သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်းကို ဂါရ၀ ပြုသင့်သလား


ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း (VOA)
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း (VOA)

အခုရက်ပိုင်း ပြည်တွင်းမှာ လူပြောအများဆုံး သတင်းတစ်ပုဒ်ကတော့ အရင် စစ်အာဏာရှင်ခေတ်က စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သက်ကြီး စာပေပညာရှင်များ ကန်တော့ပွဲမှာ သွားရောက် ဂါရဝပြု၊ အခြားသော သက်ကြီးစာပေပညာရှင်တွေနဲ့ တန်းတူထား ကန်တော့ခဲ့ခြင်းပါ။ ဝေဖန် ထောက်ပြသူတွေဘက်ကတော့ ပြည်သူလူထု ရွေးကောက်လို့ တက်လာတဲ့ အစိုးရ ထိပ်တန်း ပုဂ္ဂိုလ် တစ်ယောက်လည်းဖြစ်၊ အင်န်အယ်လ်ဒီ ခေါင်းဆောင်နေရာကိုလည်း ရောက်နေပြီဖြစ်တဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အနေနဲ့ အရင် စစ်အာဏာရှင်ခေတ်က အတိုက်အခံ၊ ကျောင်းသား၊ ပြည်သူတွေကို ရက်ရက်စက်စက် ဖိနှိပ်ရာမှာ အဓိက တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း တစ်ယောက်ကို သွားပြီး ဂါရ၀ မပြုသင့်၊ မကန်တော့သင့်ဘူးလို့ ဆိုကြပါတယ်။ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဘက်ကလည်း သူ့ရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး သူ အမှားအယွင်း မလုပ်ခဲ့ကြောင်း ပြန်ဖြေရှင်းပါတယ်။ ဦးဖြိုးမင်းသိန်းကနေ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကို သွားပြီး ဂါရဝပြုတာ၊ ကန်တော့တာဟာ ဘယ်လို အဓိပ္ပါယ် သက်ရောက်စေသလဲ၊ အဲလို ပြုမူဖို့ လိုမလို လေ့လာဆန်းစစ်ကြည့်ကြရအောင်ပါ။

အခု ပြသနာကို ဆန်းစစ်ကြည့်ရင် အပိုင်းနှစ်ပိုင်း မြင်ရပါလိမ့်မယ်။ တပိုင်းကတော့ စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်ကို မြန်မာနိုင်ငံ စာရေးဆရာ အသင်းကနေ ကန်တော့ခံ သက်ကြီး စာပေပညာရှင် အဖြစ် သတ်မှတ်၊ ဖိတ်ကြား နေရာ ပေးခဲ့တဲ့ အပိုင်းနဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သွားပြီး ဂါရ၀ ပြုသင့်မသင့် ဆိုတဲ့ အပိုင်းဖြစ်ပါတယ်။ ဒီ ပြသနာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ စာရေးဆရာ အသင်း တာဝန်ရှိသူတွေ ရှင်းလင်းချက်အရ ဦးခင်ညွန့်ဟာ သူတို့ အဖွဲ့စည်းမျဉ်းအရ သတ်မှတ်ထားတဲ့ လုံးချင်းစာအုပ်တွေ ထုတ်ဝေထားတာ ရှိတယ်၊ စည်းမျဉ်းနဲ့လည်း ညီညွတ်လို့ ကန်တော့ခံ စာရင်းသွင်းတယ်၊ အဲလို စာရင်းသွင်းတာကိုလည်း အဖွဲ့တွင်း အစည်းအဝေးနဲ့ အတည်ပြုပြီး လုပ်ခဲ့တာလို့ ဆိုပါတယ်။ အခုလို အသင်းတာဝန်ရှိသူတွေ ကိုယ်တိုင် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်းကို ကန်တော့ခံ စာပေပညာရှင် အဖြစ် အသေအခြာ သတ်မှတ်ခဲ့ပြီးပြီမို့ အထူးအထွေ ဝေဖန်စရာ အခြားသော လုံးချင်းစာအုပ်တွေ ထုတ်ဝေထားကြတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ စစ်ထောက်လှမ်းရေး ဟောင်းတွေကိုရော ကန်တော့ခံ စာပေပညာရှင်တွေအဖြစ် သတ်မှတ်တော့မလား စသဖြင့် မေးခွန်းတွေလည်း ထုတ်စရာ လိုတော့မှာ မဟုတ်ပါဘူး။ ဒီ အဖွဲ့ရဲ့ လုပ်ရပ်ကို အသိအမှတ်ပြုသူတွေ ထောက်ခံသူတွေ အနေနဲ့ အဖွဲ့ထဲ ဆက် ပါဝင်နိုင်ကြသလို၊ လက်မခံနိုင်သူတွေကတော့ အဖွဲ့ထဲက ထွက်ခွာ သွားကြမှာ ဖြစ်ပါတယ်။ အခုကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ စာရေးဆရာ များ အသင်း ဂုဏ်သိက္ခာ ရှိမရှိ ကိစ္စကတော့ ပြည်သူတွေနဲ့ အချိန်ကပဲ အဆုံးအဖြတ် ပေးသွားပါလိမ့်မယ်။

ဒီထက် အပိုအရေးကြီးတာက ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အနေနဲ့ ဦးခင်ညွန့်ကို သွားပြီး ဂါရ၀ ပြုသင့် မသင့် ကိစ္စပါ။ ဒီ ကိစ္စနဲ့ ပတ်သက်ရင်တော့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုယ်တိုင် ဖြေရှင်းထားတဲ့ စကားလုံးတွေနဲ့ပဲ ပြန်သုံးသပ်လို့ ရပါတယ်။

တကယ်တော့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ စစ်အာဏာရှင် စနစ်ကို တိုက်ဖျက်လာတဲ့၊ နောက်ထပ် စစ်အာဏာရှင်စနစ် မြန်မာ့မြေ ပေါ်မှာ ပြန်ပေါ်မလာအောင် ကြိုးစားနေတဲ့ အင်န်အယ်လ်ဒီ ပါတီရဲ့ ခေါင်းဆောင် တစ်ယောက် ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်လည်း ဖြစ်နေတာပါ။

နောက်တခု ကြည့်ဖို့ လိုတာက စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း၊ ဝန်ကြီးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ဟာ ဘယ်လိုလူလို့ သတ်မှတ်မလဲ ဆိုတဲ့ ကိစ္စပါ။ အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ဦးခင်ညွန့်ဟာ အရင် စစ်အာဏာရှင်ခေတ်က နံပတ်(၃) စစ်ခေါင်းဆောင်ဖြစ်ပါတယ်။ တခါတရံ သူ့ကိုယ်သူတောင် နိုင်ငံတော် ဆိုပြီး ပြောဆိုရည်ညွန်းလေ့ ရှိသူပါ။

အရာကျပြီးနောက်ပိုင်း အင်တာဗျူးတွေမှာ သူဟာ တပ်မတော်သား တစ်ယောက်ဖြစ်တဲ့ အတွက် အထက်အမိန့်ကို နာခံရသူအဖြစ် သူဟာ အပြစ်ကင်းတဲ့ တပ်မတော်သားအဖြစ် ပုံဖော်နေသူ ဖြစ်ပါတယ်။ ဒါပေမယ့် အဖြစ်မှန်တွေကို တကယ်တန်း ပြန်ဆန်းစစ်ကြည့်လိုက်ရင် သူဟာ အရင် စစ်အာဏာရှင်ခေတ်က စစ်အာဏာရှင်စနစ်ကို စနစ်တကျ အသေအခြာ ပုံဖော်ခဲ့သူတစ်ယောက် ဖြစ်တယ်ဆိုတာ တွေ့ကြရမှာပါ။ စစ်အာဏာရှင်စနစ် သက်ဇိုးရှည်ဖို့ အတွက် အတိုက်အခံတွေကို ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့ပါတယ်။ သူ ဦးဆောင်တဲ့ စစ်ထောက်လှမ်းရေးရဲ့ နှိပ်ကွပ်မှုကြောင့် အသက်သေဆုံးသွားရသူတွေ၊ ဒုက္ခိတ ဘ၀ ရောက်ရသူတွေ၊ ဘ၀ ပျက်သွားရသူတွေ၊ မိတကွဲ၊ ဖတကွဲ သားတကွဲ မယားတကွဲ ဖြစ်သွားရသူတွေ၊ အကျဉ်းထောင်ထဲမှာ နှစ်ပေါင်းများစွာ ဒုက္ခခံစားရင်း ပေးဆပ်ခဲ့ရသူတွေ အမြောက်အများပါပဲ။ စစ်အာဏာရှင်စနစ်ကို အန်တုမယ့်သူတွေ ဆိုရင် ကျောင်းသူကျောင်းသားတွေ၊ ဝန်ထမ်းတွေ၊ ပြည်သူတွေ အားလုံး ဘယ်သူတွေကိုမဆို ရန်သူလို့ သတ်မှတ် ချေမှုန်းခဲ့သူတစ်ယောက်ပါ။ စစ်အာဏာရှင်စနစ်ကို ကာကွယ်ဖို့ အတွက် ပညာရေးစနစ်ကို ဖျက်ဆီးရာမှာလည်း တက်တက်ကြွကြွ ဦးဆောင်ခဲ့သူလို့ ဆိုရင်လည်း မမှားပါဘူး။ အားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် စစ်အာဏာရှင်ခေတ်က နံပတ်(၃) ခေါင်းဆောင်၊ စစ်ထောက်လှမ်းရေး ယန္တယား အကြီးအကဲ တစ်ယောက် အနေနဲ့ တိုင်းပြည် အဖက်ဖက်က ယိုယွင်းကျဆင်းသွားရမှု၊ ပြည်သူလူထုအားလုံး အကြောက်တရားလွှမ်းမိုးမှု အောက်မှာ နေထိုင်ရမှု စတဲ့ အခြေအနေ အရပ်ရပ်အတွက် တာဝန်အရှိဆုံး သူတစ်ယောက်ထဲမှာ ပါဝင်ပါတယ်။

အဲလိုလူမျိုးနဲ့ ပတ်သက်ပြီး အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အတွက် သူ့လုပ်ရပ်တေအပေါ် နောက်ကြောင်းပြန် အရေးမယူဘူးလို့ ပြောဆိုတာ၊ တွေ့ဆုံတာ လောက်ကတော့ ဘာမှ သိပ်အရေးမကြီးပါဘူး။ ဒါပေမယ့် အင်န်အယ်လ်ဒီ ခေါင်းဆောင်တစ်ယောက်၊ ပြည်သူတင်မြှောက်ထားတဲ့ အစိုးရအဖွဲ့ ဝန်ကြီးချုပ်တစ်ယောက် အနေနဲ့ ဂါရ၀ ပြုဖို့၊ ကန်တော့ဖို့ ဆိုရင်တော့ နိုင်ငံရေးအရ အများကြီး စဉ်းစားဖို့ လိုပါတယ်။ နမူနာအားဖြင့် ဂျပန်နိုင်ငံမှာ စစ်အရာရှိဟောင်းတွေကို မြှုပ်နှံထားတဲ့ ရာဇူကူနီ စစ်သဂြို ၤင်း ဆိုတာရှိပြီး ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း မဟာမိတ် စစ်ခုံရုံးတွေမှာ သေဒါဏ်အပေးခံရတဲ့ စစ်ဗိုလ်ချုပ်တွေကိုလည်း မြှုပ်နှံထားပါတယ်။ ဂျပန်နိုင်ငံက ရွေးကောက်ခံပြီး တက်လာတဲ့ ဝန်ကြီးချုပ်တစ်ချို့ အဲဒီ

စစ်သဂြိ ၤုင်းကို သွားပြီး ဂါရဝပြုတဲ့အခါ ဂျပန်ဖက်စစ်တွေရဲ့ ဒါဏ်ကို ရက်ရက်စက်စက် အလူးအလဲ ခံခဲ့ရတဲ့ တရုတ်၊ ကိုရီးယားလို နိုင်ငံတွေက အပြင်းအထန် ကန့်ကွက်ကြပါတယ်။ မျက်မှောက်ခေတ် ဂျပန်ဝန်ကြီးချုပ်ဟာ ဖက်စစ်တွေရဲ့ ဒါဏ်ခံရတဲ့ နိုင်ငံက ပြည်သူတွေကို တောင်းပန်ဖို့ ဝေးလို့ စစ်ရာဇဝတ် ပြစ်မှုကျူးလွန်ခဲ့သူတွေကို သွားဂါရဝပြုရင်း သူတို့နိုင်ငံနဲ့ ပြည်သူတွေကို စော်ကားရာရောက်တယ် ဆိုပြီး သတ်မှတ်ကြလို့ ဖြစ်ပါတယ်။ ဒီအတွက် နောက်ပိုင်း ဂျပန်ဝန်ကြီးချုပ်တွေ အဲဒီ ရာဇူကူနီ စစ်သဂြို ၤင်း သွားပြီး ဂါရဝပြုဖို့ ကိစ္စ၊ နိုင်ငံအခြင်းခြင်း ဆက်ဆံရေး၊ စီးပွားရေး စတဲ့ အခြေအနေအားလုံးကို ချင့်တွက်ပြီး ရှောင်ရှားကြလေ့ ရှိပါတယ်။

ဒီကနေ့အချိန်ထိ တပ်မတော်က ဘာမှ မှားတာ မလုပ်ခဲ့ဖူး၊ သူလည်း ဘာအမှားမှ ကျူးလွန်ထားတာ မရှိဘူး လို့ တတွင်တွင် ပြောဆိုနေတဲ့၊ တိုင်းပြည်ကို စစ်အာဏာရှင်စနစ်အောက် ဒုက္ခရောက်စေရာမှာ တာဝန်အကြီးကြီးရှိတဲ့ ဦးခင်ညွန့်လို ပုဂ္ဂိုလ်မျိုးကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သွားပြီး ဂါရဝပြု ကန်တော့တဲ့ကိစ္စ ပြည်သူလူထုကို မထေမဲ့မြင်ပြုတဲ့ အပြုအမူမျိုးအဖြစ် ထင်မြင်ယူဆစရာ ဖြစ်လာနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG