြီး စီမံကိန်း ဆက်လုပ်နိုင်ရေး နည်းပေါင်းစုံနဲ့ ကြိုးစားနေတာ တွေ့နိုင်ပါတယ်။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုံ ကိစ္စဆိုရင်လည်း ဒီအတိုင်းပါပဲ။ တရုတ်ဘက်က ဒေါ်လာ ၇ ဘီလျံလောက် ရည်မှန်းထားတဲ့ စီမံကိန်းကြီးကို မြန်မာဘက်က ပထမ အဆင့်အနေနဲ့ ဒေါ်လာ တစ်ဘီလျံကျော်နဲ့ အစပြုထားဖို့လောက်ပဲ ခွင့်ပြုချက် ပေးထားပြီး မြန်မာဘက်က ရယူမယ့် အချိုးအစား ရာခိုင်နှုန်း တိုးမြှင့်တာကိုလည်း တရုတ်ဘက်က သိပ်ပြီး ဘဝင်လှကျတာမျိုးတော့ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ လပိုင်းအတွင်း ရန်ကုန်မှာ အမေရိကန်၊ ဂျပန် ပူးတွဲပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖိုရမ် ကျင်းပခဲ့ပါတယ်။ စက်တင်ဘာ လဆန်းမှာ ရောက်လာတဲ့ တောင်ကိုရီးယား သမ္မတ ခရီးစဉ်မှာလည်း မြန်မာနိုင်ငံမှာ ကိုရီးယား စက်မှုဇုံ ထူထောင်မယ့် ကိစ္စ၊ ဒလ မြို့သစ် ဖော်ဆောင်ရေး စူးစမ်းလေ့လာမှု လုပ်မယ့် ကိစ္စ အပါအဝင် စီးပွားရေးဆိုင်ရာ သဘောတူညီချက် တစ်သီတစ်တန်းကြီး လက်မှတ်ရေးထိုးခဲ့ပါတယ်။ မြန်မာအစိုးရရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်ပေါ်လာစေရေး ကြိုးစားမှုတွေနဲ့ ပတ်သက်ပြီး တရုတ်ဘက်က သိပ်ပြီး ဝမ်းသာအားရ ရှိနေမှာတော့ မဟုတ်ပါဘူး။ ဒါ့အပြင် အခုနောက်ပိုင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ တစ်ဖက်သတ်ဆန်တဲ့ ထုတ်ပြန်ကြေငြာချက်တွေကလည်း မြန်မာ အစိုးရနဲ့ ပတ်သက်သူတွေအတွက် စိတ်ကသိကအောက် ဖြစ်စရာတွေ ပေါ်ထွက်လာတတ်ပြန်ပါတယ်။ ဥပမာအားဖြင့် ဝန်ကြီး ဦးကျော်တင်နဲ့ တရုတ်သံအမတ်ကြီးတို့ တွေ့ဆုံပွဲမှာ ဟောင်ကောင်က ဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး တရုတ်အစိုးရရဲ့ ရပ်တည်ချက်ကို မြန်မာအစိုးရက ထောက်ခံတယ် ဆိုပြီး ထုတ်ပြန်တာမျိုး၊ မြစ်ဆုံ စီမံကိန်း ပြန်စဖို့ တိုင်းရင်းသား ခေါင်းဆောင်တွေ ကန့်ကွက်ဖို့ မရှိဘူးလို့ ပြောတယ် ဆိုတာမျိုး ဖြစ်ပါတယ်။

အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် တရုတ်-မြန်မာ ဆက်ဆံရေးဟာ သတင်းမီဒီယာတွေမှာ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးလို့ ဘယ်လိုပဲပြောနေနေ တစ်ဖက်နဲ့ တစ်ဖက် သိပ်ပြီး ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး ရှိလှတဲ့ ဆက်ဆံရေးမျိုးတော့ မဟုတ်ပါဘူး။ တရုတ်ဖက်က မြန်မာနိုင်ငံကို သူ့ရဲ့ ဈေးကွက်၊ သူ့ရဲ့ပင်လယ်ထွက်ပေါက် ၊ သူ့သြဇာညောင်းရာ နေရာအဖြစ် သဘောထားနေသလို၊ မြန်မာဘက်ကလည်း တရုတ်ကို အင်အားကြီးတဲ့ အိမ်နီးချင်း၊ နယ်စပ် သူပုန်တွေကို ကိုင်တွယ်ထားပြီး မြန်မာပြည်တွင်းမှာ တရုတ်အကျိုးစီးပွားတွေ အကောင်အထည် ဖော်နိုင်အောင် လုပ်နေတယ်၊ မြန်မာ့ နိုင်ငံခြားရေး မူဝါဒကို သွယ်ဝိုက်တဲ့နည်းနဲ့ ထိန်းချုပ်ဖို့ ကြိုးစားနေတယ် ဆိုပြီး တစ်ဖက်နဲ့ တစ်ဖက် မယုံသင်္ကာ ဖြစ်နေကြတဲ့ အနေအထားမျိုး ရောက်နေကြတယ်လို့ ဆိုရင် မှားမယ် မဟုတ်ကြောင်းပါ။

တရုတ်- မြန်မာ ဆက်ဆံရေး ကောင်းနေသလား
please wait

No media source currently available

0:00 0:06:46 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG