ပြီးခဲ့တဲ့ ရက်ပိုင်းက ရခိုင်ပြည်နယ် မြို့တော် စစ်တွေမှာ ကားတစ်စီးပေါ်က မူဆလင် အုပ်စု တစ်စု လူစုလူဝေးနဲ့ ဝိုင်းဝန်း တိုက်ခိုက်တာ ခံရလို့ တစ်ယောက် သေဆုံးပြီး ခြောက်ယောက် ဒါဏ်ရာရတဲ့ အကြမ်းဖက်မှု ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒါဏ်ရာရတဲ့ ခြောက်ယောက်ထဲမှာ နှစ်ယောက်က အတွင်းလူနာအဖြစ် ဆေးကုရပါတယ်။ လူမျိုးရေး ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ငြိမ်သက်နေခဲ့တာ ကာလ အတော်ကြာပြီးနောက် အခု ဖြစ်ပေါ်လာတဲ့ ပြသနာဟာ ပထမ ဦးဆုံးသော လူမျိုးရေး ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှု တစ်ခု ဖြစ်ပါတယ်။ အလားတူ မူဆလင် အများစု နေထိုင်တဲ့ မောင်တောဒေသဘက်မှာလည်း အခြေအနေ မကောင်းပါဘူး။ လျှို့ဝှက် အကြမ်းဖက် သင်တန်းပေးတဲ့ နေရာတစ်ခုကို လုံခြုံရေး တပ်ဖွဲ့တွေက ဖော်ထုတ်နိုင်ခဲ့သလို၊ အကြမ်းဖက်သမားတွေက သတ်ဖြတ်ခဲ့လို့ အပြစ်မဲ့ပြည်သူ ၄၁ ယောက် သေဆုံးခဲ့ပြီး ၂၃ ယောက် ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။ ဒီအတောအတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံတော် သမ္မတ ကနေ စစ်အုပ်ချုပ်ရေး အမိန့်တစ်ရပ် ထုတ်ပြန်ပေးဖို့ ပြည်ခိုင်ဖြိုး အပါအဝင် နိုင်ငံရေးပါတီ ၁၄ ခုက ကြေငြာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရ ရခိုင်ပြည်နယ် ပြသနာ ဖြေရှင်းနိုင်မှာလား ဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။
ပြသနာရဲ့ အတိမ် အနက်ကို သိနိုင်ဖို့ စစ်တွေမြို့မှာ မူဆလင်တွေ လူအုပ်နဲ့ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ် ခံရတဲ့ ဖြစ်စဉ်ကို ပြန် လေ့လာကြည့်ဖို့ လိုပါလိမ့်မယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့က စစ်တွေ ဒါးပိုင် ကယ်ဆယ်ရေးစခန်းက ဦးမြင့်နိုင်အပါအဝင် မူဆလင် ၁၀ ယောက်ဟာ သက်သေ ထွက်ဆိုဖို့အတွက် စစ်တွေမြို့ တရားရုံးကို ရဲတပ်ဖွဲ့ဝင် အစောင့်အရှောက်တွေပါပြီး ကားတစ်စီးနဲ့ သွားပါတယ်။ သူတို့ရဲ့ ကားနောက်ကနေ ဦးလှမြင့်ခေါ် နူရူမာမောက်၊ ယာဉ်မောင်း အပါအဝင် မူဆလင် (၇) ယောက်ကလည်း ကားတစ်စီးနဲ့ လိုက်ပါသွားတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။ အဲဒီ (၇) ယောက်ဟာ တရားရုံးကနေ စစ်တွေ အမှတ်(၂) ရဲစခန်းကို သွားပြီး မီးခြစ်စက်လမ်း၊ ရောင်နီဦး ဆိပ်ကမ်းကို သွားဖို့ လုံခြုံရေး တောင်းပါတယ်။ အဲဒီနောက် စခန်းက လုံခြုံရေး တပ်သားတစ်ယောက် ထည့်ပေးလိုက်ပြီး ရောင်နီဦး ဆိပ်ကမ်းကို အရောက်မှာ အခုလို လူအုပ်နဲ့ အကြမ်းဖက် တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။ လူအုပ်ကြီးက အုတ်ခဲတွေနဲ့ ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြတဲ့အတွက် ပါသွားတဲ့ ကား ပျက်စီးသွားသလို တစ်ယောက်သေ၊ ၆ ယောက် ဒါဏ်ရာရ အားလုံး ထိခိုက်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်မှာ ဘာသာရေး လူမျိုးရေး ဆန်တဲ့ အကြမ်းဖက်မှုတွေ ပေါ်ပေါက်ပြီးနောက်ပိုင်း စစ်တွေဧရိယာက မူဆလင် အားလုံးနီးပါးလောက်ဟာ အစိုးရက သတ်မှတ်ထားတဲ့ ဒုက္ခသည် စခန်း ဧရိယာတွေမှာပဲ နေထိုင်ကြရပါတယ်။ စခန်း ဝင်ပေါက်ထွက်ပေါက်တွေမှာ ရဲကင်းနဲ့ ရဲစခန်းတွေရှိပြီး စခန်းအပြင်ဘက် ထွက်ချင်ရင် ရဲတပ်ဖွဲ့ဆီက ခွင့်ပြုချက်တောင်း၊ တစ်ချို့ အခြေအနေတွေမှာ ရဲတပ်သားတွေရဲ့ လုံခြုံရေး အစောင့်အရှောက်နဲ့ ထွက်ကြရပါတယ်။ ခွင့်ပြုချက် တစ်စုံတစ်ရာ မရပဲ အပြင်ထွက်ခွင့် မရှိကြပါဘူး။ အခုကိစ္စမှာ ဦးလှမြင့်ခေါ် နူရူမာမောက် ပါ ၇ ယောက် စခန်းပြင် တရားရုံးကို ထွက်တာ ခွင့်ပြုချက် ရလို့ ထွက်တာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် သူတို့အနေနဲ့ ရောင်နီဦး ဆိပ်ကမ်းသွားဖို့ အမှတ်(၂) ရဲစခန်းမှာ ခွင့်ပြုချက်တောင်း၊ ခွင့်ပြုချက်ရလို့လဲ ရဲလုံခြုံရေး တစ်ယောက် ထည့်ပေးလိုက်တာ ဖြစ်ပါတယ်။
တကယ့်ပြသနာက ရဲလုံခြုံရေး တစ်ယောက်ပါပြီး ရောင်နီဦး ဆိပ်ကမ်းကို ရောက်သွားတဲ့ အဲဒီ မူဆလင်အဖွဲ့ကို လူအုပ်ကြီးက အုတ်ခဲတွေနဲ့ ပစ်ပေါက် ဝိုင်းဝန်း အကြမ်းဖက် တိုက်ခိုက်ကြတာပါ။ ရဲတပ်သားရဲ့ အကူအညီကိုလည်း ရခဲ့ကြပုံ မပေါ်ပါဘူး။ ဒါကိုကြည့်ရင် ရခိုင်ပြည်နယ်ထဲက လူမှုအသိုင်းအဝိုင်း နှစ်ခုကြားမှာ အမုန်းတရားတွေ နည်းနည်းလေးမှ ပျက်ပြယ် မသွားသေးတဲ့အပြင် အခြေအနေပေးတာနဲ့ အကြမ်းဖက် ဖြေရှင်းမယ် ဆိုတဲ့ စိတ်ထားမျိုး ရှိနေသေးတာကိုကြည့်ရင် ပဋိပက္ခ ဖြေရှင်းရေး တိုးတက်မှု မရတာကို ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။
ရခိုင်ပြည်နယ် မောင်တောဘက်က အခြေအနေကို ကြည့်ပြန်ရင်လည်း ကျေးရွာတွေမှာ မူဆလင် အကြမ်းဖက် သမားတွေရဲ့ လှုပ်ရှားမှု စိပ်လာတာ တွေ့ရပါတယ်။ သူတို့ကို မနာခံတဲ့ ကျေးရွာ အုပ်ချုပ်ရေး တာဝန်ရှိသူတွေ၊ အစိုးရကို သတင်းပေးတယ်လို့ သူတို့ ယူဆရသူတွေ၊ သူတို့အတွက် အန္တရာယ်ရှိလာနိုင်တယ်လို့ ယူဆသူတွေကို အကြမ်းဖက်သမားတွေက သတ်ဖြတ်မှုတွေ များလာတာ တွေ့ရပါတယ်။ ဒါ့အပြင် ကျူးလွန်သူတွေကို အစိုးရဘက်က ဖမ်းဆီး အရေးယူနိုင်မှု အားနည်းနေသေးတာကိုလည်း တွေ့မြင်နေကြရပါတယ်။
ဒါတွေကိုကြည့်ရင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရ အနေနဲ့ ရခိုင်ပြည်နယ် ပဋိပက္ခ ပြသနာ ဖြေရှင်းရာမှာ သိပ်ပြီး တိုးတက်မှု ရတဲ့ပုံ မတွေ့ကြရပါဘူး။ ဒါနဲ့ ပတ်သက်ပြီး အကြောင်းအမျိုးမျိုး ရှိနိုင်ပါတယ်။ ပထမ အကြောင်းကတော့ ရခိုင်ပြည်နယ် ပြသနာမှာ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု အစိုးရနဲ့ ရခိုင်ပြည်နယ် အစိုးရချည်းပဲ သက်သက် ဖြေရှင်းလို့ မရတဲ့ ပြသနာပါ။ အစိုးရသစ် တက်ပြီး သိပ်မကြာခင် ၂၀၁၆ အောက်တိုဘာမှာ ဒေသခံ မူဆလင်တွေက နယ်ခြားစောင့် ရဲဌာနချုပ်နဲ့ စခန်းတွေကို အကြမ်းဖက် တိုက်ခိုက်ခဲ့တာက စပြီး နယ်မြေ လုံခြုံရေး ပျက်ပြား၊ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က လုံခြုံရေးကို ဦးစားပေး ဆောင်ရွက်နေရတဲ့ အနေအထား ရောက်သွားစေပါတယ်။ နောက်ဆက်တွဲအနေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်တဲ့အခါ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ရှိတယ် ဆိုပြီး နိုင်ငံတကာက စွတ်စွဲလာလို့ အစိုးရ၊ တပ်မတော်နဲ့ ပြည်ထဲရေးက စုံစမ်းစစ်ဆေးရေး ကော်မရှင်တွေ သီးခြားစီ ဖွဲ့ပြီး စုံစမ်းရတဲ့ အနေအထား အထိ ရောက်သွားရသလို၊ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ကလည်း အချက်အလက် ရှာဖွေဖော်ထုတ်ရေးမစ်ရှင်(Fact-Finding Mission) စေလွှတ်ဖို့ ကြိုးစားလာသည် အထိ ပြသနာကို ပိုဆိုးရွားလာစေပါတယ်။
နောက်ပြသနာကြီးတစ်ခုက အင်န်အယ်လ်ဒီ အစိုးရ လုပ်ကိုင်တာ အများစုကို ပြည်နယ်လွှတ်တော်နဲ့ ရခိုင်အမျိုးသားပါတီက ဆန့်ကျင်ကန့်ကွက်နေတာပါ။ ပြည်မကြီးမှာဆိုရင် ပြည်ခိုင်ဖြိုးနဲ့ သူ့မဟာမိတ် ပါတီ တစ်ဒါဇင် ကျော်ကလည်း ရခိုင်ပြည်နယ်အရေး အင်န်အယ်လ်ဒီ ပါတီ အကောင်အထည် ဖော်သမျှ အမြဲလိုလို ဆန့်ကျင်နေတာကနေ အခုနောက်ဆုံး ရခိုင်ပြည်နယ်မှာ စစ်အုပ်ချုပ်ရေး ပြဌာန်းပေးဖို့ အထိ တောင်းဆိုလာတာ တွေ့နိုင်ပါတယ်။ ဒီလို အခြေအနေအောက်မှာ အင်န်အယ်လ်ဒီ အစိုးရ အကောင်အထည် ဖော်နေတဲ့ ရခိုင်ပြည်နယ်မှာ ပဋိပက္ခ ဖြစ်နေတဲ့ နှစ်ဖက် အသိုင်းအဝိုင်း ပြန်လည် သင့်မြတ်ရေး၊ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာစေရေး၊ နှစ်ရှည်လများ ဒုက္ခသည်စခန်း ရောက်သွားသူတွေ သူတို့အိမ်၊ သူတို့နေရာမှာ ပြန်လည် နေခွင့်ရစေရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကနေ တဆင့် လူမှုပဋိပက္ခတွေ လျော့ချနိုင်ရေး စတဲ့ ရည်မှန်းချက်တွေအားလုံး ဘာမှ ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်တာ မတွေ့ရတော့ပါဘူး။
ဒီအတွက် အင်န်အယ်လ်ဒီ ပါတီ အာဏာရလာချိန်ကနေစ ဒီကနေ့ အချိန်ထိ ရခိုင်ပြည်နယ်နယ်မှာ ဖြစ်ပျက်သမျှတွေနဲ့ ပတ်သက်ပြီး အကောင်းဘက်ကို တိုးတက်မှု ရှိမရှိ၊ အခြေအနေတွေ ဆိုးရွားလာရင်လည်း ဘာကြောင့် ဆိုးရွားလာတယ် ဆိုတာကို ပြသနာနဲ့ တကယ် သက်ဆိုင်နေတဲ့ အစိုးရ၊ တပ်မတော်နဲ့ ရခိုင်အမျိုးသားပါတီ အပါအဝင် ဘက်အားလုံးက အသေအခြာ စနစ်တကျ ပြန်လည် ဆန်းစစ်သင့်ပါပြီ။ လိုအပ်ရင် ရခိုင်ပြည်နယ်က နှစ်ဖက် အသိုင်းအဝိုင်း အကျိုးရှိစေမယ့်၊ ပြည်နယ် အကျိုးဖြစ်ထွန်းစေမယ့်၊ တိုင်းပြည် ပုံရိပ် ပြန်ကောင်းလာစေမယ့် မူဝါဒ အသစ်တွေကို ရဲရဲဝန့်ဝန့် ချမှတ် အကောင်အထည် ဖော်သင့်ပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။