သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်တွင်း ဆွေးနွေးမှုတွေကနေ တပ်မတော်ရဲ့ ရပ်တည်ချက် ကို ဘယ်လို ပုံဖော်မလဲ


ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတခုတွင်တွေ့ရသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တချို့။ (ဇန်နဝါရီ ၂၇၊ ၂၀၂၀) (ဓာတ်ပုံ - ပြည်ထောင်စုလွှတ်တော်ဖေ့စ်ဘုတ်)
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတခုတွင်တွေ့ရသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တချို့။ (ဇန်နဝါရီ ၂၇၊ ၂၀၂၀) (ဓာတ်ပုံ - ပြည်ထောင်စုလွှတ်တော်ဖေ့စ်ဘုတ်)
တိုက်ရိုက် လင့်ခ်


Zawgyi/ Unicode

ခုဆိုရင် ပြည်ထောင်စုလွှတ်တော်ထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေ မူကြမ်း တစ်ခုကို ဆွေးနွေးနေကြပါပြီ။ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုး ဘက်က တင်တဲ့ ပြင်ဆင်ရေး ဥပဒေမူကြမ်း ၅ ခု၊ အင်န်အယ်လ်ဒီ ဦးဆောင်တဲ့ ၄၅ ဦးကော်မတီက တင်တဲ့ ဥပဒေမူကြမ်း ၂ ခု၊ စုစုပေါင်း (၇) ခုကို ပေါင်းပြီး ဥပဒေမူကြမ်း တစ်ခုအဖြစ်၊ အပိုင်း ၂ ပိုင်းခွဲ တင်ထားတာကို ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ ဒီ အဆင့်ပြီးရင်တော့ ပြင်ဆင်ချက်မှာပါတဲ့ အချက် တစ်ချက်ခြင်းစီကို မဲခွဲ ဆုံးဖြတ် အတည်ပြုကြပါဦးမယ်။ နဂိုတုန်းက ဒီ ဥပဒေကြမ်းကို ဆွေးနွေးဖို့ လူစာရင်းတောင်းတဲ့အခါ တပ်မတော်သား ကိုယ်စားလှယ် အားလုံးနီးပါး အပါအဝင် ကိုယ်စားလှယ် စုစုပေါင်း ၂၈၂ ယောက် ဆွေးနွေးမယ် ဆိုပြီး စာရင်း တက်လာပါတယ်။ သိပ်များလွန်းတဲ့ အရည်အတွက်ဖြစ်နေတာကြောင့် လွှတ်တော်နာယက က ၁၄၉ ယောက်ကိုပဲ ဆွေးနွေးခွင့်ပြုခဲ့ပါတယ်။ အဲဒီအထဲမှာ အင်န်အယ်လ်ဒီ အမတ် အယောက် ၅၀၊ တပ်မတော်သား ကိုယ်စားလှယ် အယောက် ၅၀နဲ့ အခြား ပါတီအသီးသီးက အမတ် ၄၉ ယောက် ပါဝင်တာ တွေ့ရပါတယ်။ ခုဆိုရင် ဆွေးနွေးမှုတွေလည်း အတော် ခရီးရောက်ခဲ့ပါပြီ။ ဆွေးနွေးသူတွေထဲမှာ တပ်မတော်သားကိုယ်စားလှယ် အများကြီး ပါဝင်နေတာမို့ အဲဒီဆွေးနွေးချက်တွေထဲကနေ ဒီကနေ့ တပ်မတော်ခေါင်းဆောင်တွေရဲ့ နိုင်ငံရေးအရ ရပ်တည်ချက်၊ ၂၀၀၈ ဖွဲ့စည်းပုံ အပေါ် သဘောထားတွေကိုလည်း ထင်ထင်ရှားရှား မြင်လာရပါတယ်။ စစ်အာဏာရှင် စနစ်ကနေ အပြောင်းအလဲ လုပ်ခဲ့တာ ၉ နှစ်ကျော် ရှိလာတဲ့ ဒီနေ့ကာလ တပ်မတော်ရဲ့ ရပ်တည်ချက် ဘယ်လိုရှိနေသလဲ ဆိုတာ လေ့လာ တင်ပြသွားပါ့မယ်။

အခုလွှတ်တော်ထဲ ရောက်နေတဲ့ ဖွဲ့စည်းပုံပြင်ရေး ဥပဒေမူကြမ်းထဲမှာ အင်န်အယ်လ်ဒီ ဦးဆောင်တဲ့ ၄၅ ဦးကော်မတီဘက်က တင်ထားတဲ့ လာမယ့် တတိယ အကြိမ် လွှတ်တော် သက်တမ်း ကာလကစ တပ်မတော်သား ကိုယ်စားလှယ် ဦးရေကို ၁၅ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်း၊ ၂၀၃၀ ခုနှစ်အရောက်မှာ ၅ ရာခိုင်နှုန်းအထိ လျော့ချဖို့ အဆိုပြုချက်လည်း ပါဝင်ပါတယ်။ အဓိပ္ပါယ်ကတော့ လွှတ်တော်တွေအတွင်း တပ်မတော်သား ကိုယ်စားလှယ်တွေ ပါဝင်မှုကို ၁၀ နှစ်အတွင်း ၂၅ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိ လျော့ချဖို့ ရည်ရွယ်တာပါ။ လွှတ်တော်တွင်း ဆွေးနွေးချက်တွေအရ တပ်မတော် ခေါင်းဆောင်တွေဘက်က ဒီအချက်ပြင်ချင်တာကို ခါးခါးသီးသီး ငြင်းပယ်ပါတယ်။ အကြောင်းပြချက်ကတော့ နိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင်တွေ အရေး ရှိနေသေးတယ်၊ ဒီအရေးတွေကို ကိုင်တွယ် ဖြေရှင်းပြီးကာမှ၊ ငြိမ်းချမ်းရေး ရပြီးကာမှ တပ်မတော်ဟာ နိုင်ငံရေးကနေ ထွက်ခွာသွားမယ်၊ တနည်း လွှတ်တော်တွင်း အလိုအလျောက် ပါဝင်မှုကနေ ဆုတ်ခွာမယ်လို့ ဆိုပါတယ်။

နမူနာအားဖြင့်လည်း အင်ဒိုနီးရှားနိုင်ငံမှာ သမ္မတ ဆူဟာတို လက်ထက် တပ်မတော်သားတွေ လွှတ်တော်တွင်း ပါဝင်နေမှုကနေ တဖြေးဖြေး ဆုတ်ခွာသွားတာမျိုး လုပ်ခဲ့တယ်၊ အဲဒီအချိန် အင်ဒိုနီးရှားမှာ အာချေးပြည်နယ်မှာ သူပုန်ထ တာလောက်ပဲ ရှိတယ်၊ မြန်မာနိုင်ငံမှာကတော့ နိုင်ငံအနှံ့အပြားမှာ လက်နက်ကိုင် ပုန်ကန်မှုက ရှိနေတယ်၊ ဒီလို အခြေအနေမျိုးမှာ တပ်မတော်အနေနဲ့ နိုင်ငံရေးကနေ ထွက်ခွာသွားဖို့၊ လွှတ်တော်ထဲ ပါဝင်မှုကနေ ဆုတ်ခွာသွားဖို့ မဖြစ်နိုင်သေးဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးထက်လင်းက ၁၉၅၈၊ ၁၉၆၂၊ ၁၉၈၈ ခုနှစ်များမှာ တပ်မတော်က တိုင်းပြည်အာဏာရယူခဲ့ရတာကို မှန်ကန်ကြောင်း ပြောဆိုပြီး “လက်ရှိ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလဟာ ၉ နှစ်လောက်ပဲ ရှိသေးတယ်၊ ပြည်တွင်း လက်နက်ကိုင် သောင်းကျန်းမှုတွေ၊ ပြည်ပ ပရောဂနဲ့ ဝင်ရောက်စွက်ဖက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အကြမ်းဖက် သောင်းကျန်းမှုတွေ၊ တရားဥပဒေ စိုးမိုးရေးနဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေ ရှိနေပြီး နိုင်ငံတော်ဇ။် အချုပ်အခြာအာဏာကို ထိပါး စော်ကားရန် ကြံရွယ်လုပ်ဆောင်မှုများ ရှိနေတာ ထင်ထင်ရှားရှား တွေ့ရလို့” လို့ ဆိုပါတယ်။

သူက အဲလိုပြောရုံမက “ ဒီလို အခြေအနေမျိုးမှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များကို လျော့ချလိုက်မည် ဆိုပါက မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ပါတယ်။” ဆိုပြီး သတိပေးစကားတောင် ပြောဆိုခဲ့ပါတယ်။ သူပြောတဲ့ ဘေးထွက်ဆိုးကျိုးဆိုတာ ဘာကို ခေါ်တာလဲ၊ နောက်ထပ် တစ်ကြိမ် စစ်အာဏာသိမ်းမှုမျိုးလား ဆိုတာကိုတော့ ရှင်းပြမသွားခဲ့ပါဘူး။

လက်ရှိ အင်န်အယ်လ်ဒီ ဦးဆောင်တဲ့ ၄၅ ဦးကော်မတီဘက်က တင်လာတဲ့ ပြင်ဆင်၊ဖြည့်စွက်၊ ပယ်ဖျက် လိုတဲ့ အချက် ၁၁၄ ချက်ရှိပြီး အဲဒီထဲမှာ တပ်မတော်အခန်းကဏ္ဍကို လျော့ချမယ့် အချက် ၄၁ ချက်တောင် ပါနေတယ်လို့ အမျိုးသားလွှတ်တော် အမတ် ဗိုလ်ချုပ်ကြီးဟောင်း ဦးစိုးသိန်းက ထောက်ပြပါတယ်။ အဲဒီထဲမှာ “ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် လက်နက်ကိုင် တပ်ဖွဲ့အားလုံးဇ။် အကြီးအကဲ ဖြစ်သည်” ဆိုတဲ့အချက်ကို ပယ်ဖျက်ဖို့၊ “ နိုင်ငံတော်ဇ။် အမျိုးသား နိုင်ငံရေး အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ရေး တို့ကို အစဉ်တစိုက် ဦးတည်သည်” ဆိုတဲ့အချက်မှာ “ ပြည်သူ့ဆန္ဒနဲ့ အညီ” ဆိုတာကို ဖြည့်စွက်ဖို့ ဆိုတာမျိုးလည်း ပါဝင်ပါတယ်။ ဒါတွေကို လက်မခံနိုင်ကြောင်း တပ်မတော်သား အမတ်တွေက ဆွေးနွေး တင်ပြကြပါတယ်။

တပ်မတော်သား ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး မိုးမြင့်အောင်က ပြည်ခိုင်ဖြိုးဘက်က တင်ထားတဲ့ ကာလုံလို့ခေါ်တဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ရဲ့ လုပ်ပိုင်ခွင့် တိုးချဲ့ဖို့ ကိစ္စကို ထောက်ခံဆွေးနွေးရင်း “ မြန်မာနိုင်ငံ အချက်အလက် ရှာဖွေရေး အဖွဲ့ဇ။် အစီရင်ခံစာများ၊ ရခိုင်ပြည်နယ် အရေးကိစ္စကို ICC က တရားစီရင်ရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် တင်ပြခဲ့သည့် ကိစ္စ၊ ICJ သို့ မြန်မာနိုင်ငံက တက်ရောက် ရှင်းလင်းသည့်ကိစ္စ စသည့် နိုင်ငံအတွက် အလွန်အရေးပါတဲ့ ကိစ္စများ မတိုင်ခင်မှာ ကောင်စီနဲ့ ညှိနှိုင်းဆွေးနွေးသင့်သော်လည်း လုပ်ဆောင်မှု မရှိခဲ့တာကိုလည်း တွေ့ရှိရပါတယ်။” လို့ ဆိုပါတယ်။ အဓိပ္ပါယ်ကတော့ တပ်မတော်ခေါင်းဆောင်တွေဟာ ရွေးကောက်ခံ အစိုးရက ၂၀၀၈ ဖွဲ့စည်းပုံအတိုင်း စီမံခန့်ခွဲ အုပ်ချုပ်နေသည့်တိုင် ဒါကို ကျေနပ်မှု မရှိသေးတဲ့ သဘောထားမျိုး ရှိနေတာ တွေ့မြင်ကြရပါတယ်။

ဖေဖေါ်ဝါရီ ၂၇ လွှတ်တော်တွင်း ဆွေးနွေးမှု နောက်ဆုံး ဆက်ရှင်မှာတော့ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တစ်ယောက်က မိုက်တောင်းလို့ လွှတ်တော်နာယက က မိုက်ပေးပါတယ်။ မိုက်ရတဲ့အခါ အဲဒီ ဗိုလ်မှူးချုပ်က ၂၀၀၈ ဖွဲ့စည်းပုံ ဆိုတာကို ဘယ်သူတွေပါဝင်ပြီး ဘယ်လို ရေးဆွဲ၊ ဘယ်လို ပေါ်ပေါက်လာတဲ့အကြောင်း၊ အဲဒီ ဖွဲ့စည်းပုံကို နိုင်ငံသား ဘယ်နှစ်သန်း၊ ရာခိုင်နှုန်း ဘယ်လောက်က မဲပေးလို့ အတည်ဖြစ်ခဲ့ကြောင်း စသဖြင့် ရှည်လျားစွာ ပြောဆိုပါတယ်။ လွှတ်တော်နာယက က အဲလို ပြောဆိုမှုဟာ လွှတ်တော်တွင်း ဆွေးနွေးချက်တွေနဲ့ မဆိုင်၊ ကန့်ကွက်မှုလည်း မဟုတ်တဲ့အတွက် မပြောဆိုဖို့ တားမြစ်ပါတယ်။ တားမြစ်ပြီး မိုက်ကို ပိတ်လိုက်ပေမယ့်လည်း တပ်မတော်သား ကိုယ်စားလှယ်ကတော့ အသံကို အကျယ်ဆုံးမြှင့်ပြီး သူပြောချင်တာကို ဆက်ပြောခဲ့ပါတယ်။ ဒီမြင်ကွင်းကိုကြည့်ရင် ဖွဲ့စည်းပုံပါ “ တပ်မတော်သည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်။” ဆိုတာကို အကောင်အထည် ဖော်နေသလား လို့ ထင်မှတ်ရစေပါတယ်။ လွှတ်တော်တွင်း တပ်မတော်သားတွေရဲ့ ဆွေးနွေးချက်ကို ခြုံငုံသုံးသပ်ကြည့်ရင် တပ်မတော်ဟာ နိုင်ငံရေးမှာ ပါဝင်နေရာကနေ ဆုတ်ခွာသွားဖို့ လုံး၀ အစီအစဉ် မရှိသေးဘူး ဆိုတာကို ပြသနေပါတယ်။ ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံကို ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ပုံသဏ္ဍာန်နဲ့ ကိုက်ညီမယ့် ဖွဲ့စည်းပုံအဖြစ် ပြင်ဆင်ဖို့ကိုလည်း ဆန္ဒမရှိသေးဘူး ဆိုတာ ပြသနေပါကြောင်း တင်ပြလိုက်ရပါတယ်။

----------------



XS
SM
MD
LG