သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းသမားတွေကို ဘာကြောင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်းဆီး တရားစွဲဖို့ကြိုးစားသလဲ


 မတ်လ (၂၇) ရက်နေ့က ရဲတပ်ဖွဲ့ကနေ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်းဆီးခဲ့တဲ့ မန္တလေး အခြေစိုက် VOM သတင်းဌာန အယ်ဒီတာချုပ် ကိုနေမျိုးလင်း။
မတ်လ (၂၇) ရက်နေ့က ရဲတပ်ဖွဲ့ကနေ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်းဆီးခဲ့တဲ့ မန္တလေး အခြေစိုက် VOM သတင်းဌာန အယ်ဒီတာချုပ် ကိုနေမျိုးလင်း။
တိုက်ရိုက် လင့်ခ်

Zawgyi/ Unicode

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့က မန္တလေး အခြေစိုက် VOM သတင်းဌာန အယ်ဒီတာချုပ် ကိုနေမျိုးလင်းကို ရဲတပ်ဖွဲ့ကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(က)၊ ၅၂(က) နဲ့ ဖမ်းဆီးခဲ့ပါတယ်။ အစိုးရက အကြမ်းဖက် အုပ်စုအဖြစ် သတ်မှတ်ကြေငြာထားတဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့ နဲ့ ဆက်သွယ်တယ် ဆိုပြီး ကိုနေမျိုးလင်း ကို ဖမ်းဆီးခဲ့သလို ရခိုင်ပြည်နယ် စစ်တွေ အခြေစိုက် နေရဉ္စရာ သတင်းဌာန အယ်ဒီတာချုပ် ကိုခိုင်မြတ်ကျော်နဲ့ ရန်ကုန် ခေတ်သစ် သတင်းဌာန အယ်ဒီတာချုပ် ကိုသာလွန်ဇောင်းထက်တို့ကိုလည်း ရဲတပ်ဖွဲ့က အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့မှာတော့ ကိုနေမျိုးလင်း တစ်ယောက် ဖမ်းဆီး ထိမ်းသိမ်းခံထားရာကနေ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ သူ့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး တရားရုံးတင်ဖို့ ကြိုးစားပေမယ့် သူ့ရဲ့ လုပ်ရပ်ဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူဖို့ ကိုက်ညီမှု မရှိဘူးလို့ ဆိုတဲ့ ဥပဒေအရာရှိရဲ့ အကြံပေးချက်ကြောင့် ပြန်လွတ်လာတာလို့ သတင်းမီဒီယာတွေကို ပြောပါတယ်။ ရဲတပ်ဖွဲ့၊ တနည်းအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာန အနေနဲ့ သတင်းမီဒီယာ သမားတွေကို ခုလို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်းဆီးရုံးတင်ဖို့ ကြိုးစားတာဟာ မှန်ကန်မှု ရှိပါရဲ့လား ဆိုတာ လေ့လာ ကြည့်ကြရအောင်ပါ။
အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ဆိုတာဟာ အရင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၄ ခုနှစ် ဇွန်လမှာ ပြဌာန်းခဲ့တဲ့ ဥပဒေပါ။ ဥပဒေမှာ အခန်း (၁၉)ခန်း၊ ပုဒ်မ ၇၂ ခု ပါဝင်ပါတယ်။ ဥပဒေပါ ပြဌာန်းချက်အရ ပြည်ထောင်စု အစိုးရအဖွဲ့ဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ကို ဖွဲ့စည်းပြီး ပြည်ထဲရေးဝန်ကြီးကို ဥက္ကဌ အဖြစ် တာဝန်ပေးရပါတယ်။ အဲဒီ ဗဟိုအဖွဲ့ဟာ အစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ အဖွဲ့အစည်း တစ်ခုခုကို အကြမ်းဖက် အုပ်စု အဖြစ် ကြေငြာခွင့်ရှိပါတယ်။ လက်ရှိ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ ဥက္ကဌ ပြည်ထဲရေးဝန်ကြီးဟာ အစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့ကို အကြမ်းဖက် အုပ်စုအဖြစ် သတ်မှတ်ကြေငြာထားတာ ဖြစ်ပါတယ်။ အဲလို ကြေငြာပြီး သိပ်မကြာခင်မှာပဲ သတင်းမီဒီယာ ၃ ခုက ဂျာနယ်လစ်တွေကို ဖမ်းဆီးပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ ရုံးတင် တရားစွဲဖို့ ကြိုးစားခဲ့တာပါ။
ဖမ်းဆီးခံရတဲ့ သတင်းသမားတွေရဲ့ ပြောပြချက်အရ သူတို့ကို ရဲတပ်ဖွဲ့က အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(က)၊ ၅၂(က) နဲ့ ဖမ်းဆီးတာလို့ ဆိုပါတယ်။ ပုဒ်မ ၅၀(က) ကို လေ့လာကြည့်တဲ့အခါ ပုဒ်မ ၃ (ခ)၊ ပါ အပိုဒ် (၁၀)(၁၃) (၁၄) ကို ကျူးလွန်ရင် ထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ် တစ်သက် အထိ ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီ ပြဌာန်းချက်တွေကတော့ - “ပုဒ်မ ၃။ (ခ)။ (၁ဝ) အများပြည်သူ၏ လုံခြုံရေးကိုဖြစ်စေ၊ အသက်အိုးအိမ် စည်းစိမ်ကို ဖြစ်စေ၊ အများပြည်သူ သို့မဟုတ် တစ်ဦး တစ်ယောက်အတွက် အရေးကြီးသော အခြေခံ အဆောက်အအုံများကိုဖြစ်စေ၊ နိုင်ငံပိုင်အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်း ကိရိယာနှင့် အသုံးအဆောင် ပစ္စည်းများကိုဖြစ်စေ ပြင်းထန်စွာ ထိခိုက်ဆုံးရှုံး စေရန် ပြုလုပ်မှုများ၊
(၁၃) အများပြည်သူအတွင်း ထိတ်လန့်ကြောက်ရွံ့မှုဖြစ် ပေါ်စေခြင်း၊ အစိုးရ သို့မဟုတ် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတစ်ခုခုအား ဥပဒေနှင့်မညီသည့် လုပ်ရပ် တစ်ခုကို အတင်းအကျပ်ပြုလုပ်စေခြင်း သို့မဟုတ် ဥပဒေနှင့်အညီ ပြုလုပ်ရမည့်ကို မပြုလုပ်ဘဲ ရှောင်ရှားစေခြင်းတို့ကို ရည်ရွယ်၍ အရပ်သားကို ဖြစ်စေ၊ လက်နက်ကိုင် ပဋိပက္ခတိုက်ပွဲဖြစ်နေသည့် အခြေ အနေတွင် စစ်ပြိုင်မှု၌ ပါဝင်တိုက်ခိုက်ခြင်းမရှိသည့် အခြားသူတစ်ဦးဦးကိုဖြစ်စေ သေစေရန် သို့မဟုတ် အပြင်းအထန်နာကျင်စေရန်နှင့် အခြားပြုလုပ်မှုများ၊
( ၁၄) အကြမ်းဖက်ရန် ရည်ရွယ်ချက်ဖြင့် အများပြည်သူ၏ ကျန်းမာရေးကိုဖြစ်စေ၊ ဘေးကင်းရေးကိုဖြစ်စေ၊ သဘာဝပတ်ဝန်းကျင်ကိုဖြစ်စေ ဆိုးရွားစွာထိခိုက် စေသည့် အကြမ်းဖက်မှုများ၊” ဆိုပြီး ဖြစ်ပါတယ်။
နောက်ထပ် စွဲဆိုဖို့ ကြိုးစားတဲ့ ပုဒ်မ ၅၂(က) ကတော့ ပုဒ်မ ၃ (ခ)၊ ပါ အပိုဒ် (၁၆)(၁၇)(၁၈) ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၃ နှစ်ကနေ ၇ နှစ်အထိ ချနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီ အချက်တွေကတော့“ အပိုဒ် (၁၆) အကြမ်းဖက်အုပ်စု ဖွဲ့စည်းရန်၊ အကြမ်းဖက်အုပ်စု တစ်ခုခုတွင် သိလျက်နှင့် ပါဝင်ဆောင်ရွက်ရန်၊ တာဝန် ပေး၍ လှုပ်ရှားဆောင်ရွက်စေရန် ပြုလုပ်မှုများ၊ ( ၁၇) အကြမ်းဖက်သမားကိုဖြစ်စေ၊ အကြမ်းဖက်အုပ်စု တစ်ခုခု၏ အဖွဲ့ဝင်ကိုဖြစ်စေ ဖမ်းဆီး၍ အရေးယူ ခြင်းမပြုနိုင်စေရန် သို့မဟုတ် လွတ်မြောက်စေရန် အလို့ငှာ ထိမ်ချန်ခြင်း သို့မဟုတ် သိလျက်နှင့် ခိုလှုံခွင့်ပေးခြင်း၊ ပုန်းအောင်းခွင့်ပေးခြင်း၊ ယာယီတည်းခို နေထိုင်ခွင့်ပေးခြင်း သို့မဟုတ် ဝှက်ထားခြင်းပြုလုပ် မှုများ၊ (၁၈) အကြမ်းဖက်သမားကိုဖြစ်စေ၊ အကြမ်းဖက်အုပ်စု တစ်ခုခု၏အဖွဲ့ဝင်ကိုဖြစ်စေ အဆောက်အအုံနှင့် နေရာတစ်ခုခုကို အသုံးပြုခွင့်၊ စုဝေးခွင့်၊ အစည်း အဝေးပြု လုပ်ခွင့်ပေးရန်၊ အကြမ်းဖက်မှုဆိုင်ရာ လေ့ကျင့်သင်တန်းပေးရန် သို့မဟုတ် သယ်ယူပို့ဆောင် ရေး စီစဉ်ဆောင်ရွက်ပေးရန် ပြုလုပ်မှုများ။” ဆိုပြီး ဖော်ပြထားပါတယ်။
ဒီ ပြဌာန်းချက်တွေကို အသေအခြာ ကြည့်လိုက်ရုံနဲ့ သတင်းကို ကျင့်ဝတ်နဲ့အညီ ဘက်မလိုက်ပဲ တင်ပြပေးဖို့ တာဝန်ရှိတဲ့ သတင်းဌာနတွေ၊ သတင်းမီဒီယာ သမားတွေ အနေနဲ့ အကြမ်းဖက် အဖွဲ့အစည်း တာဝန်ရှိသူ တစ်ယောက်ယောက်ကို သတင်းမေးတဲ့ ကိစ္စ ဥပဒေနဲ့ ငြိစွန်းတယ် ဆိုတဲ့ ဖော်ပြချက် တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်ပြီးသော်၎င်း ဘယ်ပုဒ်မ မှာမှ ဖော်ပြထားတာ မတွေ့ကြရပါဘူး။ ဒါပေမယ့် အရင်ခေတ်တုန်းကလို ပုဒ်မ ၃(ခ) အပိုဒ် (၁၃) ပါ “အများပြည်သူအတွင်း ထိတ်လန့်ကြောက်ရွံ့မှုဖြစ် ပေါ်စေခြင်း၊” ဆိုတဲ့ အချက်ကို အသုံးပြုပြီး တရားရင်ဆိုင်စေမယ်၊ အပြစ်ရှိမရှိ တရားရုံးကပဲ ဆုံးဖြတ် ဆိုရင်တော့ သတင်းသမားတွေ အများကြီး နစ်နာကြမှာပါ။
ဘယ်လိုပဲဖြစ်ဖြစ် အခု ကိုနေမျိုးလင်းရဲ့ ဖြစ်စဉ်မှာတော့ ဥပဒေအရာရှိဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပါ အဲဒီ ပုဒ်မတွေနဲ့ တရားစွဲဖို့ မကိုက်ညီဘူး ဆိုပြီး အကြံပေးခဲ့လို့ ရဲတပ်ဖွဲ့ဘက်က တရားရုံး စွဲတင်လို့ မရ ဖြစ်သွားတာပါ။ တကယ်လို့ ဥပဒေ အရာရှိက အဲလို စွဲခွင့်ရှိတယ်လို့ အကြံပေးလိုက်တဲ့တိုင် တရားသူကြီးက ဥပဒေပါ ပြဌာန်းချက်ကို ကြည့်ပြီး လက်မခံရင်လည်း တရားစွဲတဲ့ အဆင့် ဖြစ်ပေါ်မှာ မဟုတ်ပါဘူး။
အရင်က အများပြည်သူကြား နာမည်ကြီးခဲ့တဲ့ နိုင်လွတ်လုံ ဥပဒေနဲ့ ပတ်သက်ရင်လည်း ဥပဒေ အရာရှိတွေ မှားယွင်း အကြံပေးကြလို့ ပြည်သူ အများစု ရုံးတင် တရားစွဲတာ ခံခဲ့ရဖူးပါတယ်။ တစ်ချို့ ထောင်ဒါဏ်ချမှတ် ခံကြရပါတယ်။ နောက်ပိုင်း ပြည်ထောင်စု ရှေ့နေချုပ်ကိုယ်တိုင် အဲဒီ ဥပဒေဟာ ပြည်သူတွေကို တရားစွဲလို့ ရတဲ့ ဥပဒေ မဟုတ်ဘူး၊ အမှားအယွင်းတွေ အကြံမပေးကြနဲ့ ဆိုပြီး ညွှန်ကြားလိုက်တော့မှ နိုင်လွတ်လုံ နဲ့ တရားစွဲနေကြတာ တစ်စခန်း ရပ်သွားပါတယ်။ အခု ပြည်ထဲရေးဝန်ကြီးဌာနဘက်ကတော့ သတင်းသမားတွေ အနေနဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး AA အဖွဲ့ကို မေးမြန်းတင်ဆက်တာ မလုပ်ရဲအောင်၊ ကြောက်ရွံ့သွားအောင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်းဆီး၊ တရားစွဲဖို့ ကြိုးစားတာ ဖြစ်ပုံရပါတယ်။ တကယ်လို့ ဥပဒေအရာရှိတွေက မှန်မှန်ကန်ကန် အကြံပေးရင်၊ တရားသူကြီးတွေကလည်း ဥပဒေနဲ့ မညီတာကို လက်မခံရင် ဒီလိုမျိုး သတင်းသမားတွေကို အမှန်အတိုင်း မဖော်ပြရဲအောင်၊ ကြောက်ရွံ့သွားအောင် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဥပဒေကို လိုရာဆွဲ အသုံးချမှု အောင်မြင်နိုင်မှာ မဟုတ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
-----------------------------



XS
SM
MD
LG