သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ ကိုဗစ် တတိယလှိုင်းကို ကိုင်တွယ် ဖြေရှင်းနိုင်မလား


The cremation of a pregnant woman who died of COVID-19 in Chin State's Cikha town
The cremation of a pregnant woman who died of COVID-19 in Chin State's Cikha town
တိုက်ရိုက် လင့်ခ်

စစ်ကောင်စီလက်အောက် ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရ ဖေဖေါ်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း Covid-19 ဗိုင်းရပ်စ် ပိုးတွေ့လူနာနဲ့ သေဆုံးသူ အရေအတွက် နည်းလာသလို၊ လက်ခံကုသပေးရတဲ့ Active လူနာ အရေအတွက်လည်း တဖြေးဖြေး ကျဆင်းလာတယ်လို့ ဆိုပါတယ်။ ဆရာဝန်တွေနဲ့ သတင်းစာဆရာ တစ်ချို့က ဒီ စာရင်းဇယား ကိန်းဂဏန်း အရေအတွက်ကို အပြည့်အ၀ ယုံစားလို့ မရဘူးလို့ ဝေဖန်နေကြတဲ့တိုင် အရင်က လူနာတွေ၊ ကွာရင်တင်းဝင်နေသူတွေနဲ့ ပြည့်နှက်နေခဲ့တဲ့ အရေးပေါ် ကုသရေး စင်တာတွေ ပိတ်သိမ်းသွားကြတာကိုတော့ တွေ့မြင်ကြရပါတယ်။ ဒါပေမယ့် အခု ဇွန်လဆန်းကစ ဗိုင်းရပ်စ် ပိုးတွေ့သူ တစ်ရက်ကို အယောက် ၁၀၀ ဝန်းကျင်၊ တစ်ချို့နေ့တွေမှာ ၂၀၀ ကျော် ၃၀၀ တွေ့လာရသလို၊ စစ်ကောင်စီ ကျန်းမာရေး ဝန်ကြီးဌာနဘက်က လိုအပ်ရင် အသုံးပြုနိုင်ဖို့ ကုသရေးနဲ့ ကွာရင်တင်း စင်တာ တစ်ချို့ ဖွင့်လှစ်ဖို့ ပြင်ဆင်နေတာကိုလည်း တွေ့ရပါတယ်။ မြန်မာနိုင်ငံအတွက် ကိုဗစ် ဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်မှု တတိယလှိုင်း ဝင်ရောက်လာတော့မလား၊ ဒီအခြေအနေကို စစ်ကောင်စီလက်အောက် ကျန်းမာရေး ဝန်ကြီးဌာနကရော ကိုင်တွယ်နိုင်ပါ့မလား ဆိုတဲ့ကိစ္စ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။


ဒီကနေ့အချိန်အထိ ကမ္ဘာတစ်လွှား လူပေါင်း သန်း ၁၈၀ ဝန်းကျင် ကူးစက်ခံရပြီး လူပေါင်း ၄ သန်းနီးပါး သေဆုံးခဲ့ပြီဖြစ်တဲ့ Covid-19 ကပ်ရောဂါဟာ ၂၀၂၀ မတ်လ ၂၃ ရက်နေ့ကစ မြန်မာနိုင်ငံကို ရောက်ရှိ ကူးစက်လာခဲ့ပါတယ်။ ၂၀၂၀ သြဂုတ်လလယ် အထိကို ကိုဗစ် ပထမလှိုင်း ကူးစက်မှု ကာလ အဖြစ် သတ်မှတ်ပြီး ၅ လ နီးပါးအတွင်း ကူးစက်ခံရသူ ၃၇၅ ယောက်ပဲ ရှိခဲ့တာပါ။ အဲဒီအချိန်ကစ နေ့စဉ် ကိုဗစ် ကူးစက်ခံရသူ အရေအတွက် တဖြေးဖြေးမြင့်တက်လာပြီး အမြင့်ဆုံးအဖြစ် အောက်တိုဘာ ၁၀ ရက်တစ်နေ့တည်းမှာ ကူးစက်ခံရသူ ၂၁၅၈ ယောက် အထိ ရှိခဲ့တာ တွေ့ရပါတယ်။ နောက်ပိုင်း တဖြေးဖြေး ကျဆင်းသွားပြီး စစ်အာဏာသိမ်းပွဲဖြစ်တဲ့ ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ ကူးစက်ခံရသူ ၂၀၉ ယောက်၊ စုစုပေါင်း ကူးစက်ခံရပြီးသူ ၁ သိန်း ၄ သောင်းကျော်နဲ့ သေဆုံးသူ စုစုပေါင်း ၃၁၃၈ ယောက် ရှိခဲ့ပါတယ်။ သြဂုတ်လ ဒုတိယ အပတ်ကနေ အဲဒီကာလ ဝန်းကျင်အထိ ကိုဗစ် ဒုတိယလှိုင်း ကာလလို့ သတ်မှတ်နိုင်ပါတယ်။


မြန်မာနိုင်ငံမှာ ကိုဗစ် စပြီး ကူးစက်မှု ရောက်လာတဲ့ အချိန်ထိ ကျန်းမာရေး ဝန်ကြီးဌာနမှာ ကိုဗစ်ကို စစ်ဆေးနိုင်တဲ့ အခြေအနေတောင် မရှိခဲ့ပါဘူး။ ပထမပိုင်းမှာ နှာခေါင်းနဲ့အာခေါင်တို့ဖတ် နမူနာတွေ ထိုင်းနိုင်ငံကို ပေးပို့ စစ်ဆေးခဲ့ရပြီး နောက်ပိုင်းကျမှ ပြည်တွင်းမှာ စစ်ဆေးနိုင်ခဲ့သလို ၂၀၂၀ နှစ်လည်ပိုင်း အရောက်မှာတော့ Covid-19 မျိုးဗီဇ တစ်ခုလုံးကို ဓာတ်ခွဲ သုတေသန လုပ်နိုင်သည် အထိ တိုးတက်မှု ရလာတာ တွေ့ရပါတယ်။ အဲဒီအချိန်က အင်န်အယ်လ်ဒီ အစိုးရနဲ့ ကျန်းမာရေး ဝန်ကြီးဌာနဟာ ကိုဗစ် ကာကွယ်၊ ကုသရေး လုပ်ငန်းကြီးတစ်ခုလုံး ကိုင်တွယ် နိုင်ဖို့အတွက် ပြည်သူ တရပ်လုံးကို စည်းရုံးပြီး အားလုံးပါဝင် ဖြေရှင်းတဲ့နည်းကို ကျင့်သုံးခဲ့သလို၊ တိုင်းပြည် စီးပွားရေး အထိအခိုက်နည်းအောင်လည်း ကြိုးစားခဲ့တာ တွေ့ရပါတယ်။ ရလာဒ်အဖြစ် အာစီယံ ၁၀ နိုင်ငံမှာ ကိုဗစ်ကို ရင်ဆိုင်နေရတဲ့တိုင် တိုင်းပြည်စီးပွားရေး အပေါင်းလက္ခဏာ ပြတဲ့ ၃ နိုင်ငံမှာ ပါဝင်ခဲ့သလို ဖေဖေါ်ဝါရီ ၁ ရက်နေ့အထိ ကိုဗစ်ကြောင့် သေဆုံးသူ ၂.၄%၊ ပြန်လည် ကောင်းမွန်လာသူ ၉၇.၅% ရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ဒါဟာ ကမ္ဘာ့ပျမ်းမျှ သေဆုံးနှုန်းအောက် နည်းနည်းလေး နိမ့်တာ တွေ့ရပါတယ်။ ပြောရရင် အင်န်အယ်လ်ဒီ အစိုးရလက်ထက် Covid-19 ကပ်ရောဂါဘေးကို အတိုင်းအတာ တခုအထိ နိုင်နင်း ကိုင်တွယ်နိုင်ခဲ့တယ် ဆိုတာပါ။


စစ်အာဏာသိမ်းပြီးနောက်မှာတော့ အခြေအနေတွေ ပြောင်းလဲကုန်ပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာန လက်အောက်က ဆရာဝန်တွေ၊ ပါမောက္ခတွေ အစိုးရ လုပ်ငန်းခွင် မဝင်ပဲ CDM လုပ်ကြပါတယ်။ CDM လုပ်တယ် ဆိုပေမယ့် ပြင်ပ ဆေးရုံတွေ၊ ဆေးခန်းတွေ၊ အခမဲ့ ဆေးကုသရေး ဌာနတွေမှာ ကုသမှု ဆက်လုပ်ကြသလို၊ ဆန္ဒပြပွဲကို စစ်တပ်က အကြမ်းဖက် ပစ်ခတ် သတ်ဖြတ် နှိမ်နင်းစဉ်ကာလ ကြုံရာနေရာတွေမှာ ဒဏ်ရာရသူတွေကို ဆေးကုသမှုပေးကြပါတယ်။ လိုအပ်လို့ အရေးကြီးလို့ ဖိတ်ခေါ်ရင် အစိုးရဆေးရုံတွေဆီလည်း သွားကုပေးမယ်လို့ ဆိုပါတယ်။


ဒါပေမယ့်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီရဲ့ ဆရာဝန်တွေ၊ ပါမောက္ခကြီးတွေအပေါ် တုန့်ပြန်ပုံကတော့ ပြင်းထန်ပါတယ်။ ပုဒ်မ ၅၀၅(က) နဲ့ ဖမ်းဝရမ်းတွေ ထုတ်တာ၊ ဘယ်နေရာမှာ ဆေးကုကု တွေ့တာနဲ့ ဖမ်းဆီးတာ၊ CDM ဆရာဝန်တွေ ဆေးကုတဲ့ ပုဂ္ဂလိက ဆေးရုံ၊ဆေးပေးခန်း၊ အခမဲ့ ဆေးခန်းတွေကို ပိတ်ပစ်မယ်လို့ ခြိမ်းခြောက်တာ၊ အရေးယူ ပိတ်ပစ်တာ လုပ်ခဲ့ပါတယ်။ ဒါတင်မက အဲဒီ ဆရာဝန်တွေရဲ့ နိုင်ငံကူးလက်မှတ်ကို ဖျက်သိမ်းပြီး ပြည်ပ ထွက်ခွာခွင့်ပိတ်ပင်တာ၊ ဆေးကုသခွင့်လိုင်စင် ရုပ်သိမ်းတာမျိုး အထိ လုပ်ခဲ့ပါတယ်။ အကျိုးဆက်ကတော့ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍကြီး တစ်ခုလုံး ထိခိုက်ကုန်ပြီး အဲဒီထဲမှာ Covid-19 ကာကွယ်၊ ကုသရေး လုပ်ငန်းတွေလည်း ပါဝင်သွားပါတော့တယ်။


အင်န်အယ်လ်ဒီ အစိုးရလက်ထက်တုန်းကတော့ ကိုဗစ် ကာကွယ်ဆေး ရဖို့၊ ရံပုံငွေတွေ ရဖို့၊ စနစ်တကျ ထိုးနှံနိုင်ဖို့ ပြင်ဆင် ဆောင်ရွက်နိုင်ခဲ့သလို၊ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ ကိုဗစ်ကာကွယ်ဆေး အစောဆုံး ရရှိထိုးနှံတဲ့ နိုင်ငံ ဖြစ်ခဲ့တာ တွေ့ရပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ပြည်သူတွေဟာ ကိုယ့်ကိုကိုယ် အနစ်နာခံပြီး ကာကွယ်ဆေး ထိုးနှံတာမျိုးကိုတောင် လက်မခံ၊ သပိတ်မှောက်ခဲ့ကြပါတယ်။ ဒီလိုနဲ့ စစ်ကောင်စီ ကျန်းမာရေး ဝန်ကြီးဌာနဟာ ရထားတဲ့ ကာကွယ်ဆေး တချို့ကိုတောင် စီစဉ်ထားတဲ့ အုပ်စုတွေလိုက် စနစ်တကျ ထိုးနှံတာမျိုး မလုပ်နိုင်တော့ပဲ ရပ်ကွက်တွေထဲ အသံချဲ့စက်နဲ့ လိုက်အော်၊ ထိုးချင်သူတွေကို ထိုးနှံပေးတဲ့ အခြေအနေမျိုး ရောက်သွားခဲ့ပါတယ်။ နောက်ပိုင်း ပြည်သူအများစုကြီးဟာ ကိုဗစ် ကာကွယ်ဆေး ဝယ်ယူမယ့် ရံပုံငွေထဲ လှူဒါန်းတာမျိုးကိုတောင် သိပ် မလုပ်ကြတော့ပါဘူး။ ပြောရရင် စစ်ကောင်စီ လက်အောက်မှာ ကိုဗစ် ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ် ဖရိုဖရဲ ဖြစ်သွားသလို၊ အောင်မြင်မှုလည်း မရတော့ပါဘူး။
အဲလို အခြေအနေအောက်မှာ ကိုဗစ် ကူးစက်ခံရသူ အရေအတွက် တိုးလာသလို၊ ကာကွယ်ရေး ဝန်ကြီးဌာန Defence Service Medical Research Center ရဲ့ ဓာတ်ခွဲ စစ်ဆေးချက်အရ Covid-19 မျိုးဗီဇ ပြောင်းလဲနေတဲ့ ပိုးတွေ့သူ ၁၁ ယောက် ရှိနေပြီး အိန္ဒိယ၊ အမေရိကန်၊ ပြင်သစ်၊ ဂျာမဏီ၊ စပိန်၊ အိုင်ယာလန်နဲ့ ဆွစ်ဇာလန်က ပိုပြီး ကူးစက်မြန်တဲ့ မျိုးဗီဇပြောင်း ဗိုင်းရပ်စ်တွေလို့ ဆိုထားပါတယ်။ ဒါ့အပြင် နောက်ပိုင်း ဗိုင်းရပ်စ် ပိုးကူးစက်မှုတွေဟာ စာသင်ကျောင်းတွေမှာ ဖြစ်ပေါ်နေတာကြောင့် စစ်ကောင်စီရဲ့ ကျောင်းတွေ အတင်းပြန်ဖွင့်ဖို့ ဖိအားပေး လုပ်ကိုင်နေမှုတွေကလည်း Covid-19 ပြသနာအတွက် စိုးရိမ်စရာ ဖြစ်စေပါတယ်။


တကယ်တော့ Covid-19 ပြသနာဟာ ကျန်းမာရေး ဆိုင်ရာ ပြသနာ ဖြစ်တဲ့အတွက် အစိုးရနဲ့ ကျန်းမာရေးဌာနက ဆရာဝန်တွေ၊ ပါမောက္ခတွေ ဆေးဝန်ထမ်းတွေ စည်းလုံးလုံး ကိုင်တွယ် ဖြေရှင်းရမယ့် ပြသနာမျိုးပါ။ ဒါတင်မက ပြည်သူတစ်ရပ်လုံးနဲ့ ဆိုင်တဲ့ ပြသနာလည်း ဖြစ်နေပြန်တဲ့အတွက် ပြည်သူတွေကို စည်းရုံးပြီး ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုအားနဲ့ ဖြေရှင်းရမယ့် ပြသနာမျိုးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ကောင်စီက အာဏာသိမ်းတာကို မကြိုက်လို့ နည်းပေါင်းစုံနဲ့ ဆန့်ကျင်ဆန္ဒပြနေတဲ့ ပြည်သူတွေကို ရန်သူတွေလို သဘောထားပြီး ပစ်ခတ်၊ သတ်ဖြတ်၊ ဖမ်းဆီး၊ နှိပ်စက်၊ ထောင်ချ လုပ်နေတာ၊ Covid-19 တိုက်ဖျက်ရေးမှာ ရှေ့တန်းကနေ ပါဝင်ခဲ့တဲ့ ဆရာဝန်၊ ပါမောက္ခ၊ ကျန်းမာရေး ဝန်ထမ်းတွေကို ချီးမြှောက်ပြီး အလုပ်အတူ လုပ်ရမယ့်အစား ရန်သူတွေ သဖွယ်၊ ဝရမ်းထုတ်၊ ဖမ်းဆီး၊ ထောင်ချ၊ ဆေးကုသခွင့်လိုင်စင် ရုပ်သိမ်း စတာတွေ လုပ်နေတာကြောင့် မြန်မာနိုင်ငံရဲ့ Covid-19 တတိယလှိုင်း အန္တရာယ်ဟာ အတော်လေး စိုးရိမ်နေရပြီ ဖြစ်သလို၊ ပြည်သူတွေ ဘေးဒုက္ခ အကြီးအကျယ် ရောက်ကြရမယ့် အခြေအနေမျိုးလည်း ဖြစ်ပေါ်လာနိုင်ကြောင်းပါ။

---------------------------------











XS
SM
MD
LG