သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၀ နိုဝင်ဘာ(၈)ရက် ဘယ်လို ရွေးကောက်ပွဲမျိုးလဲ


၂၀၁၅ နိုဝင်ဘာလ (၈) ရက် ရွေးကောက်ပွဲအပြီး ပထမအကြိမ် ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးကို တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် (နိုဝင်ဘာလ ၁၆၊ ၂၀၁၅)
၂၀၁၅ နိုဝင်ဘာလ (၈) ရက် ရွေးကောက်ပွဲအပြီး ပထမအကြိမ် ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးကို တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် (နိုဝင်ဘာလ ၁၆၊ ၂၀၁၅)
တိုက်ရိုက် လင့်ခ်

Zawgyi/ Unicode

အခုဆိုရင် ရွေးကောက်ပွဲ ကျင်းပဖို့ ရက်သတ္တပတ်ပဲ လိုပါတော့တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ သမ္မတရွေးနိုင်၊ အစိုးရဖွဲ့နိုင်မယ့် ပြည်ထောင်စု အဆင့် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ၇၅% ကို ရွေးကောက်ပွဲ ကျင်းပပေးမှာ ဖြစ်ပြီး ၂၅% ကိုတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက် ခန့်အပ်မှာပါ။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ၂၅% သော ပြည်ထောင်စု အဆင့် ကိုယ်စားလှယ်တွေကို ခန့်အပ်တယ် ဆိုရာမှာ တပ်မတော်ကိုယ်စား ခန့်အပ်တဲ့ သဘောလည်း မဟုတ်ပါဘူး။ အကြောင်းကတော့ တပ်မတော်ထဲက အရာရှိ၊ အရာခံ၊ အကြပ် တပ်သား အားလုံး ကိုယ်စားလှယ် ၇၅% ရွေးမယ့် ရွေးကောက်ပွဲမှာ မဲပေးကြမှာ ဖြစ်လို့ပါပဲ။ ကိုယ်စားလှယ် ၇၅% အတွက် ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါတီပေါင်း ၉၀ ကျော် ပါဝင်ယှဉ်ပြိုင်ကြပါလိမ့်မယ်။ အဲဒီထဲမှာ ပြည်ထောင်စု တစ်ခုလုံးကို စည်းရုံးတဲ့ ပါတီတွေ၊ တိုင်းရင်းသား ပါတီတွေနဲ့ တပ်မတော်က ပေါက်ဖွားလာ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေက ဦးဆောင်ပြီး လွှတ်တော်ထဲမှာလည်း တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ပြည်ခိုင်ဖြိုးပါတီလည်း ပါဝင်ပါတယ်။ ဒီ ရွေးကောက်ပွဲမှာ ဘယ်သူအနိုင်ရမလဲ၊ သူတို့ အနိုင်ရရင် ဘာတွေ ဆက်လုပ်ကြမလဲ၊ ဘာတွေ ဆက်ဖြစ်ကြမလဲ၊ ရွေးကောက်ပွဲကရော ဘယ်လို အသွင်ဆောင်နေသလဲ ဆိုတဲ့ ကိစ္စ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခုတစ်ပတ် အဲဒီအကြောင်း လေ့လာတင်ပြသွားပါ့မယ်။

၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံရေး လေ့လာသုံးသပ်သူတွေ၊ နိုင်ငံရေးသမားတွေနဲ့ သတင်းစာဆရာတွေ သုံးသပ်ထားတာ တစ်ချို့ရှိပါတယ်။ အဲဒီထဲက တူညီတယ်လို့ ဆိုနိုင်တဲ့ သုံးသပ်ချက် တစ်ခုကတော့ ဒီ ရွေးကောက်ပွဲမှာ အာဏာရ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ အနိုင်ရမှာကတော့ သေခြာတယ်၊ တစ်နည်းအားဖြင့် ရွေးကောက်ခံ အမတ် ၅၀% ကျော်ကတော့ ရမှာ သေခြာတယ်။ ဒါပေမယ့် သမ္မတ ရွေးချယ်ဖို့ အစိုးရဖွဲ့ဖို့ အထိ အပြတ်အသတ် အနိုင်ရဖို့ကတော့ မပြောနိုင်သေးဘူး၊ စောင့်ကြည့်ရဦးမယ် ဆိုတာပဲ ဖြစ်ပါတယ်။ တပ်မတော်ရဲ့ ကိုယ်ပွားပါတီ လို့ ဆိုနိုင်တဲ့ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ ၂၀၁၅ ခုနှစ်တုန်းကထက် အမတ်လောင်းတွေ ပိုပြီး ရွေးချယ်ခံရမယ်လို့ သုံးသပ်တာမျိုးကိုတော့ မတွေ့ကြရပါဘူး။ တကယ်လည်း ၂၀၁၅ တုန်းက ပြည်ထောင်စုအဆင့် အတွက် မဲဆန္ဒနယ်မြေ ၄၉၁ နေရာ ရွေးကောက်ပွဲ လုပ်ရာမှာ ပြည်ခိုင်ဖြိုးပါတီက ၄၁ နေရာ၊ ရာခိုင်နှုန်းအားဖြင့် ၈% ကျော်လောက်ပဲ အနိုင်ရခဲ့တာပါ။ အခုရွေးကောက်ပွဲမှာတော့ အဲလောက် နေရာရဖို့တောင် ခက်ခဲမယ်လို့ ယူဆသူတွေ ရှိနေပါတယ်။ အကြောင်းကတော့ ပြည်ခိုင်ဖြိုးက မဲရလေ့ရှိတဲ့ တပ်မတော်ရဲ့ ကြိုတင်မဲတွေကိစ္စ ကော်မရှင်က ကြပ်ကြပ်မတ်မတ် လုပ်လာတာ၊ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ အတွက် တပ်တွင်းမဲရုံတွေ မထားတော့ပဲ တပ်ပြင်ပမှာ မဲပေးစေတာ၊ ၂၀၁၅ တုန်းက ပြည်ခိုင်ဖြိုး အမတ်လောင်းတွေ နိုင်ခဲ့တဲ့ မဲဆန္ဒနယ်မြေတွေမှာ အင်န်အယ်လ်ဒီ ဘက်က အမတ်လောင်းတွေ စနစ်တကျ ရွေးချယ် ယှဉ်ပြိုင်စေတာ၊ မဲဆွယ်စည်းရုံးရေးကို အားသွန်ခွန်စိုက် လုပ်တာ၊ စတဲ့ အချက်တွေကြောင့်ပါပဲ။


ဒါကြောင့် လာမယ့် ရွေးကောက်ပွဲမှာ ဖြစ်လာနိုင်ချေ နှစ်ခုကတော့ ၂၀၁၅ တုန်းကလိုပဲ အင်န်အယ်လ်ဒီ အပြတ်အသတ် အနိုင်ရရင်ရ၊ အဲလို မဟုတ်ခဲ့ရင် နိုင်တော့နိုင်မယ်၊ ဒါပေမယ့် သမ္မတ ရွေးနိုင်၊ အစိုးရဖွဲ့နိုင်တဲ့ အမတ်အရေအတွက် အထိ အနိုင်မရတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်သူ့ လွှတ်တော်အတွက် မဲဆန္ဒနယ် ၃၃၀၊ အမျိုးသားလွှတ်တော် အတွက် ၁၆၈ နေရာ၊ အဲဒီ နှစ်နေရာ အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်မယ့် တပ်မတော်သား ကိုယ်စားလှယ် ၁၆၆ ယောက် ရှိမှာ ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော် ၁၅ နေရာ၊ အမျိုးသားလွှတ်တော် အတွက် ၈ နေရာ စုစုပေါင်း ၂၃ နေရာ မကျင်းပနိုင်တဲ့အတွက် ပြည်ထောင်စု အဆင့်လွှတ်တော် အတွက် ရွေးကောက်ပွဲ ကျင်းပမယ့် နေရာ ၄၇၅ နေရာပဲ ရှိပါတော့တယ်။
အဲဒီ အရေအတွက်ဟာ ပြည်ထောင်စု လွှတ်တော်ထဲရောက်ပြီး တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ပေါင်းရင် ၆၄၁ နေရာ ဖြစ်လာပါမယ်။ ဒါကြောင့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီဟာ ပြည်ထောင်စု အဆင့်မှာ အနည်းဆုံး ၃၂၂ နေရာ နိုင်ပါမှ ရာခိုင်နှုန်းအားဖြင့် ၆၈% အထက် အနိုင်ရပါမှ တစ်ပါတီတည်း လွတ်လွတ်ကျွတ်ကျွတ် သမ္မတ တင်နိုင်၊ အစိုးရဖွဲ့နိုင်တဲ့ အခြေအနေ ရောက်ပါလိမ့်မယ်။ တကယ်လို့ အင်န်အယ်လ်ဒီ အပြတ်အသတ် မနိုင်ခဲ့ရင်တော့ ဖြစ်ပေါ်လာနိုင်မယ့် အခြေအနေ (၂) ခုရှိနေပါတယ်။

အဲဒါကတော့ အင်န်အယ်လ်ဒီက တင်တဲ့ သမ္မတ နဲ့ ညွန့်ပေါင်း အစိုးရ၊ ဒါမှမဟုတ် တပ်မတော် ကိုယ်စားလှယ်တွေက တင်တဲ့ သမ္မတ နဲ့ ညွန့်ပေါင်း အစိုးရ ဆိုပြီး ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်တင်မြှောက်လိုက်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အဖွဲ့၊ အဲဒီ လွှတ်တော် နှစ်ခုအတွက် တပ်ချုပ်က ရွေးချယ်ပေးလိုက်တဲ့ တပ်မတော်သား ကိုယ်စားလှယ် အဖွဲ့ စုစုပေါင်း ၃ ဖွဲ့ဟာ ဒုသမ္မတ (၃) ယောက်ကို ရွေးချယ်ပေးကြရပါလိမ့်မယ်။ သေခြာတာကတော့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က တင်မယ့် ဒုသမ္မတတွေဟာ အင်န်အယ်လ်ဒီက တင်တဲ့၊ဒါမှမဟုတ် အင်န်အယ်လ်ဒီ က သဘောတူတဲ့ ဒုသမ္မတ တွေ ဖြစ်လာကြပါလိမ့်မယ်။ တပ်မတော် ကိုယ်စားလှယ်တွေကလည်း ဒုသမ္မတ တစ်ယောက် တင်မှာဖြစ်ပြီး လက်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်လည်း ဖြစ်နိုင်ပါတယ်။ ပြီးရင် ကိုယ်စားလှယ် အားလုံး စုပေါင်းပြီး သမ္မတ တစ်ယောက်ကို လျှို့ဝှက်စနစ်နဲ့ မဲပေးကြပါလိမ့်မယ်။ ၂၀၀၈ ဖွဲ့စည်းပုံမှာ အဲလောက်ပဲ ဖော်ပြထားတာမို့ ကိုယ်စားလှယ် အများဆုံး ပိုင်ဆိုင်ထားတဲ့ အင်န်အယ်လ်ဒီ ပါတီရော၊ ကိုယ်စားလှယ် ဒုတိယ အများဆုံး ပိုင်ဆိုင်ထားတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကပါ သမ္မတ တင်နိုင်တဲ့ ကိုယ်စားလှယ် အရေအတွက် ရအောင် နောက်ကွယ်မှာ အခြား ပါတီတွေနဲ့ မဟာမိတ်ဖွဲ့တာ၊ ညှိနှိုင်း၊ အပေးအယူလုပ် ကမ်းလှမ်းတာတွေကို လုပ်ကြပါလိမ့်မယ်။ အင်န်အယ်လ်ဒီ ကိုရော၊ တပ်မတော် ဘက်ကိုပါ အဲလို မလုပ်ဖို့ တားမြစ်ထားတဲ့ ဥပဒေ ပြဌာန်းချက် တစ်စုံတစ်ရာ ရှိမနေပါဘူး။

အင်န်အယ်လ်ဒီ အပြတ်အသတ် အနိုင်ရသည် ဖြစ်စေ၊ အင်န်အယ်လ်ဒီ သမ္မတ နဲ့ ညွန့်ပေါင်း အစိုးရအဖွဲ့ ဖြစ်စေ၊ နောင်ကျင့်သုံးမယ့် ပေါ်လစီတွေဟာ ခုအတိုင်း မပြောင်းမလဲ ဖြစ်နေပါလိမ့်မယ်။ တိုတိုပြောရရင် တိုင်းပြည်ကို ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖော်ဆောင်မယ်၊ တပ်မတော်ကို နိုင်ငံရေးမှာ ပါဝင်ခွင့်ပေးထားတဲ့ ဖွဲ့စည်းပုံကို ပြင်မယ် ဆိုတာပါပဲ။ တပ်မတော်ဘက်က တင်တဲ့ သမ္မတ နဲ့ အစိုးရအဖွဲ့ တက်လာရင်တော့ အရင်ခေတ်ပုံစံ စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ လက်ထဲ တိုင်းပြည် အာဏာ ၁၀၀% အပြည့်အ၀ ရသွားတဲ့ ပုံစံ မြင်ရမှာ ဖြစ်ပြီး အဲဒီ အခြေအနေကို ဆက်ထိမ်းသိမ်းဖို့ လိုအပ်သမျှ လုပ်ကိုင်သွားမယ့် သဘော ရှိနေပါတယ်။

သိပ်မကြာသေးခင်တုန်းကတောင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သူ့အနေနဲ့ ပြည်နယ်တွေမှာ ဝန်ကြီးချုပ်ကို ပြည်နယ် လွှတ်တော်က ရွေးချယ်ပေးဖို့ ပုဒ်မ ၂၆၁ ကို ပြင်ဖို့ဆန္ဒရှိတယ်၊ လွှတ်တော်ထဲမှာ အားလုံး စုံစုံညီညီ ကိုယ်စားပြုနိုင်ဖို့ လက်ရှိ ကျင့်သုံးနေတဲ့ မဲဆန္ဒနယ်မြေ တစ်ခုမှာ မဲအများဆုံးရသူ အနိုင်ရတဲ့ FPTP စနစ်အစား PR လို့ခေါ်တဲ့ အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးဖို့ ဆန္ဒရှိတယ်လို့ ထုတ်ပြောထားပြီး တကယ်လို့ သူ သမ္မတ ဖြစ်လာရင် အဲဒါတွေ အကောင်အထည် ဖော်လာမှာ သေခြာပါတယ်။ အဲဒါကို အဓိပ္ပါယ်ဖွင့်ဆိုရရင် ပြည်သူတွေ တိုက်ရိုက် ရွေးချယ်တင်မြှောက်တဲ့ အမတ် အရေအတွက်ကို နည်းနိုင်သမျှ နည်းအောင် လျော့ချပြီး လွှတ်တော်ထဲမှာ ရွေးကောက်ခံတွေ သမ္မတ ရွေးနိုင်၊ အစိုးရဖွဲ့နိုင်ချေ နည်းသထက် နည်းသွားအောင် အကောင်အထည် ဖော်မယ့် သဘောလည်း ဖြစ်ပါတယ်။ ဒါမျိုး အိမ်နီးချင်း ထိုင်းနိုင်ငံမှာ အာဏာသိမ်း စစ်တပ်က ဖွဲ့စည်းပုံ အသစ်တစ်ခုရေးဆွဲ၊ အကောင်အထည် ဖော်ခဲ့ပြီး ခုဆို ပြည်သူတစ်ရပ်လုံး ဆန့်ကျင်တဲ့ အခြေအနေတောင် ရောက်နေပါပြီ။ အားလုံးကို ခြုံငုံသုံးသပ်ရရင် လာမယ့် ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲဆိုတာ တပ်မတော်ကို နိုင်ငံရေးမှာပါဝင်မှု ရုပ်သိမ်းပြီး မူလ ပရော်ဖက်ရှင်နယ် တပ်မတော် အဖြစ် ပြောင်းလဲလိုတဲ့ အုပ်စုနဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ အရင်ခေတ်ဟောင်းကလို ၁၀၀% အလုံးစုံ အာဏာပြန်ရအောင် အားပြိုင်ကြမယ့်ပွဲအဖြစ် ရှုမြင်နိုင်ပြီး တိုင်းရင်းသား ပါတီတွေကတော့ ဇာတ်ပို့ဇာတ်ရံ နေရာကပဲ ပါဝင် ကပြရဖို့ ရှိနေကြောင်းပါ။

------------------------------


XS
SM
MD
LG