သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး ပြင်ဆင်ထားမှု လုံလောက်ပါရဲ့လား


ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်မှုကြောင့် ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကနေ မြန်မာဘက်ကို ပြန်လာနေတဲ့ ရွှေ့ပြောင်းအလုပ်သမားများ (ဓါတ်ပုံ သန့်ဇင်အောင်)
ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်မှုကြောင့် ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကနေ မြန်မာဘက်ကို ပြန်လာနေတဲ့ ရွှေ့ပြောင်းအလုပ်သမားများ (ဓါတ်ပုံ သန့်ဇင်အောင်)
တိုက်ရိုက် လင့်ခ်

Zawgyi/ Unicode

အခုဆိုရင် ကမ္ဘာနဲ့အဝှမ်း COVID- 19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ပြန့်ပွားမှု မြင့်တက်နေပြီး ကူးစက်ခံရသူနဲ့ သေဆုံးသူ အရည်အတွက် တနေ့တခြား မြင့်တက်လာနေတာ တွေ့ရှိရပါတယ်။ မတ်လ ၂၀ ရက်နေ့အထိ သတင်းတွေအရ ဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၂ သိန်းခွဲ နီးပါး ရောက်လာပြီး သေဆုံးသူလည်း တစ်သောင်းကျော်သွားခဲ့ပါပြီ။ နိုင်ငံတိုင်းလိုလိုကတော့ ဗိုင်းရပ်စ် ကူးစက်ခံရမှု ကာကွယ်ရေး ကိစ္စတွေ၊ ရောဂါ ကုသရေး ကိစ္စတွေ၊ ဒီ ကပ်ဘေးကြောင့် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို ဖြေရှင်းဖို့ လုပ်ကိုင်နေကြပါပြီ။ လက်ရှိ အချိန်ထိ ကမ္ဘာ့ နိုင်ငံနဲ့ ဒေသ ၁၈၀ လောက်မှာ ဗိုင်းရပ်စ် ကူးစက်မှု တွေ့ရှိထားပြီ ဖြစ်ပေမယ့် အဲဒီ စာရင်းထဲ မြန်မာနိုင်ငံ ပါဝင်ခြင်း မရှိသေးပါဘူး။ ဗိုင်းရပ်စ် ကူးစက်ခံရသူ မတွေ့ရသေးပေမယ့် အခြား အစိုးရတွေနည်းတူ မြန်မာ အစိုးရကလည်း ကာကွယ်ရေး လုပ်ငန်းတွေ၊ ကပ်ဘေးကြောင့် ပေါ်ပေါက်လာမယ့် စီးပွားရေးနဲ့ လူမှုရေး အပေါ် ဂယက်ရိုက်ခတ်မှုတွေကို တုန့်ပြန်တဲ့ လုပ်ငန်းတွေ အဆက်မပြတ် လုပ်ကိုင်နေတာ တွေ့ရပါတယ်။ မြန်မာ အစိုးရ ဘာတွေ လုပ်ကိုင်နေသလဲ၊ အဲဒီ လုပ်ကိုင်နေမှုတွေဟာ လုံလောက်မှု ရှိပါရဲ့လား ဆိုတာ လေ့လာ တင်ပြသွားပါ့မယ်။
အခြားသော နိုင်ငံတွေနည်းတူ မြန်မာ အစိုးရ ပထမဦးဆုံး ကိုင်တွယ်တာက လူစုလူဝေး မလုပ်ကြဖို့ တားမြစ်တာပါ။ အခုဆိုရင် မြန်မာနိုင်ငံတစ်ဝှမ်းက မန်းရွှေစက်တော်၊ ကျိုက်ထီးရိုး စေတီ အပါအဝင် အလွန်စည်ကားတဲ့ ဘုရားပွဲကြီးတွေကို ပိတ်သိမ်းလိုက်ပါပြီ။ လူစုလူဝေးတွေ မလုပ်ကြဖို့ အစိုးရက ပေါ်လစီ ချမှတ်ထားပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးကနေ သူ့ဝန်ကြီးဌာနအလိုက် ညွှန်ကြားချက် အသီးသီး ထုတ်ပြန် အကောင်အထည် ဖော်နေတာ တွေ့ရပါတယ်။ သင်္ကြန်ပွဲတော် မကျင်းပတော့ဖို့၊ ရုပ်ရှင်ရုံတွေကို ရပ်နားထားဖို့ ညွှန်ကြားခဲ့ရုံမက မူကြိုကျောင်းတွေ၊ သင်တန်းတွေ ပိတ်သိမ်းထားဖို့လည်း ညွှန်ကြားထားပါတယ်။ အခြေခံ ပညာအဆင့် ကျောင်းတွေ စာမေးပွဲပြီးလို့ နွေရာသီကျောင်းပိတ်ရက် ကာလ ရောက်နေပြီး တက္ကသိုလ် ကောလိပ်တွေကလည်း နှစ်ဝက် စာမေးပွဲပြီးဆုံးရင် ကျောင်းပိတ်ရက် စပါတော့မယ်။ နိုက်ကလပ်တွေ၊ ဘားတွေ ပိတ်သိမ်းဖို့ ညွှန်ကြားချက် ထုတ်ထားသလို၊ သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာတွေမှာ တရားပွဲတွေ၊ စာပေ ဟောပြောပွဲတွေ မကျင်းပဖို့ တားမြစ်ထားပါတယ်။
နိုင်ငံတကာ အင်န်ဂျီအို တစ်ချို့ကတော့ ရုံးတွေ ပိတ်ထားပြီး အိမ်တွေကနေ အလုပ်လုပ်တဲ့ စနစ် စ အကောင်အထည် ဖော်နေပါပြီ။ ဒါပေမယ့် လူစုလူဝေးနဲ့ အလုပ်လုပ်နေကြတဲ့ ကုမ္ပဏီတွေ၊ အထည်ချုပ်လုပ်ငန်းလို အလုပ်ရုံ၊ စက်ရုံတွေ အများကြီး ကျန်နေပါသေးတယ်။ အဲဒါတွေ အတွက်ကိုတော့ တိကျတဲ့ လမ်းညွှန်ချက် ထွက်ပေါ်လာတာ မတွေ့ရသေးပါဘူး။ အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ပြည်တွင်းမှာ ပိုင်ပိုင်နိုင်နိုင် တားဆီးနိုင်ခဲ့တဲ့ တရုတ်၊ ကိုရီးယား နိုင်ငံတွေနည်းတူ ပြည်ပကနေ ဝင်ရောက်လာမယ့် သူတွေကနေ ဗိုင်းရပ်စ်ပိုး ပါလာမယ့် အရေး ပို အာရုံစိုက်ဖို့ လိုလာပါပြီ။ အစိုးရကတော့ ဗိုင်းရပ်စ် အကြီးအကျယ် ကူးစက်နေတဲ့၊ ကူးစက်ခဲ့တဲ့ နိုင်ငံတွေက ဝင်လာမယ့်သူတွေကို ၁၄ ရက် စောင့်ကြည့်စနစ် စတင်အကောင်အထည် ဖော်နေပါပြီ။ နယ်စပ်တွေကနေ တရားဝင် ဗီဇာနဲ့ ဝင်ရောက်ခွင့် ပိတ်ပင်လိုက်ပြီး ဖြစ်သလို၊ အဲဒီ နယ်စပ်ဂိတ်ပေါက်တွေကနေ အိမ်နီးချင်း နိုင်ငံသားတွေကလွဲပြီး အခြားနိုင်ငံသားတွေ ဝင်ရောက်လည်ပတ်တာကိုလည်း တားမြစ်ထားပြီးပါပြီ။
ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ ကူးစက်မှုကို တုန့်ပြန်ရာမှာ ပြည်သူလူထုရဲ့ အသိဉာဏ်ရေချိန် နဲ့ ပူးပေါင်းပါဝင်မှုက အရေးကြီးတယ် ဆိုတာ တရုတ်၊ ကိုရီးယားလို နိုင်ငံတွေက သက်သေပြနေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံထဲမှာလည်း ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ အသိပညာပေးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်နေသလို၊ သတင်းထုတ်ပြန်မှုတွေကိုလည်း ဘယ်အချိန်တုန်းကနဲ့မှ မတူအောင် ဖြန့်ချီပေးနေတာ တွေ့ရပါတယ်။ ဒီ ကိစ္စမှာတော့ အစိုးရ မီဒီယာတွေတင်မက ပုဂ္ဂလိက မီဒီယာတွေဘက်ကပါ တာဝန်ကျေအောင် ကြိုးစားနေကြတာ တွေ့ရပါတယ်။
နောက်ထပ် အရေးကြီးတာ တစ်ချက်ကတော့ ဗိုင်းရပ်စ်ပိုး တွေ့တဲ့ လူနာတွေ ရှိလာခဲ့ရင် ပြုစုကုသဖို့ ကြိုတင်ပြင်ဆင်ထားမှုပါ။ အခုဆိုရင် ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ သံသယ လူနာနဲ့ ပိုးတွေ့လူနာတွေ ရှိခဲ့ရင် ကုသမှုပေးဖို့ ရန်ကုန်မှာ ဝေဘာဂီဆေးရုံ၊ မန္တလေးမှာ ကန်တော်နဒီ ဆေးရုံတွေ သီးခြားထားရှိပါတယ်။ တကယ်ဖြစ်လာရင် ဟိုတယ်တွေကိုပဲ အသွင်ပြောင်းမလား၊ စာသင်ကျောင်းတွေကိုပဲ အသုံးပြုမလား အာဏာပိုင်တွေဘက်က ဆုံးဖြတ်တာ၊ ပြင်ဆင်တာ မတွေ့ကြရသေးပါဘူး။ အခြားမြို့နယ်တွေမှာတော့ ဆေးရုံသီးသန့်ရယ်လို့ မဟုတ်ပဲ ပြည်သူ့ဆေးရုံတွေရဲ့ အဆောင် တစ်ခုခုမှာပဲ ခွဲခြား စောင့်ကြည့်တာမျိုး လုပ်နေတာ တွေ့ကြရပါတယ်။
ဒီနေရာမှာ ဧရာဝတီတိုင်း ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ် ကနေ သတင်းမီဒီယာတွေကို ပြောထားတဲ့ စကား မှတ်သားဖို့ ကောင်းပါတယ်။ သူက တကယ်လို့များ ကိုရိုနာ ဗိုင်းရပ်စ် လူနာသာ တွေ့ခဲ့ရင် တစ်ဦးစီ သီးသန့်ထား ကုရမယ်၊ အဲလို ကုမယ်ဆိုရင် တစ်ဦးချင်းစီ အတွက် အောက်စီဂျင်ပေးစက်၊ အကြောဆေးသွင်းစက်၊ ဆေးထိုးစက် စတာတွေ လိုအပ်လာလိမ့်မယ်၊ သူ့ဆေးရုံကြီးမှာ အဲလို ဗိုင်းရပ်စ် ကုဖို့ စက်ဟာ လူနာတစ်ယောက်စာပဲ ရှိတဲ့အတွက် နောက်ထပ ်၆ ယောက် ၇ ယောက်စာလောက် ရဖို့ အလှူခံဖို့ လိုနေတယ် ဆိုပြီး ပြောပြပါတယ်။ တကယ်တော့ ဒေါက်တာသန်းမင်းထွဋ် ပြောတဲ့ လိုအပ်ချက် ဆိုတာဟာ ပုသိမ်ဆေးရုံ တစ်ခုထဲမှာပဲ လိုတဲ့ လိုအပ်ချက်မျိုးတော့ မဟုတ်ပါဘူး။ ရန်ကုန်၊ မန္တလေး နဲ့ အခြားသော ဆေးရုံတွေမှာ လက်ရှိ ပုံမှန်ကုသပေးနေတဲ့ လူနာတွေ အတွက်လောက်ပဲ အဲလို စက်မျိုး ရှိကြတာပါ။ အခု ကိုရိုနာဗိုင်းရပ်စ် ကုသမှု လုပ်ရတော့မယ် ဆိုရင် စက်တွေရော၊ အခြားသော ဆေးရုံသုံး ပစ္စည်းတွေပါ အများကြီး လိုအပ်မှာ ဖြစ်ပါတယ်။ အသက်ရှူစက် တစ်လုံးကိုပဲ ကျပ်သိန်း ၂၀၀ လောက် ပေးရတဲ့ အခြေအနေအောက်မှာ မြန်မာနိုင်ငံအနေနဲ့ အဲလို လိုအပ်တဲ့ အထောက်အကူ ပစ္စည်းတွေ လုံလောက်အောင် ဖြည့်တင်းဖို့ မလွယ်ကူနိုင်ပါဘူး။ ခုကိုပဲ သူဌေးကြီးတွေ၊ လူပုဂ္ဂိုလ်တွေကနေ စက်ဝယ်လှူတာ၊ ခွဲစိတ်ခန်းသုံး ဝတ်စုံတွေ ဝယ်လှူတာ လုပ်နေကြရပါပြီ။ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးအပေါ် ရိုက်ခတ်လာနိုင်တာနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်း ဦးဆောင်တဲ့ ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်နေတာ တွေ့ကြရပါတယ်။ အစိုးရအနေနဲ့ နိုင်ငံတော် လှည့်ပတ် ရံပုံငွေကနေ ကျပ်ငွေ ဘီလျံ ၅၀၊ လူမှုဖူလှုံရေး ရံပုံငွေကနေ ကျပ်ငွေ ဘီလျံ ၅၀၊ စုစုပေါင်း ဒေါ်လာ သန်း ၇၀ လောက်နဲ့ ညီမျှတဲ့ ကျပ် ဘီလျံ ၁၀၀ နဲ့ Covid 19 Fund ထူထောင်ထားတယ် လို့ သိရပါတယ်။ အခု ဒီ ငွေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အများဆုံး ထိခိုက်ခံစားရမယ့် CMP လုပ်ငန်းတွေ၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ၊ အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေကို အတိုးနှုန်း တစ်ရာခိုင်နှုန်းလောက်ပဲ ယူပြီး တစ်နှစ်တာ ကာလ အတွက် ငွေထုတ်ချေးမယ်လို့ ကြေငြာပါတယ်။ ထိခိုက်ခံစားရမယ့် အခြားသော စီးပွားရေး လုပ်ငန်းရှင်တွေကို အခွန်အကောက် ဖြေလျော့တာ၊ ပို့ကုန်လုပ်ငန်းရှင်တွေကိုလည်း ကြိုတင်ကောက်ခံတဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ပေးမယ်လို့ ဆိုပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ် ပြသနာနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ အနေနဲ့ လုပ်နိုင်သမျှ အစွမ်းကုန် လုပ်နေတယ် ဆိုတာကိုတော့ ယုံမှားသံသယ ဖြစ်စရာ မရှိပါဘူး။ ဒါပေမယ့် ဆင်းရဲတဲ့ မြန်မာနိုင်ငံ၊ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်နိမ့်တဲ့ နိုင်ငံ တစ်နိုင်ငံ အနေနဲ့ ကျန်းမာရေး ဝန်ကြီးဌာနက နှိုးဆော်ထားသလို “ မြန်မာနိုင်ငံတွင်လည်း ရောဂါဖြစ်ပွားသူ အများအပြား ရုတ်တရက် တပြိုင်နက် တွေ့ရှိလာနိုင်တယ်” ဆိုတဲ့ အချက်နဲ့ ကြည့်ရင် ပြင်ဆင်ထားမှုတွေ မလုံလောက်သေးတာ တွေ့နိုင်ပါတယ်။ ဗိုင်းရပ်စ် ပိုးတွေ့ လူနာတွေ ရှိလာရင် ကုသဖို့ ဆေးဘက်ဆိုင်ရာ အထောက်အကူ ပစ္စည်းတွေ မလုံလောက်သလို၊ ပြည်သူလူထု အတွက် အမြောက်အများ လိုအပ်မယ့် တခါသုံး မတ်စ် လို ပစ္စည်းမျိုးတွေလည်း မလုံလောက်ပါဘူး။ ဒါ့အပြင် စီးပွားရေးဆိုင်ရာ ထိခိုက်နစ်နာမှုတွေ အတွက် ကုစားဖို့ အစီအမံတွေ မပြည့်စုံသေးသလို၊ မတည်ရံပုံငွေ ဒေါ်လာသန်း ၇၀ လောက် ဆိုတဲ့ ငွေပမာဏကလည်း အလွန် နည်းနေသေးပါကြောင်း တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။

မှတ်ချက်။ ။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ သုံးဦးရှိနေပြီဖြစ်ပါတယ်။

----------------




XS
SM
MD
LG