သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းပြည် အဘက်ဘက်က ယိုယွင်း ကျဆင်းနေပြီတဲ့လား


မြန်မာ လွှတ်တော်တွင်းက ၂၅% စစ်တပ်ကိုယ်စားလှယ်များ
မြန်မာ လွှတ်တော်တွင်းက ၂၅% စစ်တပ်ကိုယ်စားလှယ်များ

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်နေ့က ပြည်ခိုင်ဖြိုး အပါအဝင် နိုင်ငံရေးပါတီ ၂၄ ပါတီက ခေါင်းဆောင်တွေ လက်မှတ်ရေးထိုးပြီး နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီ လိပ်မူထားတဲ့အိပ်ဖွင့်ပေးစာ တစ်စောင် ရေးသားပေးပို့လိုက်ကြပါတယ်။ ပုံမှန်အားဖြင့် ပြည်ခိုင်ဖြိုးပါတီနဲ့ သူ့ရဲ့ မိတ်ဖက် ပါတီ တစ်ချို့ ခုလိုပဲ ကြေငြာချက်ထုတ်တာ၊ နိုင်ငံတော် သမ္မတ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နဲ့ တွေ့ဆုံခွင့် တောင်းတာ စတာတွေ မကြာခဏ လုပ်လေ့ရှိပေမယ့် ခုတစ်ကြိမ် သမ္မတ နဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီ လိပ်မူတဲ့ အိပ်ဖွင့်ပေးစာမှာတော့ “ အဘက်ဘက်မှ ယိုယွင်းကျဆင်းလာနေသော နိုင်ငံတော်ဇ။် အခြေအနေ အရပ်ရပ်ကို ဝိုင်းဝန်း အဖြေရှာ ပြုပြင်နိုင်ရေး အတွက်” ဆိုပြီး ခေါင်းစဉ် တပ်ထားလေတော့ ပိုအလေးအနက်ပြုရမလိုဖြစ်လာပါတယ်။

မြန်မာနိုင်ငံရေးသမိုင်းမှာ “အဘက်ဘက်မှ ယိုယွင်းကျဆင်းလာနေသော နိုင်ငံတော်အခြေအနေအရပ်ရပ်ကြောင့်တပ်မတော်က တိုင်းပြည်တာဝန် အ၀၀ ကို လွဲှပြောင်းရယူလိုက်ရသည် ဆိုတဲ့ ဇာတ်လမ်းတွေကိုလဲကြားခဲ့ကြရပြီးဖြစ်ပါတယ်။ ပြည်နဲခိုင်ဖြိုးနဲ့ နိုင်ငံရေးပါတီတွေက ပေးတဲ့ အိပ်ဖွင့်ပေးစာ မှာ ဘာတွေ ဖော်ပြထားသလဲ၊ အဖြစ်မှန်က ဘာလဲ၊ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာဖြစ်နိုင်မလဲ ဆိုတာ ခုတစ်ပတ် လေ့လာဆန်းစစ်ကြည့်ကြရအောင်ပါ။

အိပ်ဖွင့်ပေးစာမှာ အချက် ၁၁ ချက် ဖော်ပြထားပြီး အတော်လေးလည်း ရှည်လျားပါတယ်။ ပထမဆုံးအနေနဲ့ စီးပွားရေးဆိုင်ရာ အကြောင်းအချက်တွေ ဖော်ပြထားပါတယ်။ အင်န်အယ်လ်ဒီ အစိုးရဟာ ကိန်းဂဏန်း အချက်အလက်တွေနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်တယ် ဆိုပြီး ပြောနေပေမယ့် လက်တွေ့မှာ စပါးဈေးကျဆင်းနေမှုတွေ၊ နယ်စပ်ကုန်သွယ်ရေး မတည်မငြိမ် ဖြစ်နေတာတွေ၊ လူငယ်လူရွယ်တွေ နိုင်ငံခြားထွက် အလုပ်လုပ်ရတာ များနေလို့ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးဖို့ အတွက် တိုက်တွန်းထားပါတယ်။ နောက်တစ်ချက်ကတော့ နိုင်ငံသားတွေရဲ့ စည်းလုံးညီညွတ်ရေးဟာ ဘယ်ခေတ်ကာလ နဲ့မှ မတူအောင် ကွဲပြားမှု၊ ဆန့်ကျင်မှု၊ ရန်လိုမှုတွေ လူမှုအသိုက်အဝန်းမှာ ပေါ်ပေါက်နေတယ်လို့ ဆိုပါတယ်။ လွှတ်တော်ထဲမှာ အင်န်အယ်လ်ဒီ က တစ်ဖက်၊ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်သားတွေက တစ်ဖက် အငြင်းပွားကြတဲ့အကြောင်းကို နမူနာအဖြစ် ပြပါတယ်။

နောက်တစ်ချက်မှာလည်း လွှတ်တော်တွင်း အင်န်အယ်လ်ဒီ ပါတီဟာ အရာရာကို မဲခွဲဆုံးဖြတ်ပြီး အင်အားကြီးသူ အနိုင်ယူ စနစ် ကျင့်သုံးနေတယ်လို့ စွပ်စွဲပါတယ်။ ရခိုင်ပြည်နယ်က မူဆလင်တွေရဲ့ ပြသနာနဲ့ ပတ်သက်ပြီးလည်း အစိုးရရဲ့ ကိုင်တွယ် ဆောင်ရွက်နေပုံတွေကို အားမရတဲ့အကြောင်း၊ သူတို့ စောင့်ကြည့်နေတဲ့အကြောင်း၊ ဘင်္ဂလီတွေ ရခိုင်ပြည်နယ်ဘက်ကနေ ပြည်မထဲ ဝင်ရောက်လာတာကို ဖမ်းဆီးပြီးနောက် ဘယ်လို ကိုင်တွယ်သလဲ ဆိုတာကိုလည်း မေးခွန်း ထုတ်ပါတယ်။ ဒီ ဖြစ်စဉ် အားလုံးကို ခြုံငုံပြီးမှ “ ယနေ့ နိုင်ငံတော်ဇ။် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး နှင့် တရားဥပဒေ စိုးမိုးရေး အပါအဝင် အခြေအနေ အရပ်ရပ်သည် တရွေ့ရွေ့ မီးလောင်နေသော ယမ်းကြိုးတပ်ဆင်ထားသည့် မိုင်းဗုံးတစ်လုံး အနေအထားတွင် ရောက်ရှိနေပါသည်။ ” ဆိုပြီး ဖော်ပြထားပါတယ်။

စာပါ အချက်အလက်တွေကို ဆန်းစစ်ကြည့်ရင် စီးပွားရေး ဆိုင်ရာ ကိစ္စမှာ အလုပ်အကိုင် အခွင့်အလမ်း၊ နယ်စပ် ကုန်သွယ်မှု စတာတွေမှာ ပြသနာရှိနေတာ မှန်ပေမယ့် ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာငွေကြေးရံပုံငွေ အဖွဲ့ လို နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ သုံးသပ်ချက်တွေအရ တိုးတက်မှုအပိုင်းတွေရှိနေတယ်ဆိုတာတော့ ငြင်းလို့ မရပါဘူး။ တိုးတက်နေပေမယ့် အားရစရာ မကောင်းလှဘူးလို့ ဆိုရင် ပိုမှန်ပါလိမ့်မယ်။

နောက်တစ်ချက်ကတော့ လွှတ်တော်ထဲက အခြေအနေတွေပါ။ အမတ်တွေက ဆုံးဖြတ်လိုက်၊ တပ်မတော်သား အမတ်တွေက ထပြီး ကန့်ကွက်လိုက် လုပ်တာကို တွေ့ရရုံနဲ့ နိုင်ငံသားတွေကြား အကြီးအကျယ် ကွဲပြဲနေကြပြီ ဆိုတဲ့ ကောက်ချက်ကလဲ မမှန်ပါဘူး။ လွှတ်တော်ထဲက အင်န်အယ်လ်ဒီ အမတ်တွေရဲ့ လုပ်ရပ် ဥပဒေနဲ့ မညီဘူးလို့ ထင်ရင်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နဲ့ မညီဘူးလို့ ယူဆရင် ဒီအတိုင်း စွပ်စွဲနေရုံနဲ့ မပြီးပါဘူး။ ဥပဒေအတိုင်း ဆက်လုပ်လို့ ရတာတွေ ရှိသလို၊ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နဲ့ မညီဘူး ဆိုရင်လည်း ဒီအတိုင်း စွပ်စွဲ မနေပဲ ဖွဲ့စည်းပုံ ဆိုင်ရာ ခုံရုံးကို တင်ပြီး အဆုံးအဖြတ် ရယူတာမျိုး လုပ်ရမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ပေါ်ပေါက်လာတဲ့ ပြသနာ ဆိုတာကလည်း ARSA အကြမ်းဖက် တိုက်ခိုက်မှု၊ အဲဒါကို ပြန်နှိမ်နင်းရာမှာ တပ်မတော်ရဲ့ ကိုင်တွယ်မှုကြောင့် ပေါ်ပေါက်လာတဲ့ နောက်ဆက်တွဲ ပြသနာပါ။ ရှေ့ကိုနည်းနည်း ဆက်ပြီးသွားကြည့်ရင် ရှည်လျားလှတဲ့ အရင် စစ်အစိုးရ ခေတ်အဆက်ဆက်က ချန်ထားရစ်ခဲ့တဲ့ ပြသနာကြီးပါ။ ဒါကို အင်န်အယ်လ်ဒီ အစိုးရက တိုင်းပြည် အကျိုးစီးပွား၊ တပ်မတော် အကျိုးစီးပွား၊ တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွား အားလုံးအတွက် ခက်ခက်ခဲခဲ ဖြေရှင်းနေရတဲ့ အခြေအနေပါ။

လက်ရှိအခြေအနေကို ပေါက်ကာနီး ဗုံးတစ်လုံးနဲ့ နှိုင်းယှဉ်ထားတဲ့အပြင် အဘက်ဘက်က ယိုယွင်းကျဆင်းနေတယ်လို့ ပြောထားတာကိုသုံးသပ်ရမယ်ဆိုယင်လဲလက်ရှိ တိုင်းပြည်ထဲမှာ ဖြစ်ပျက်နေတာတွေဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံ နေရာ တစ်ချို့မှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုကြီးတွေ ဖြစ်ပွားခဲ့တဲ့ အခြေအနေမျိုး မဟုတ်ပါဘူး။ ၂၀၁၁ ကေအိုင်အေ ကချင်လက်နက်ကိုင်တွေနဲ့ တကျော့ပြန် တိုက်ပွဲဖြစ်တဲ့ အခြေအနေ၊ ကိုးကန့်တပ်ဖွဲ့တွေ ဝင်တိုက်ခံရတဲ့ အခြေအနေမျိုးလည်း မဟုတ်ပါဘူး။

လက်ရှိ အခြေအနေမှာ နိုင်ငံထဲမှာဆန္ဒပြပွဲတွေတချို့ဖြစ်ဖြစ်နေတာကတော့မှန်ပါတယ်။တဖက်က ဖွဲ့စည်းပုံပြင်ရေးကို ထောက်ခံနေကြတဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပြီး အခြားတစ်ဖက်မှာတော့ တပ်မတော် ထောက်ခံရေး၊ ဖွဲ့စည်းပုံထဲက ပုဒ်မ ၅၉(စ)မပြင်ရေး ဆိုတဲ့ လွှတ်တော်ထဲက ပြည်ခိုင်ဖြိုးနဲ့ တပ်မတော် လုပ်ရပ် ထောက်ခံပွဲတွေပဲ ဖြစ်ပါတယ်။ တပ်မတော် ထောက်ခံရေး၊ ဖွဲ့စည်းပုံထဲက ပုဒ်မ ၅၉(စ) မပြင်ရေး ထောက်ခံတဲ့ပွဲတွေမှာ မြင်ရမှာက အနယ်နယ် အရပ်ရပ်က စစ်မှုထမ်းဟောင်း အဖွဲ့ဝင်တွေ၊ ပြည်ခိုင်ဖြိုးပါတီဝင်တွေ၊ မျိုးချစ်လို့ သူတို့ကိုယ် သူတို့ ခေါ်သူတွေ နဲ့ ဟောပြောသူတွေထဲမှာ ဆိုရင် ဘူးလက်လှဆွေ အပါအဝင် ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဦးဝီရသူ တို့ပဲ ဖြစ်ပါတယ်။

တကယ်တော့ နိုင်ငံရေးပါတီ တစ်ရပ်ဖြစ်စေ၊ ပါတီတွေ အနေနဲ့ဖြစ်စေ တည်ဆဲ အစိုးရ နဲ့ ပါတီကို ဝေဖန်တာ၊ ဆန့်ကျင်တာ လုပ်လို့ရပါတယ်။ ဒါ ထူးခြားတဲ့ ကိစ္စမဟုတ်ပါဘူး။ တစ်ပြိုင်နက်တည်းမှာ ဒီမိုကရေစီကို ယုံကြည်တယ် ဆိုရင် ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံ တည်ဆောက်ချင်တယ် ဆိုရင် ပြည်သူလူထု ထောက်ခံမှုရအောင် စည်းရုံးရမှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုသဘောထားကွဲပြားနေတာတွေကိုဘဲပုံကြီးချဲ့ထောက်ပြပြီး နိုင်ငံတော်ကြီးအဘက်ဘက်က ယိုယွင်း ပျက်စီးနေပြီ၊ မိုင်းဗုံးတစ်လုံးလို မကြာခင် ပေါက်ကွဲတော့မယ် ဆိုတဲ့ အခြေအနေမျိုးထိ ပြောဆိုလာတာဟာတော့ တစ်စုံတစ်ယောက် တစ်စုတစ်ဖွဲ့ကနေ တိုင်းပြည်ကို ကယ်တင်ပါတော့ ဆိုတဲ့သဘောအပြင်ဒီမိုကရေစီကို ဖျက်ဆီးပစ်မယ့် စစ်အာဏာသိမ်းမှုမျိုးကို လက်ယပ်ခေါ်တဲ့ သဘောတောင်သက်ရောက်လာနိုင်တာမို့ တိုင်းပြည်အတွက် အလွန် အန္တရာယ်ကြီးပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG