Zawgyi/Unicode
ရခိုင်ပြည်နယ်က မူဆလင် သန်းတစ်ဝက်ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးကြတဲ့ ကိစ္စနဲ့ ဆက်စပ်ပြီး အစ္စလာမ္မစ်နိုင်ငံများ အဖွဲ့ OIC ကိုယ်စား ဂမ်ဘီယာ နိုင်ငံကနေ မြန်မာနိုင်ငံအနေနဲ့ ကိုယ်တိုင်လက်မှတ်ရေးထိုးထားတဲ့ Genocide ကွန်ဗင်းရှင်းလို့ ခေါ်တဲ့ “ကုလသမဂ္ဂ၊ လူမျိုးတုံး သတ်ဖြတ်မှုကို တားဆီးရေးနှင့် အရေးယူ အပြစ်ပေးရေးဆိုင်ရာ ကွန်ဗင်းရှင်း”ကို လိုက်နာမှု မရှိဘူး ဆိုတဲ့ စွပ်စွဲချက်နဲ့ ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ တရားစွဲဆိုထားပါတယ်။ ဒီတရားစွဲဆိုမှုဟာ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့ကို စွဲဆိုတာမျိုး မဟုတ်ပဲ နိုင်ငံကို စွဲဆိုတာ ဖြစ်လေတော့ မြန်မာနိုင်ငံကိုယ်စား နိုင်ငံတော်ဇ။် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ပြီး ICJ တရားရုံးမှာ သွားရောက် ရင်ဆိုင်မယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက် ဖြေရှင်းမယ့်ကိစ္စ သူ့ဘက်က ရပ်တည်နေပါတယ်၊ သူ့ကို ထောက်ခံနေပါတယ် ဆိုပြီး မြို့နယ် တစ်ချို့မှာ ထောက်ခံပွဲတွေ ပြုလုပ်နေကြပါပြီ။ အလားတူ အဲဒီလို ICJ မှာ တရားစွဲဆိုခံထားရတဲ့ကိစ္စကို တနိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကလည်း ဆွေးနွေးကြပါတယ်။ ဒါဟာ နိုင်ငံ့အရေး၊ ပြည်ထောင်စုအရေး ဖြစ်တာကြောင့် သူတို့အနေနဲ့ မြန်မာအစိုးရကနေ ICJ တရားရုံးမှာ သွားပြီး ဖြေရှင်းမယ့် ကိစ္စကို တတ်နိုင်သလောက် ကူညီမယ်လို့ သဘောထား ထုတ်ပြန်ပါတယ်။ ဒီအထဲ ထူးခြားတာ တစ်ခုကတော့ ကိုးကန့်၊ တအာဲန်း ပလောင် နဲ့ ရခိုင် AA လက်နက်ကိုင် ၃ ဖွဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့က ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်ပါပဲ။ အဲဒီကြေညာချက်ထဲမှာတော့ လက်ရှိ နိုင်ငံတကာမှာ မြန်မာ့တပ်မတော် အပေါ် တရားစွဲထားတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး သူတို့ အဖွဲ့တွေ အနေနဲ့ လုံး၀ ထောက်ခံတယ်၊ အဲဒီက တရားစွဲသူတွေကိုလည်း အထောက်အထား အချက်အလက်တွေ ပေးပြီး ပူးပေါင်းဆောင်ရွက်သွားဖို့ အမြဲတန်း အဆင်သင့်ဖြစ်နေတဲ့အကြောင်း ထုတ်ပြန်ကြေငြာထားတာ တွေ့ရပါတယ်။ လက်နက်ကိုင် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ကြေငြာချက်မှာ ဘာတွေ ပါသလဲ၊ ဒါဟာ အမျှော်အမြင်ရှိတဲ့ ကြေငြာချက် ဖြစ်ပါရဲ့လား ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။
လက်နက်ကိုင် ၃ ဖွဲ့ရဲ့ ကြေညာချက် ပထမ အပိုဒ်မှာ နိုင်ငံတကာမှာ တရားစွဲခံရတဲ့ ဖြစ်စဉ် ၃ ခုကို တန်းစီ ဖော်ပြထားပေမယ့် တစ်မှုချင်းစီကိုတော့ သီးခြား ဖော်ပြထားတာ မတွေ့ရပါဘူး။ တကယ်တော့ ကြေငြာချက် ထဲမှာ ဖော်ပြထားတဲ့ အရေးယူမှု ၃ ခုဟာ တစ်ခုနဲ့ တစ်ခု သဘောသဘာဝခြင်း မတူညီပါဘူး။ ICC နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးကိစ္စကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ပြသနာတွေမှာ မြန်မာ့တပ်မတော်က ရာဇဝတ်မှု ကျူးလွန်တာမျိုး ရှိမရှိ စုံစမ်းစစ်ဆေးဖို့ ခွင့်ပြုပေးလိုက်တဲ့ အခြေအနေပါ။ International Jurisdiction နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်မူအရ အာဂျင်တီးနားနိုင်ငံမှာ အမှုဖွင့်ထားတာက ရိုဟင်ဂျာ အရေးလှုပ်ရှားသူတွေကနေ မြန်မာနိုင်ငံ သမ္မတတွေ ဖြစ်ခဲ့ကြတဲ့ သမ္မတဟောင်း ဦးသိန်းစိန်၊ ဦးထင်ကျော် နဲ့ လက်ရှိသမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ဘက်ခေါင်းဆောင်တွေကို ရိုဟင်ဂျာတွေ အပေါ် ရာဇဝတ်မှု ကျူးလွန်ခဲ့တယ် ဆိုပြီး ဖွင့်ထားတဲ့ အမှုပါ။
ဂမ်ဘီယာနိုင်ငံက ICJ မှာ စွဲဆိုတာကတော့ မြန်မာနိုင်ငံကို ဖြစ်ပါတယ်။ လက်နက်ကိုင် ၃ ဖွဲ့ရဲ့ ကြေငြာချက်မှာ မြန်မာ့တပ်မတော်ကိုပဲ သီးသန့် ရည်ညွှန်းဖော်ပြခဲ့ပေမယ့် အမှု ၃ ခုလုံးက တရားစွဲဆိုမှုတွေကို အပြည့်အ၀ ထောက်ခံတယ်လို့ ဆိုလိုက်တဲ့အတွက် တပ်မတော် တင်မက ရွေးကောက်ခံ သမ္မတတွေ၊ ဒေါ်အောင်ဆန်းစုကြည်လို လူထု ခေါင်းဆောင်အပါအဝင် နိုင်ငံကို တရားစွဲတာကိုပါ ထောက်ခံလိုက်တဲ့ သဘော သက်ရောက်နေပါတယ်။
ထုတ်ပြန်ချက် ဒုတိယ အပိုဒ်မှာတော့ နှစ် ၇၀ ကျော်ကြာ ပြည်တွင်းစစ်အတွင်း မြန်မာ့တပ်မတော်ကို စစ်ရာဇဝတ်မှု အမျိုးမျိုး ကျူးလွန်ခဲ့တယ် ဆိုပြီး စွပ်စွဲထားပါတယ်။ ပြည်တွင်းစစ်အတွင်း မြန်မာ့တပ်မတော်က စစ်ရာဇဝတ်မှုတွေ ကျူးလွန်တယ်၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ လုပ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်ဟာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။
နှစ် ၇၀ ကျော် ပြည်တွင်းစစ်ကာလ အတွင်း မြန်မာ့တပ်မတော်ဘက်ကရော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အပါအဝင် တောတွင်းလက်နက်ကိုင် အဖွဲ့တွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေဆိုတာ ပြောမဆုံးနိုင်အောင် ရှိခဲ့၊ ရှိနေဆဲ ဖြစ်ပါတယ်။ ဒါတွေ ပြောဆိုနေရုံနဲ့ တိုင်းရင်းသားတွေ လိုချင်နေတဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖက်ဒရယ် ပြည်ထောင်စု ရလာလိမ့်မယ်လို့ မမျှော်လင့်နိုင်ပါဘူး။
ထုတ်ပြန်ချက်ရဲ့ အဓိက အားနည်းချက်ကတော့ လက်ရှိ မြန်မာနိုင်ငံမှာ ရွေးကောက်ခံ အစိုးရနဲ့ အစိုးရလက်အောက်မှာ ရောက်မနေတဲ့ တပ်မတော် ဆိုပြီး အင်အားစု နှစ်ခု ရှိနေတယ် ဆိုတာကို ခွဲခြား မထားတာပါပဲ။ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရ ဆိုတာဟာ အရင် စစ်အာဏာရှင်တွေခေတ်က အဖိနှိပ်ခံ ဖြစ်ခဲ့ပြီး ပြည်သူလူထု တခဲနက် ရွေးချယ်တင်မြှောက်မှုကြောင့် ၂၀၁၆ ခုနှစ်မှ တက်လာတဲ့ အစိုးရ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ပြည်တွင်းစစ် အတွင်း စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ အဖွဲ့အစည်း မဟုတ်သလို၊ လက်ရှိ နိုင်ငံတကာ အသိုင်းအဝိုင်းက ကြီးမားတဲ့ ဖိအားကြီး ပေးနေတဲ့ ရခိုင်ပြည်နယ်က မူဆလင်တွေ ထွက်ပြေးရတဲ့ ပြသနာကို ဖန်တီးသူ၊ စတင်သူ၊ ပြုလုပ်သူလည်း မဟုတ်ခဲ့ပါဘူး။ အဲဒါနဲ့ ခြားနားပြီး ပြည်တွင်း စစ်ရပ်စဲအောင် ကြိုးစားနေသူ၊ ရခိုင်ပြည်နယ်က ပြသနာ ပြေလည်အောင် လုပ်နေသူ၊ ငြိမ်းချမ်းရေးရအောင်၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်အောင် ကြိုးစားနေသူတွေသာ ဖြစ်ပါတယ်။ အဲလို အစိုးရမျိုးကို မြန်မာ့တပ်မတော်နဲ့ တစ်တန်းတည်းထားပြီး စစ်ရာဇဝတ်မှုတွေ အတွက် တာဝန်ခံခိုင်းတာမျိုးဟာ မှန်ကန်တဲ့ သဘောထားလို့ မဆိုနိုင်ပါဘူး။
နောက်တစ်ခုကတော့ နိုင်ငံကို၊ တနည်းအားဖြင့် အစိုးရကနေ Genocide လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တယ် ဆိုတဲ့ စွပ်စွဲမှုကို ထုတ်ပြန်ချက်မှာ ထောက်ခံထားတဲ့ ကိစ္စပါ။ Genocide လုပ်တယ်ဆိုတာ အလွန့်အလွန်ကြီးမားတဲ့ ရာဇဝတ်မှုကြီးပါ။ ဒီစကားလုံး ကိုယ်တိုင် ဒုတိယ ကမ္ဘာစစ်အတွင်း နာဇီဂျာမဏီကနေ ဂျူးလူမျိုး ၆ သန်းကျော်ကို သတ်ဖြတ်ပြီး ကျူးလွန်ခဲ့တဲ့ ရက်စက်တဲ့ ရာဇဝတ်မှုကြီးကနေ ပေါ်ပေါက်လာတာပါ။ မြန်မာ့တပ်မတော်ဟာ စစ်ရာဇဝတ်မှု အပါအဝင် ရာဇဝတ်မှုတွေ မကျူးလွန်ပါဘူးလို့ ဘယ်သူကမှ မျက်စေ့မှိတ် ငြင်းနေတာမျိုး မရှိပါဘူး။ ဒါပေမယ့် အဲဒါတွေဟာ Genocide အဆင့်မဟုတ်ပါဘူး၊ တနည်းအားဖြင့် လက်ရှိ အစိုးရဟာ တပ်မတော်က Genocide လုပ်နေတာကို အကာအကွယ်ပေးနေတဲ့ အစိုးရ မဟုတ်ပါဘူး ဆိုတာကိုပဲ ငြင်းချက်ထုတ်၊ ICJ တရားရုံးမှာ ရင်ဆိုင် ဖြေရှင်းဖို့ ပြင်ဆင်နေကြတာပါ။
ဒါကြောင့် လက်နက်ကိုင် ၃ ဖွဲ့ရဲ့ ရပ်တည်ချက်ဟာ အစိုးရနဲ့ မြန်မာနိုင်ငံသား အများစုကြီးရဲ့ ရပ်တည်ချက်၊ NCA အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား အဖွဲ့တွေရဲ့ ရပ်တည်ချက်တွေနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာ တွေ့မြင်ရပါတယ်။ တကယ်တော့ အဲဒီ လက်နက်ကိုင် ၃ ဖွဲ့ဟာ ပြည်တွင်းငြိမ်းချမ်းရေး ပြသနာဖြေရှင်းရာမှာ အိမ်နီးချင်း တရုတ်နိုင်ငံ ထဲထဲဝင်ဝင် ပါဝင်ရေး အမြဲတစေ တောင်းဆိုနေတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။ အခုလည်း နိုင်ငံကို ထိခိုက်ကျရှုံးအောင် လုပ်နေတဲ့ ပြည်ပနိုင်ငံ၊ ပြည်ပ အင်အားစုတွေနဲ့ ပူးပေါင်းမယ် ဆိုပြီး ထုတ်ပြန်ထားတာမို့ အတော့်ကို အန္တရာယ်များတဲ့ ရပ်တည်ချက် အဖြစ် ရှုမြင်နိုင်ပါတယ်။ အဲဒီ ထုတ်ပြန်ချက်ထဲမှာ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ် တည်ဆောက်ရေး ဆိုင်ရာ မျှော်မှန်းချက်၊ ထင်ဟပ်ချက် တစ်စုံတစ်ရာလဲ မတွေ့ရကြောင်းပါ။
----------------------------