သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်-ဒလ တံတား တကယ် ဖြစ်လာဦးမှာလား


ရန်ကုန်-ဒလ တံတားဆောက်လုပ်မယ့် လျာထားချက်
ရန်ကုန်-ဒလ တံတားဆောက်လုပ်မယ့် လျာထားချက်

ခုဆိုရင် မိုးတွင်းကာလ ဝင်ရောက်လာလို့ မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ မိုးကြီးတာ၊ မုန်တိုင်းဝင်တာ နဲ့ အတူ မြို့ရွာအချို့မှာ ရေကြီးတာ၊ ရေကြီးပြီး လမ်းပျက်တာ၊ တနေရာနဲ့ တနေရာ ဆက်သွယ်ရေးတွေ ပြတ်တောက်တာ၊ အိမ်တွေ ရေထဲမျောပါတာ၊ ပြိုကျ ပျက်စီးတာတွေ ဖြစ်ပေါ်နေပါတယ်။ အလားတူ ရန်ကုန်မြို့ကြီးနဲ့ မြစ်တစင်းပဲခြားတဲ့ ဒလဘက်ခြမ်း နေထိုင်သူတွေဟာလည်း မိုးထဲရေထဲမှာ စက်တပ် သဗ္ဗာန်တွေစီးပြီး ရန်ကုန်ဘက် အသွားအပြန် လုပ်နေကြရဆဲ ဖြစ်ပါတယ်။ ဒလနဲ့ ရန်ကုန်ကြားကို ချယ်ရီ သင်္ဘောကြီးတွေနဲ့ သယ်ယူပို့ဆောင်ပေးနေပေမယ့် ဒလဘက်အခြမ်း ပျံ့ကျဲနေထိုင်တဲ့ ပြည်သူတွေ အဖို့ကတော့ ကိုယ့်နီးရာဆိပ်ကမ်းကနေ စက်တပ် သဗ္ဗာန်စီးပြီး သွားမှ အဆင်ပြေတာမို့ အန္တရာယ် ဘယ်လောက်များများ နေ့စဉ် သွားနေလာနေရမြဲ ဖြစ်ပါတယ်။ ဒီလို ကူးသန်းသွားလာရေး နဲ့ အစစ အဆင်ပြေစေဖို့ ဒလ တံတား စီမံကိန်းကြီး ရှိတယ်ဆိုပေမယ့် ခုချိန်ထိ မစနိုင်သေးတာမို့ ဒလဘက်ခြမ်းကလူတွေရော၊ ဧရာဝတီတိုင်းက တက်လာတဲ့ လူတွေပါ ပေါင်းပြီး ဒလ တံတားစီမံကိန်းကြီး အမြန် အကောင်အထည် ဖော်ပေးရေး အစိုးရကို တိုက်တွန်းတဲ့ ဆန္ဒထုတ်ဖော်ပွဲ တစ်ခုတောင် လုပ်ခဲ့ကြပါသေးတယ်။ အစိုးရအနေနဲ့ ဒလ တံတား စီမံကိန်းကြီး စတင်ဖို့ ဘာကြောင့် နှောင့်နှေးနေတာလဲ၊ တံတားစီမံကိန်းကြီးက ဖြစ်ရော ဖြစ်ပါ့ဦးမလား ဆိုတာ ခုတပတ် လေ့လာသုံးသပ်ကြည့်ကြရအောင်ပါ။

ရန်ကုန်ဘက်ခြမ်း နဲ့ ဒလ ဘက်ခြမ်းကို ဆက်သွယ်မယ့် ကြိုးတံတား တစင်းဆောက်ဖို့ စီမံကိန်းကို အရင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ကတည်းက အစပြုခဲ့တာပါ။ ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရံပုံငွေ EDCF ကချေးငွေ၊ မြန်မာအစိုးရဘက်က ထည့်ဝင်ငွေနဲ့ တည်ဆောက်မယ့် စီမံကိန်းပါ။ ကိုရီးယားနိုင်ငံဘက်ကနေ ဒေါ်လာ ၁၃၈ သန်းဝန်းကျင် ချေးယူပြီး မြန်မာဘက်က ဒေါ်လာ သန်း ၃၀ လောက်ထည့်ဝင်ကာ စုစုပေါင်း ဒေါ်လာ ၁၆၈ သန်းလောက် ကုန်ကျမယ့် ကြိုးတံတား တစင်း တည်ဆောက်မယ့် စီမံကိန်းပါ။ ကြိုးတံတားကို ရန်ကုန်ဘက်မှာ ဘယ်နေရာက ချဉ်းကပ်မယ်၊ ဒလဘက်ကမ်းမှာ ဘယ်နေရာက ချဉ်းကပ်မယ် စတာတွေ အပါအဝင် တံတားဒီဇိုင်းဆွဲတာ၊ ဒလဘက်ကမ်းက တံတားစီမံကိန်းနယ်မြေထဲ ပါသွားတဲ့ နေအိမ်နဲ့ မြေတွေကို လျော်ကြေးပေးတာ အားလုံး လုပ်ကိုင်လို့ ပြီးသွားပါပြီ။ ဒါပေမယ့် ကန့်ကွက်မှုတွေကြောင့် ၂၀၁၈ ခုနှစ် နှစ်ဆန်းမှာ စတင်မယ်လို့ ရည်ရွယ်ထားတဲ့ တံတားစီမံကိန်း အခုနှစ်လည် ကျော်လာသည်အထိ မစတင်နိုင်သေးပါဘူး။ ဒီနေရာမှာ အများပြည်သူ ကောင်းကျိုးဖြစ်စေမယ့် တံတားစီမံကိန်းကြီးကို ဘယ်သူတွေက ကန့်ကွက်နေတာလဲ၊ ဘာအကြောင်းကြောင့်လဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

တံတားစီမံကိန်းကို တရားဝင် ကန့်ကွက်နေကြသူတွေကတော့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း လုပ်ငန်း လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီကြီးတွေပါပဲ။ အဲဒီထဲမှာ အေးရှားဝေါလ် ဆိပ်ကမ်း၊ မြန်မာစက်မှုဆိပ်ကမ်း (MIP)၊ ထီးတန်းဆိပ်ကမ်း၊ အမှတ်(၁) အလုံ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း၊ ဆူးလေဆိပ်ကမ်း (၇) ခု၊ ဗိုလ်အောင်ကျော် ဆိပ်ကမ်းတွေလည်း ပါဝင်ကြပါတယ်။ အဲဒီ ကုမ္ပဏီတွေဟာ ပြီးခဲ့တဲ့ ၂၀၁၈ ဖေဖေါ်ဝါရီ ၂၁ ရက်နေ့က UMFCCI မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ကို ကိုရီးယား ချေးငွေနဲ့ အစိုးရက တည်ဆောက်မယ့် ဒလ တံတား စီမံကိန်းကို လုံး၀ ကန့်ကွက်ကြောင်း စာရေးသား အကြောင်းကြားခဲ့ပါတယ်။

စာထဲမှာတော့ သူတို့ ကုမ္ပဏီတွေဟာ နိုင်ငံရဲ့ ထုတ်ကုန် သွင်းကုန်တွေနဲ့ ပတ်သက်ပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွေက ကိုင်တွယ်နေတဲ့ စုစုပေါင်း ကုန်သေတ္တာ ပမာဏရဲ့ ၉၂ ရာခိုင်နှုန်းကို ကိုင်တွယ်နေကြတဲ့အကြောင်း၊ အဲဒီထဲမှာ သင်္ဘောလိုင်း ၂၈ လိုင်းက ကုန်သေတ္တာ အလုံးရေ ၁ သန်းဝန်းကျင်၊ မက်ထရစ်တန် ၂၉ သန်းလောက်ရှိတဲ့ ကုန်စည်တွေကို ဝန်ဆောင်မှု ပေးနေရတဲ့အကြောင်း၊ ဒလ တံတား ဆောက်လိုက်ရင် မြစ်အတွင်း နုန်းပို့ချမှု များလာပြီး နောင်မှာ ကုန်တင်သင်္ဘောတွေ ဝင်ထွက်ရ ခက်ခဲသွားမှာ ဖြစ်ကြောင်း၊ အဲလို ဖြစ်လာရင် ဒီ ဆိပ်ကမ်းတွေကနေ အစိုးရက ရနေတဲ့ အခွန်အခတွေ မြေငှားခတွေ၊ နိုင်ငံခြား ဝင်ငွေတွေ သိသိသာသာ လျော့နည်းသွားမယ်လို့ ဆိုပါတယ်။

အဲဒီ ဆိပ်ကမ်း လုပ်ခွင့်ရ ကုမ္ပဏီတွေရဲ့ ကန့်ကွက်ချက်ကတော့ ပြတ်သားပါတယ်။ ဒလ တံတားကို လုံး၀ မဆောက်ပါနဲ့၊ သူတို့ လုပ်ကိုင်နေတဲ့ ဆိပ်ကမ်းတွေနဲ့ လုံး၀ ကင်းလွတ်ရာ၊ မြစ်၀ ကနေ ၄၂ မိုင်လောက်ကွာတဲ့ ဗားကရာချောက် ဧရိယာကနေ မြေအောက်၊ ရေအောက်လမ်း ဖောက်လုပ်ပါ ဆိုပြီး အကြံပေးခဲ့တာပါပဲ။

အဲဒီ အေးရှားဝေါလ် အပါအဝင် ကုမ္ပဏီတွေဟာ ဒလ တံတား စီမံကိန်းကို စတင်ခဲ့တဲ့ အရင် သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ကိုလည်း အပြစ်တင်ခဲ့ပါတယ်။ အဲဒီအချိန်က သမ္မတ ဦးသိန်းစိန် အစိုးရ အဖွဲ့ဝင်တွေဟာ ဒလ ဘက်မှာ မြေတွေ ဝယ်ယူထားတဲ့သူတွေ အကျိုးရှိစေဖို့၊ မြေတွေ ဝယ်ပြီး ကစားဖို့ လုပ်နေသူတွေ အကျိုးအမြတ် ရစေဖို့ ဒလ တံတား စီမံကိန်းကို အကောင်အထည် ဖော်ဖို့ စီစဉ်ခဲ့တယ် ဆိုတာပါပဲ။ အခုလို ဆိပ်ကမ်း ကုမ္ပဏီတွေက တံတား စီမံကိန်းကြီးကို ပြတ်ပြတ်သားသား ကန့်ကွက်တယ် ဆိုပေမယ့် တကယ့်တကယ် NLD အစိုးရအဖွဲ့ထဲမှာကိုပဲ တံတား စီမံကိန်းကို ဦးဆောင်ကန့်ကွက်ခဲ့တာကတော့ ပို့ဆောင်ရေး ဝန်ကြီးဌာန လက်အောက်က မြန်မာ့ဆိပ်ကမ်း အာဏာပိုင် အဖွဲ့ ဆိုတာပဲ ဖြစ်ပါတယ်။ သူတို့ကတော့ အစိုးရအဖွဲ့လက်အောက်က ဌာန တခု ဖြစ်တဲ့အားလျော်စွာ တံတားစီမံကိန်းကြီးကို မကန့်ကွက်ဖူးလို့ ပြောပေမယ့် တံတားရဲ့ ဒီဇိုင်းကိုတော့ ကန့်ကွက်တယ် ဆိုပြီး ဇွန်လ ၁၂ ရက်နေ့က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို ပြောဆိုခဲ့ပြန်ပါတယ်။ သူတို့ကသာ အဲလို ပြောဆိုပေမယ့် ဆိပ်ကမ်းကုမ္ပဏီတွေကနေ UMFCCI ဆီ ပေးပို့ထားတဲ့ စာမှာတော့ ဒလ တံတား ဆောက်လုပ်တာကို သူတို့ ကုမ္ပဏီတွေ အားလုံးနဲ့ အတူ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် အဖွဲ့ကလည်း ကန့်ကွက်တယ် ဆိုတဲ့အကြောင်း ဖော်ပြထားပါတယ်။ပြောရရင် ဒလ တံတား စီမံကိန်းကြီးကို ဆိပ်ကမ်း လုပ်ငန်း လုပ်ခွင့်ရထားတဲ့ ခရိုနီ ကုမ္ပဏီတွေနဲ့အတူ အစိုးရ ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ခံ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ကပါ လိုက်လံ ကန့်ကွက်နေတယ်ဆိုပြီး ဝေဖန်မှုဟာ မှန်သင့်သလောက် မှန်နေတာ တွေ့ရပါတယ်။

ဒါကို NLD ပါတီ အမတ်တွေကရော၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပါ လက်မခံပါဘူး။ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပင်လယ်ကူး သင်္ဘောတွေ ဝင်ထွက် ဆိုက်ကပ် ကုန်တင်ကုန်ချ လုပ်နိုင်တဲ့ ဆိပ်ကမ်းတွေဆိုတာ ပင်လယ် ၀ မှာပဲ ရှိသင့်တယ်၊ အခု ရန်ကုန်မြစ်ထဲ၊ မြို့လည်မှာ ရောက်နေတဲ့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွေကို ပင်လယ်၀ ကို ပြောင်းရွှေ့ဖို့ သင့်တယ် ဆိုပြီး မှတ်ချက်ပေးပြီးသား ဖြစ်ပါတယ်။ NLD လွှတ်တော် အမတ်တချို့ရဲ့ မှတ်ချက်တွေကတော့ ဒီထက် ပြင်းထန်ပါတယ်။ လက်ရှိ ဒလတံတား စီမံကိန်း မဖြစ်မြောက်အောင် ကန့်ကွက်နေသူတွေဟာ NLD အစိုးရကို ဆန့်ကျင်သူတွေ၊ အစိုးရ အကောင်အထည် ဖော်မယ့် ကောင်းမွန်တဲ့ လုပ်ရပ်တွေ မပေါ်ပေါက်အောင် တားဆီးနေကြသူတွေ အဖြစ် စွပ်စွဲပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဆောက်လုပ်ရေး ဝန်ကြီးဌာနဘက်ကတော့ အဲဒီ ဆိပ်ကမ်းတွေကို ဝင်ထွက်နေတဲ့ သင်္ဘောတွေ ဆက်ပြီး ဝင်ထွက်နိုင်အောင်၊ ခရိုနီ ကုမ္ပဏီတွေရဲ့ စီးပွားရေး မထိခိုက်အောင် ဒီဇိုင်းရေးဆွဲပြီး ထုတ်ပြန်လာတာ တွေ့ရပါတယ်။ မကြာခင် အစိုးရအဖွဲ့ရဲ့ အမိန့်ကြေငြာစာ ထွက်ပေါ်လာပါတော့မယ်။ ဒီအတွက် ခရိုနီ ကုမ္ပဏီတွေ၊ အဲဒီ ကုမ္ပဏီ အကျိုးစီးပွားကို ရပ်ခံတဲ့ ဌာနဆိုင်ရာတွေက အကြောင်းပြချက် အမျိုးမျိုးနဲ့ ဘယ်လိုပဲ ကန့်ကွက်သည်ဖြစ်စေ၊ သိန်းနဲ့ချီရှိတဲ့ ဒလ ဘက်ခြမ်းက ပြည်သူတွေ၊ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းက ပြည်သူတွေ အကျိုးအတွက် ဒလ တံတား စီမံကိန်းကြီး မကြာမီ အကောင်အထည် ပေါ်လာတော့မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG