သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်သူတွေ အားလုံး သင်္ကြန်ချိန်ခါ ပျော်ရွှင်နိုင်ပါရဲ့လား


ရခိုင်ပြည်နယ်က မြန်မာလုံခြုံရေးတပ်စခန်းတခု
ရခိုင်ပြည်နယ်က မြန်မာလုံခြုံရေးတပ်စခန်းတခု

အခုဆိုရင် မြန်မာနိုင်ငံ ပြည်သူအများစု နှစ်သစ်ကူး သင်္ကြန်ပွဲ ဆင်နွဲှနေကြပြီ ဖြစ်ပါတယ်။ သင်္ကြန်ပွဲတော် ကာလ ကိုယ်နေထိုင်ရာ နေရာမှာပဲ သင်္ကြန်ပွဲ ဆင်နဲွဲှကြသူတွေ ရှိသလို၊ အလုပ်လုပ်ကိုင်ရာ နေရာကနေ ဇာတိချက်ကြွေ မွေးရပ်မြေ ပြန်သူတွေလည်း ပြန်ကြပါတယ်။ တစ်ချို့ကတော့ ပြည်တွင်းပြည်ပ ခရီးထွက်သူ ထွက်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သင်္ကြန်တွင်း ကာလဟာ မြန်မာပြည်သူတွေ၊ အထူးသဖြင့် ဗုဒ္ဓဘာသာဝင်တွေ ဥပုသ်သီလ ဆောက်တည်ကြ၊ အနားယူကြ၊ ပျော်ကြရွှင်ကြတဲ့ ကာလလို့ ဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် သင်္ကြန်ပျော်ပွဲ မဆင်နွဲှနိုင်ကြသူတွေ၊ မပျော်ရွှင်နိုင်ကြသူတွေလည်း ရှိနေပါသေးတယ်။ ခုတစ်ပတ် အဲဒီအကြောင်း တင်ပြသွားပါ့မယ်။

သင်္ကြန်တွင်း ပျော်ရွှင်မှုမရနိုင်တဲ့အထဲ ထင်ရှားတဲ့နေရာကတော့ ရခိုင်ပြည်နယ် ဖြစ်ပါတယ်။ အားလုံးသိကြပြီဖြစ်တဲ့အတိုင်း လက်ရှိ ရခိုင်ပြည်နယ်ထဲမှာ ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ AA နဲ့ တပ်မတော်၊ နေရာအတော်များများမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ အချို့တိုက်ပွဲတွေမှာ နှစ်ဖက် အသေအပျောက် များပါတယ်။ အခုနောက်ဆုံး ဧပြီ ၉ ရက်နေ့က AA တပ်ဖွဲ့ကနေ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နားက အမှတ် (၃၁) လုံခြုံရေး ရဲတပ်ဖွဲ့ဌာနချုပ်ကို ဝင်ရောက်တိုက်ခိုက်တဲ့ ဖြစ်စဉ်မှာ နှစ်ဖက် သေဆုံး ဒါဏ်ရာတွေ ရကြရုံမက ရဲတပ်ဖွဲ့ဝင် မိသားစု (၇) ယောက် AA တပ်ဖွဲ့နဲ့ ပါသွားပြီး နောက်ပိုင်း သူတို့က ပြန်ပို့ပေးပါတယ်။ တိုက်ပွဲဖြစ်ပွားရာနား ကျေးရွာ တစ်ရွာက ရွာသား ၂၀ ကျော်ကို မသင်္ကာလို့ ဆိုပြီး တပ်မတော်ရဲ့ ဖမ်းဆီး ခေါ်ဆောင်သွားတာ ခံရပါတယ်။ လတ်တလော ဖြစ်စဉ်တွေကိုကြည့်ရင် ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားတွေ အများစု နေထိုင်တဲ့ မြို့နယ် (၅) ခုမှာ ည မထွက်ရ အမိန့်ထုတ်ထားပါတယ်။ အရင်က မောင်တောခရိုင် ဧရိယာ တစ်ခုထဲ ည မထွက်ရ အမိန့်ထုတ်ထားရာကနေ အခု နောက်ထပ် (၅) မြို့နယ် တိုးလာတာ ဖြစ်ပါတယ်။

တိုက်ပွဲတွေ ဖြစ်နေတာ၊ ဖြစ်စဉ်အတွင်း အရပ်သားတွေ သေကြေဒါဏ်ရာရမှုတွေလည်း ရှိလာနေတာကြောင့် ဘေးလွတ်ရာ ထွက်ပြေးခိုလှုံနေကြရတဲ့ စစ်ဘေးရှောင် အရည်အတွက်ဟာလည်း ၂ သောင်းခွဲ ကျော်သွားပါပြီ။ တိုက်ပွဲကြောင့်ရော၊ ည မထွက်ရ အမိန့်ကြောင့်ပါ ဒေသခံတွေ လုပ်ကိုင်စားသောက်ရတာ၊ သွားရလာရတာ အခက်အခဲ ဖြစ်စေပါတယ်။ ဒီလို အခြေအနေတွေကြောင့် ဗုဒ္ဓဘာသာ ရခိုင်တိုင်းရင်းသားတွေ သင်္ကြန်ကာလ အရင်နှစ်တွေတုန်းကလို ပျော်ရွှင်မှု မရှိကြတော့ပါဘူး။ တိုက်ပွဲတွေ ရပ်ဆိုင်းကြဖို့ပဲ ဆန္ဒ ရှိနေကြတာပါ။ စစ်ပွဲ တိုက်ရိုက်ဖြစ်ပွားတာ မရှိပေမယ့်လည်း ဒုက္ခရောက်နေကြသူတွေကို စာနာတဲ့ အနေနဲ့ စစ်တွေလို မြို့ကြီးပြကြီးက ရခိုင်တိုင်းရင်းသားတွေကလည်း အခုနှစ်သင်္ကြန်ကို ပျော်ပျော်ပါးပါး ဆင်နွဲှတာမျိုး မလုပ်ကြတော့ပဲ အကျဉ်းရုံးပြီးတော့ပဲ ဖြတ်သန်းနေကြတာ မြင်တွေ့ကြရပါတယ်။

သင်္ကြန်မှာ နောက်ထပ် ပျော်ရွှင်မှု မရတဲ့ လူတွေကတော့ ဆန်ကုန်သည်တွေ၊ ပွဲစားတွေ၊ စပါးစိုက် တောင်သူတွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ထုတ်ပြန်ပေးတဲ့ စာရင်းတစ်ခုအရ အခုနှစ် ပြည်တွင်းမှာ ပြည်ပပို့မယ့် ဆန်တန်ချိန် ၂ သန်းနီးပါးလောက် ပိတ်မိနေတယ်လို့ ဆိုပါတယ်။ နယ်စပ်ကနေ တရုတ်ပြည်ဘက် ပို့မယ့် ဆန်တွေဟာ ခါတိုင်းနှစ်တွေနဲ့မတူ တရုတ်ဘက် အခြမ်းမှာ အဖမ်းအဆီးတွေ ကြမ်းနေလေတော့ တရုတ်ကုန်သည်တွေက မဝယ်တော့ပဲ မြန်မာနိုင်ငံထဲမှာပဲ ကျန်နေတာပါ။

အဲဒီထဲမှာ ပြောင်းလို အခြား သီးနှံတွေလည်း ပါပါတယ်။ မြန်မာအစိုးရက ထုတ်ပြန်တဲ့ ကုန်သွယ်ရေးဆိုင်ရာ ကိန်းဂဏန်းတွေကို ကြည့်ရင်လည်း အဲဒီအချက် မှန်ကန်ကြောင်း တွေ့နိုင်ပါတယ်။ မူဆယ် နယ်စပ် ကုန်သွယ်ရေးမှာ အခုနှစ် ၂၀၁၈-၁၉ (၆) လတာကာလ ကုန်သွယ်မှု ပမာဏဟာ အရင်နှစ် ကာလတူ ကုန်သွယ်မှု ပမာဏ ထက် အများကြီး လျော့ကျခဲ့ပြီး အထူးသဖြင့် ပို့ကုန်မှာ အရင်နှစ်ကထက် ဒေါ်လာ သန်း ၈၀၀ နီးပါး လျော့နည်းခဲ့တာ တွေ့ရပါတယ်။ ဒါဟာ မြန်မာနိုင်ငံထဲမှာ ဆန်တန်ချိန် ၂ သန်းနဲ့ ပြောင်းတွေ ပိတ်မိနေတာရဲ့ အဖြေပါပဲ။

အဲလို ဆန်တန်ချိန် ၂ သန်းလောက် ပိတ်မိနေတဲ့အချိန် လယ်သမားတွေ စိုက်တဲ့ ရက်၉၀ စပါးတွေလည်း ပေါ်နေပါပြီ။ ဒီအခါ စပါးပေါ်စ အချိန် စပါးဈေးဟာ အရင်နှစ်ကလောက် ဈေးကောင်း မရတော့ပါဘူး။ ဈေးကောင်းမရတဲ့အပြင် တင်း ၁၀၀ ကို ကျပ် ၅ သိန်းအောက် ကျဆင်းသွားမယ့် အလားအလာလည်း တွေ့မြင်နေကြရပါတယ်။ အဲလိုဆိုရင် စပါးစိုက်တောင်သူတွေ စိုက်စားရိတ်တောင် မကာမိပဲ အရှုံးပေါ်နိုင်ပါတယ်။ ဒီလို အခြေအနေကြောင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ကနေ ကုန်သည်တွေ အနေနဲ့ အရင်နှစ်က ထုတ်ပြန်ထားတဲ့ စပါး တင်း ၁၀၀ ကို အနိမ့်ဆုံး ကျပ်ငွေ ၅ သိန်း အထက်ကပဲ ဝယ်ယူဖို့ တိုက်တွန်းစာတွေလည်း ထုတ်နေရပါတယ်။ ပြောရရင် အခုနှစ် သင်္ကြန်ဟာ နယ်စပ်ကနေ တရုတ်နိုင်ငံထဲ ဆန်တင်ပို့တဲ့ ကုန်သည်တွေ၊ ပွဲစားတွေ၊ စပါးစိုက် တောင်သူတွေ အပြည့်အ၀ ပျော်ရွှင်နိုင်တဲ့ နှစ်တစ်နှစ် မဖြစ်ခဲ့ပါဘူး။

အခုနှစ် သင်္ကြန် ပျော်ရွှင်မှု မရနိုင်တဲ့ သူတွေထဲမှာ မြန်မာနိုင်ငံ တစ်ဝှမ်းက ဒုက္ခသည်တွေလည်း ပါဝင်ကြပါတယ်။ အခုဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ၊ ကချင်ပြည်နယ်မှာ၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ၊ ရခိုင်ပြည်နယ်မှာ ဒုက္ခသည်တွေ အများကြီးရှိနေပါတယ်။ အရည်အတွက်ဟာ လျော့သွားတယ်ရယ်လို့ မရှိ၊ တိုးပြီးရင်း တိုးလာနေပါတယ်။ ၂၀၁၁ ခုနှစ်မှာ တကျော့ပြန်ဖြစ်လာတဲ့ ကချင်လက်နက်ကိုင် KIA နဲ့ တပ်မတော် တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ စစ်ဘေးရှောင် ဒုက္ခသည် အရည်အတွက် ၈ သောင်း ၉ သောင်းအထိရောက်သွားခဲ့ပြီး အခုနောက်ပိုင်း ၅ -၆ သောင်းလောက် ကျန်မယ်လို့ ခန့်မှန်းရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ နှစ်လည်ကစ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် တစ်ချို့ (၃) ပွင့်ဆိုင် တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ် သီပေါဘက်မှာလည်း ဒုက္ခသည်တွေ တိုးလာနေပြီး သူတို့လည်း သင်္ကြန်ကို ဆင်နွဲှနိုင်ကြမှာ မဟုတ်ပါဘူး။ အလားတူ ရခိုင်ပြည်နယ်မှာလည်း လတ်တလော AA နဲ့ တိုက်ပွဲကြောင့် ရခိုင်တိုင်းရင်းသား ဒုက္ခသည် ၂ သောင်းခွဲ ကျော်လာနေသလို ၂၀၁၂ ခုနှစ် ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက်ပိုင်း စစ်တွေ ဧရိယာထဲက ဒုက္ခသည် စခန်းတွေမှာ ရောက်နေတဲ့ တစ်သိန်းဝန်းကျင်ရှိမယ့် မူဆလင် ဒုက္ခသည်တွေလည်း ဒီနေ့အချိန်ထိ နေရပ် မပြန်နိုင်သေးပါဘူး။ အလားတူ ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည် စခန်းတွေမှာလည်း မြန်မာနိုင်ငံက ထွက်ပြေးသွားကြတဲ့ သန်းတစ်ဝက်ကျော်လောက်ရှိမယ့် မူဆလင်တွေလည်း သင်္ကြန်ကာလ ဟာ သူတို့နဲ့ ဘာမှ မဆိုင်သလို ဖြစ်နေမှာပါပဲ။

လူပုဂ္ဂိုလ် တစ်ဦးချင်းတွေ အနေနဲ့ ပြောရမယ် ဆိုရင် သင်္ကြန်မတိုင်ခင် ဧပြီလ ၁၁ ရက်နေ့မှာ ကျောင်းသားတပ်မတော် ABSDF က ရဲဘော်အောင်ဆွေဦးနဲ့ ရဲဘော် မောင်ဦး တို့ကို ကချင်ပြည်နယ် မိုးညှင်းမြို့နယ် တရားရုံးက မတရားအသင်း ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇/၁ နဲ့ ထောင်ဒါဏ် ၂ နှစ်စီ ချမှတ်တာ ခံလိုက်ရပါတယ်။ သင်္ကြန် အကြိုနေ့ မတိုင်ခင် ဧပြီလ ၁၂ ရက်နေ့မှာတော့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို တပ်မတော်ကနေ စွဲထားတဲ့ ပုဒ်မ ၅၀၅(က) အတွက် အာမခံ မပေးပဲ အင်းစိန်ထောင် အချုပ်ဆောင်ကို ပို့တာ ခံလိုက်ရပါပြီ။ သူတို့တွေကတော့ သင်္ကြန်ကို ထောင်ထဲကနေပဲ ဖြတ်သန်းရဦးမှာပါ။ ဒီလို သင်္ကြန်ကာလ အများသူငှာလို ပျော်ရွှင်မှု မရကြတဲ့ သူတွေ အများကြီး ရှိနေပေမယ့် အကျဉ်းကျခံရမယ့် ကာလ တစ်ခု ကျန်နေသေးတဲ့ အကျဉ်းသားတွေ၊ ရက်ပိုင်းလ ပိုင်းအတွင်း လွတ်မြောက်တော့မယ့်သူတွေကို စုပြီး ဧပြီလ ၁၂ ရက်နေ့မှာ မြန်မာနိုင်ငံတဝှမ်း အကျဉ်းထောင် အသီးသီးကနေ လွှတ်ပေးလိုက်တာ တစ်ခုကတော့ အခုနှစ် သင်္ကြန်အတွက် သတင်းကောင်း တစ်ခုဖြစ်ခဲ့သလို၊ သက်ဆိုင်ရာ ကာယကံရှင်နဲ့ မိသားစုဝင်တွေကို ပျော်ရွှင်စေတဲ့ သင်္ကြန်ချိန်ခါ ဖြစ်စေခဲ့ပါကြောင်း တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG