စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အင်န်အယ်လ်ဒီ အပါအဝင် အတိုက်အခံ အင်အားစုတွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ပြည်သူများဆိုင်ရာ မူဝါဒ သဘောထား တစ်ရပ်ကို ဇွန်လ ၃ ရက်နေ့က ထုတ်ပြန်ပါတယ်။ အနောက်နိုင်ငံတွေ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြု၊ ထောက်ခံမှု ရအောင် ကြိုးစားနေတဲ့ NUG အနေနဲ့ အနောက်နိုင်ငံ အသိုင်းအဝိုင်းက အထူး စိတ်ဝင်စားနေတဲ့ ရိုဟင်ဂျာ ပြသနာကို ဘယ်လို သဘောထားသလဲ၊ မူဝါဒ ဘယ်လိုရှိသလဲ၊ နောင် တရားဝင် အစိုးရအဖွဲ့ ဖြစ်လာရင် ဘယ်လို ကိုင်တွယ်မလဲ ဆိုတဲ့ ကိစ္စကို အဖြေပေးလိုက်တာပါ။
အရင် စစ်အာဏာရှင် အဆက်ဆက်ဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာပြသနာဟာ ကိုလိုနီ စနစ် အမွေဆိုးက ပေါက်ဖွားလာတာ ဖြစ်တယ်၊ နယ်ချဲ့ ဗြိတိသျှတွေဟာ မြန်မာနိုင်ငံကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လယ်ယာလုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့ ဘင်္ဂလားဒေ့ရှ်ဘက်က ဘင်္ဂါလီ လူမျိုးတွေကို အလုံးအရင်းနဲ့ ခေါ်သွင်းခဲ့တယ်၊ ဒါကြောင့် အဲဒီ ဘင်္ဂလီတွေဆိုတာ တိုင်းရင်းသားတွေ မဟုတ်၊ နိုင်ငံသားလည်း မဖြစ်နိုင်တဲ့ ခိုးဝင်တွေပဲ ဖြစ်တယ် ဆိုတဲ့ မူဝါဒ ကိုင်စွဲပြီး ပြသနာကို ဖြေရှင်းဖို့ ကြိုးစားခဲ့တာ တွေ့ရပါတယ်။ အဲဒီ မူဝါဒကို အကောင်အထည် ဖော်နိုင်ဖို့ အာဏာရှင် ဦးနေဝင်း လက်ထက် ၁၉၈၂ ခုနှစ်မှာ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေ တရပ် ပြဌာန်းခဲ့ပြီး ဒီကနေ့အချိန်ထိ ကျင့်သုံးခဲ့တာ တွေ့နိုင်ပါတယ်။ အဲဒီ ဥပဒေအရ ဗြိတိသျှတွေ မြန်မာနိုင်ငံ အောက်ပိုင်း ရခိုင်နဲ့ တနင်္သာရီကို တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ ၁၈၂၄ ခုနှစ် မတိုင်ခင် မြန်မာနိုင်ငံတွင်း နေထိုင်သူတွေနဲ့ အဲဒီလူတွေကနေ ဆင်းသက်လာသူတွေကိုသာ တိုင်းရင်းသားနဲ့ နိုင်ငံသားတွေအဖြစ် အသိအမှတ်ပြုမယ်ဆိုတာမျိုး ပြဌာန်းထားလေတော့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကိုသာ အဲဒီ ဥပဒေနဲ့ တိုက်ဆိုင် စစ်ဆေးလိုက်ရင် ဘယ်သူမှ နိုင်ငံသား အဆင့်အတန်း ရမှာ မဟုတ်သလို၊ အခြား ဘယ် အဆင့်အတန်းမျိုးကိုမှလည်း မရ၊ နိုင်ငံခြားသား ပဲ ဖြစ်နေမယ့် ဥပဒေမျိုးပါ။
လက်ရှိ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ၂၀၁၆ ခုနှစ်က ဥရောပ သံတမန်တဦးနဲ့ တွေ့ဆုံရာမှာ ရခိုင်ပြည်နယ်က ဘင်္ဂလီတွေကို ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့ စစ်ဆေးရမယ်၊ နိုင်ငံသား ဖြစ်နိုင်သူတွေကို ဖြစ်ခွင့်ပေးမယ်၊ မဖြစ်နိုင်သူတွေကို Camp တွေမှာ ထားပြီး သူတို့ကို လက်ခံမယ့်နိုင်ငံ ပေါ်ပေါက်ရင် ပို့ပေးမယ် ဆိုပြီးတောင် ပြောဆိုခဲ့ဖူးတာပါ။ အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက် ရခိုင်ပြည်နယ်က မူဆလင်တွေကို ရိုဟင်ဂျာ လူမျိုးအဖြစ် အသိအမှတ်ပြုတာ၊ မြန်မာ့ စွယ်စုံကျမ်းပြုစုတဲ့ဆီမှာ ထည့်သွင်းဖော်ပြခဲ့တာမျိုး ရှိခဲ့ဖူးပေမယ့် အဲဒါဟာ ကာလတိုဖြစ်ပြီး နောက်ပိုင်း ရိုဟင်ဂျာ ဆိုတဲ့ အခေါ်အဝေါ်ကို လုံး၀ အသိအမှတ်မပြုတော့တာ ဒီကနေ့အချိန်ထိပါပဲ။ အဲဒီလို လက်တွေ့မကျတဲ့ မူဝါဒ၊ ဥပဒေနဲ့ ချဉ်းကပ်ပြီး ပြသနာကို အကြမ်းဖက် ဖြေရှင်းတတ်လေတော့ စစ်အာဏာရှင် ခေတ်ကာလ တလျောက်လုံး ရိုဟင်ဂျာ အရေးကိစ္စဟာ ပဋိပက္ခတွေ ဖြစ်လာလိုက်၊ ခဏ ငြိမ်သက်သွားလိုက်၊ ပြန်ပြီး ပေါ်လာလိုက်နဲ့ ဖြစ်နေတာ အင်န်အယ်လ်ဒီ အစိုးရ အာဏာရလာတဲ့အချိန်ထိ တိုင်အောင်ပါပဲ။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရ တက်လာတဲ့အခါ ပြသနာကို လက်တွေ့ကျကျ ဖြေရှင်းဖို့ ကြိုးစားခဲ့တာ တွေ့ရပါတယ်။ နိုင်ငံတကာရဲ့ ထောက်ခံမှု ရလာအောင် ကုလ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင် တစ်ရပ် ဖွဲ့စည်းပြီးတောင် ဆောင်ရွက်တာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း မူဝါဒ နည်းနည်းမှားတာနဲ့ အဲဒါကို အကြောင်းပြပြီး စစ်တပ်က အာဏာသိမ်းဖို့ အန္တရာယ် ကြုံနိုင်တဲ့ အခြေအနေအောက်မှာ လွတ်လွတ်လပ်လပ် အကောင်အထည် ဖော်နိုင်ခဲ့တာတော့ မဟုတ်ပါဘူး။
အင်န်အယ်လ်ဒီ လက်ထက် သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ နာမည်ပေးထားတဲ့ လူမျိုးစုကို ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးစွဲခြင်း မပြုသလို၊ အရင် စစ်အာဏာရှင် ခေတ်အဆက်ဆက် ခေါ်ဝေါ်ခဲ့တဲ့ ဘင်္ဂလီတွေလို့လည်း မသုံးနှုန်းပါဘူး။ ပဋိပက္ခ ပြသနာ နည်းအောင် “ ရခိုင်ပြည်နယ်က မူဆလင် အသိုင်းအဝိုင်း” ဆိုပြီး ခေါ်ဝေါ်တာ လုပ်ခဲ့ပါတယ်။
ကိုဖီအာနန် ကော်မရှင် အစီရင်ခံစာ အကြံပေးချက်တွေ အတိုင်း ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးကိစ္စ၊ လူမျိုးစုတွေအကြား သဟဇာတ ဖြစ်ရေး ကိစ္စ အကောင်အထည် ဖော်ပါတယ်။ ဒါပေမယ့် ပြသနာ ဖြေရှင်းရေးမှာ အဓိက၊ သော့ချက်ကျတဲ့ ၁၉၈၂ နိုင်ငံသား ဖြစ်မှု ဥပဒေကို ပြန်သုံးသပ်တာ၊ လူ့အခွင့်အရေး၊ နိုင်ငံတကာ ဥပဒေ စံနှုန်းတွေနဲ့ ကွာခြားမှု မရှိစေရေး ပြင်ဆင်တာမျိုးကိုတော့ အစီရင်ခံစာမှာ ပါတဲ့တိုင် လုံး၀ အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။ အခြားတဖက်မှာတော့ အင်န်အယ်လ်ဒီရဲ့ ရခိုင်ပြသနာ ပြေလည်စေရေး နည်းလမ်းတကျ ကြိုးစားနေချိန်မှာ ARSA အဖွဲ့ရဲ့ အကြမ်းဖက်မှုတွေပေါ်ပေါက်၊ အဲဒါကို တပ်မတော်က အင်အားသုံးနှိမ်နင်း၊ နောက်ဆက်တွဲ အနေနဲ့ သိန်းနဲ့ချီရှိတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခဲ့ကြပြီး ရိုဟင်ဂျာ ပြသနာဟာ နိုင်ငံတကာ အာရုံစိုက်တဲ့ ပြသနာကြီး ဖြစ်ခဲ့ရသလို၊ နောက်ဆုံး ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ရောက်သည် အထိ ဖြစ်ခဲ့ရလို့ပါပဲ။
အခုနောက်ဆုံးတော့ အဲဒီ ပြသနာဟာ နိုင်ငံတကာ ထောက်ခံမှုရအောင် ကြိုးစားနေတဲ့ NUG ရဲ့ ပုခုံးပေါ် ရောက်လာခဲ့ပါပြီ။ NUG အနေနဲ့ကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံ၊ဖျက်သိမ်းပြီလို့ ကြေညာထားသလို၊ အာဏာသိမ်း စစ်ကောင်စီကိုလည်း ဂရုစိုက်ဖို့ မလိုတော့တဲ့ အခြေအနေအောက်မှာ ရိုဟင်ဂျာ ပြသနာကို ပိုပြီး လက်တွေ့ကျကျ ချဉ်းကပ်၊ မူဝါဒ ချမှတ်လာနိုင်တာ တွေ့ရပါတယ်။ အရင် အင်န်အယ်လ်ဒီ အစိုးရနဲ့ ခြားနားတာက NUG ဟာ ရခိုင်ပြည်နယ်က မူဆလင်တွေကို “ ရိုဟင်ဂျာ” လို့ ခေါ်ဝေါ်တာကို ပြတ်ပြတ်သားသား အသိအမှတ်ပြုလိုက်တာပါပဲ။ နောက် ထူးခြားချက် တခုကတော့ အရင် စစ်အာဏာရှင်တွေနဲ့ စစ်တပ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှု၊ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေကို အင်န်အယ်လ်ဒီ ရဲ့ ပြည်တွင်းမှာပဲ တရားစီရင်မယ် ဆိုတဲ့ သဘောထားကနေ အခု NUG အစိုးရက နိုင်ငံတကာမှာ တရားစီရင်တာမျိုးကိုပါ လက်ခံ၊ အားပေးတယ်ဆိုပြီး ပြောင်းလဲလိုက်ပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်တစ်ခု ရေးဆွဲရေးကိစ္စ၊ အဲဒါပြီးရင် ရိုဟင်ဂျာ ပြသနာ ဖြေရှင်းရေးမှာ အရေးပါတဲ့ ၁၉၈၂ နိုင်ငံသား ဥပဒေကို ဖျက်သိမ်းတာ၊ ပြင်ဆင်တာ၊ အသစ်ပြန်ရေးဆွဲတာ လုပ်မယ်၊ အဲလို လုပ်ရာမှာ မြန်မာနိုင်ငံသားဖြစ်မှုကို မြန်မာနိုင်ငံတွင်း မွေးဖွားခြင်း ဒါမှမဟုတ် မည်သည့်နေရာတွင် ဖြစ်စေ၊ မြန်မာနိုင်ငံသား မိဘနှစ်ပါးက မွေးဖွားခြင်း အချက်တွေအပေါ် အခြေခံမယ်လို့ ထုတ်ပြန်ထားတာတွေ့ရပါတယ်။
ဒီထက် ပိုပြီး အရေးကြီးတာကတော့ ရိုဟင်ဂျာ ပြသနာ ဖြေရှင်းရေးမှာ အရင် အင်န်အယ်လ်ဒီ အစိုးရလက်ထက်က ကိုဖီအာနန် အစီရင်ခံစာ အကြံပြုချက်တွေအပေါ် အခြေပြု အကောင်အထည် ဖော်ခဲ့ရာကနေ အခု အဲဒါတွေကို သုံးသပ်စရာ အချက်တွေအဖြစ်ပဲ မှတ်ယူမှာဖြစ်ပြီး NUG အနေနဲ့ ပြသနာကို ရခိုင်ပြည်နယ်က ပြည်သူတွေနဲ့ ဆွေးနွေးညှိနှိုင်း၊ လက်တွဲ အကောင်အထည်ဖော် ဖြေရှင်းသွားမယ်လို့ ဖော်ပြထားပါတယ်။ ပြောရရင် NUG ရဲ့ ရိုဟင်ဂျာ ပြသနာ ဖြေရှင်းရေး မူဝါဒ သဘောထားတွေဟာ အရင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ လက်ထက်က ချမှတ် အကောင်အထည် ဖော်ခဲ့တဲ့ မူဝါဒတွေနဲ့ နှိုင်းယှဉ်ရင် အများကြီး ကွာခြားသွားခဲ့ပြီ ဖြစ်သလို၊ ပိုပြီး လက်တွေ့ကျ၊ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ သက်ဆိုင်ရာ ဘက်အသီးသီးက လက်ခံလာကြဖို့ ပိုပြီး နီးစပ်တဲ့ အခြေအနေ ရောက်သွားစေလိမ့်မယ်လို့ မျှော်လင့်ရကြောင်းပါ။
-----------------------------