သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Amnesty International အစီရင်ခံစာကြောင့် မြန်မာအစိုးရအပေါ် ဖိအားတွေ လျော့ကျစေမှာလား


Hindu residents react in grief when shown the bodies of their dead family members in Maungdaw township last September
Hindu residents react in grief when shown the bodies of their dead family members in Maungdaw township last September

ပြီးခဲ့တဲ့ ရက်ပိုင်းက Amnesty International အဖွဲ့ကြီးဟာ ရိုဟင်ဂျာ အကြမ်းဖက် အဖွဲ့အစည်း တခုဖြစ်တဲ့ ARSA အဖွဲ့ရဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဟိန္ဒူဘာသာဝင် အများအပြားကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ အကြောင်း အစီရင်ခံစာ တ စောင် ထုတ်ပြန်ခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ ၂၀၁၇ သြဂုတ်လကုန်ပိုင်းက ဖြစ်ပျက်ခဲ့တာဖြစ်ပြီး စက်တင်ဘာ လထဲရောက်တော့ မြန်မာလုံခြုံရေး တာဝန်ရှိသူတွေက အလောင်းတွေကို ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ARSA အဖွဲ့ရဲ့ အဲဒီလို အကြမ်းဖက် လုပ်ရပ်ကို Amnesty International အဖွဲ့ကြီးက ထုတ်ဖော်လိုက်တာ၊ အဲဒီသတင်းကို ကမ္ဘာ့ နာမည်ကြီး သတင်းမီဒီယာ ပေါင်းစုံမှာ ဖော်ပြခဲ့ကြတာတွေ အတွက် မြန်မာအစိုးရ တာဝန်ရှိသူတွေဘက်က ကျေနပ်နေကြသလို၊ တပ်မတော်ဘက်ကလည်း ကြိုဆိုတယ် ဆိုပြီး သတင်းထုတ်ပြန်တာ တွေ့ကြရပါတယ်။ တကယ်တော့ Amnesty International အဖွဲ့ကြီးဟာ ARSA အဖွဲ့ရဲ့ အကြမ်းဖက် လုပ်ရပ်ကို ဖော်ထုတ်လိုက်တာသာ ဖြစ်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းက မူဆလင် ၅-၆ သိန်းလောက် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးရတဲ့ကိစ္စ မြန်မာလုံခြုံရေးနဲ့ အစိုးရဘက်က လုပ်ရပ်တွေ မှန်ကန်တယ် ဆိုပြီး ထောက်ခံလိုက်တဲ့ သဘောမျိုးတော့ မဟုတ်ပါဘူး။ ARSA အဖွဲ့ရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ထုတ်ဖော်လိုက်နိုင်ရုံနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ပဋိပက္ခ ပြသနာ ပြေလည်သွားမှာလား၊ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ မြန်မာ့တပ်မတော်နဲ့ အစိုးရအပေါ် ပေးနေတဲ့ ဖိအားတွေ လျော့ကျသွားနိုင်မလား ဆိုတာ ဆွေးနွေး သုံးသပ်ကြည့်ကြရအောင်ပါ။

Amnesty International အဖွဲ့ကြီးက ရခိုင်ပြည်နယ်မြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာမှာ ဟိန္ဒူ အမျိုးသား ၂၀ အမျိုးသမီး ၁၀ ယောက် ၊ ကလေး ၂၃ ယောက်နဲ့ အသက် ၈ နှစ်အောက်အရွယ် ကလေး ၁၄ ယောက်ကို ARSA အကြမ်းဖက်အဖွဲ့က ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။ AIအဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းတွေကို ရောက်သွားတဲ့ အသက်မသေ ကျန်ရစ်တဲ့ ဟိန္ဒူဘာသာဝင်တွေကို တွေ့ဆုံခွင့်ရခဲ့သလို၊ အလောင်းတွေကို စစ်ဆေးခဲ့တဲ့ ဆေးစစ်ချက်တွေအရလည်း သတ်ဖြတ်မှုကို အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ Amnesty International အဖွဲ့အနေနဲ့ သတ်ဖြတ်မှု ဖြစ်ပွားရာ ခမောင်းဆိပ် ကျေးရွာဘက်ကို သွားရောက်လေ့လာခွင့်ရဖို့ မြန်မာအာဏာပိုင်တွေ ဘက်ကို တောင်းဆိုပေမယ့် ခွင့်ပြုချက် မရခဲ့ပါဘူး။ အဲဒီမှာ နေထိုင်တဲ့၊ အသက်မသေသူတွေလည်း ပါဝင်တဲ့ ဟိန္ဒူဘာသာဝင် တချို့ကို အာဏာပိုင်တွေက ခေါ်ယူပေးလို့ စစ်တွေမြို့မှာ တွေ့ဆုံမေးမြန်းခွင့်ရခဲ့တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် AI အဖွဲ့ကြီး အနေနဲ့ ARSA အဖွဲ့ဟာ အပြစ်မဲ့ ဟိန္ဒူဘာသာဝင် ရွာသူရွာသား ကလေးသူငယ်တွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်ဆိုတာကိုတော့ အတည်ပြုနိုင်ခဲ့ပါတယ်။

ပြောရရင် ARSA အဖွဲ့ဟာ ဟိန္ဒူ ဘာသာဝင်တွေကိုမှ ခုလို ရက်ရက်စက်စက် သတ်ဖြတ်တာ မဟုတ်ပါဘူး။ ၂၀၁၆ အောက်တိုဘာ မောင်တောက နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်နဲ့ အခြားရဲစခန်း နှစ်ခုကို အကြမ်းဖက် တိုက်ခိုက်ခဲ့ချိန်နောက်ပိုင်းနဲ့ ဒုတိယ တိုက်ခိုက်မှု လုပ်ခဲ့တဲ့ ၂၀၁၇ သြဂုတ်လ မကုန်ခင် ကြားကာလမှာလည်း မူဆလင်ကျေးရွာသား အတော်များများကို ရက်ရက်စက်စက် သတ်ဖြတ်တဲ့ မှုခင်းတွေ ကျူးလွန်ခဲ့ကြပါသေးတယ်။ အစိုးရဘက်ကို သတင်းပေးတယ်လို့ သူတို့ယူဆ သူတွေ၊ သူတို့ရဲ့ စည်းရုံးမှုကို မလိုက်ပါတဲ့သူတွေကို လမ်းမှာ စောင့်ဆိုင်း သတ်ဖြတ်တာ၊ မိသားစုနဲ့ အတူ ရှိနေတာကို နေအိမ်ပေါ် အထိ တက်ပြီး သတ်ဖြတ်တာမျိုး အထိ ကျူးလွန်ခဲ့ပါတယ်။ အဲဒီထဲမှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံခဲ့တဲ့ မူဆလင် ကျေးရွာတာဝန်ရှိသူ နှစ်ယောက် ဆိုရင်လည်း နောက်ရက်တွေမှာပဲ ရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရပါတယ်။

ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ လုံခြုံရေး တာဝန်ရှိသူတွေဘက်က အကာအကွယ် မပေးနိုင်တာ၊ သူတို့ အချင်းချင်း သတ်ဖြတ်ကြတာပဲ ဆိုပြီး လျစ်လျူရှုထားခဲ့လို့ပဲ ARSA အဖွဲ့ဟာ မူဆလင် ကျေးရွာသား အတော်များများကို စည်းရုံးနိုင်ခဲ့ပြီး ၂၀၁၇ သြဂုတ်လ ရဲဌာနာနဲ့ ကင်းစခန်း ၃၀ လောက်ကို တစ်ပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်နိုင်သည် အထိ အင်အားကောင်းလာတာ တွေ့နိုင်ပါတယ်။ ခြုံငုံသုံးသပ်ရရင် ARSA အဖွဲ့ အကြမ်းဖက်မှု ကျူးလွန်တာ သိပ် ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး။

သူတို့ အကြမ်းဖက်တဲ့သတင်း AI အဖွဲ့ကြီးက ထုတ်ပြန်လိုက်တော့မှ နိုင်ငံတကာ မီဒီယာတွေမှာ ဖော်ပြကြတာ တစ်ခုပဲ နည်းနည်း ထူးပါတယ်။ ဒါပေမယ့် AI ရဲ့ အစီရင်ခံစာမှာ ARSA အဖွဲ့ကိုပဲ အပြစ်ပုံချထားတာ မဟုတ်ပါဘူး။ အကြမ်းဖက်မှု ကာလ၊ တန်ပြန်နှိမ်နင်းစဉ် ကာလအတွင်း ARSA အဖွဲ့နဲ့ မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေ၊ နှစ်ဖက်စလုံးရဲ့ ကျူးလွန်မှုတွေ ဖော်ထုတ်နိုင်အောင် အဲဒီ ဒေသထဲကို သတင်းထောက်တွေ၊ AI လို အဖွဲ့မျိုးတွေ၊ ကုလသမဂ္ဂ စုံစမ်းရှာဖွေရေး အဖွဲ့လိုမျိုးတွေကို သွားရောက်ခွင့်ပေးသင့်တယ် ဆိုပြီး တောင်းဆိုထားတာ တွေ့ရပါတယ်။

ဒီအချက်တွေကိုကြည့်ရင် AI အစီရင်ခံစာကြောင့် မြန်မာအစိုးရနဲ့ တပ်မတော်က လက်ရှိ ကြုံနေရတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက အရေးကိစ္စတွေနဲ့ ပတ်သက်တဲ့ ဖိအားပေးခံရမှုတွေ လျော့နည်းသွားဖို့ တော့ မရှိသေးပါဘူး။ အကြောင်းကတော့ အဲဒီ ပြသနာနဲ့ ပတ်သက်ပြီး မြန်မာအစိုးရနဲ့ လုံခြုံရေးဆိုင်ရာတွေဘက်က ပြုမူခဲ့ပုံနဲ့ လက်ရှိ ကိုင်တွယ်နေပုံတွေကို လက်မခံနိုင်ကြသေးလို့ပါပဲ။ တကယ့်အရေးကြီးဆုံး ပြသနာကတော့ ထွက်ပြေးသွားတဲ့ ၅-၆ သိန်းလောက်ရှိတဲ့ မူဆလင်တွေ မြန်မာနိုင်ငံဘက် ပြန်လာရေးလုပ်ငန်း မစတင်နိုင်သေးလို့ပါပဲ။ တနည်းအားဖြင့် လုပ်ငန်းစဉ် စတင်လာအောင် မြန်မာအစိုးရနဲ့ လုံခြုံရေး တာဝန်ရှိသူတွေဘက်က မစွမ်းဆောင်နိုင်သေးလို့ပါပဲ။ အဲဒီအထဲမှာ ဒုက္ခသည်တွေ ကိုယ်တိုင်က မြန်မာအစိုးရရဲ့ လက်ခံရေး အစီအစဉ်တွေကို အပြည့်အ၀ လက်မခံနိုင်သေးတာ၊ မြန်မာအစိုးရက လက်ခံနိုင်တယ်လို့ ပြောထားတဲ့ အတော်လေးကို နည်းပါးတဲ့ တရက် လူ ၃၀၀ လောက် အရည်အတွက်ကို ဘင်္ဂလားဒေ့ရှ် ဘက်က လက်မခံနိုင်သေးတာ၊ မူဆလင်တွေရဲ့ နေရေးထိုင်ရေး လုံခြုံရေး အာမခံချက် ပေးနိုင်မယ့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေ ဒုက္ခသည် လက်ခံရေး လုပ်ငန်းစဉ်မှာ ပါဝင်ခွင့် မရသေးတာ စတဲ့ စတဲ့ ပြသနာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလို မစွမ်းဆောင်နိုင်သေးတဲ့ အတွက်လည်း ကြီးမားတဲ့ နိုင်ငံတကာ ဖိအားတွေ ရင်ဆိုင်ရဦးမှာပဲ ဖြစ်ပါတယ်။

ဒီထက် ပိုကြီးမားတဲ့ နောက်ပြသနာကြီး တစ်ခုကတော့ အကြမ်းဖက်မှုကို တန်ပြန် နှိမ်နင်းချိန် အတွင်း မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်တွေက ကျူးလွန်ခဲ့တယ် ဆိုတဲ့ အမှုအခင်းတွေကို စုံစမ်းဖော်ထုတ်ရေး ကိစ္စပါ။ နိုင်ငံတကာ အသိုင်းအဝိုင်းက အဲဒီ ပြသနာ ကျယ်ကျယ်ပြန့်ပြန့် တောင်းဆို ဖိအားတွေ ပေးနေကြပေမယ့် မြန်မာ အာဏာပိုင်တွေ ဘက်ကတော့ ဒါနဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့ အထောက်အထားတွေ ပေးပါ၊ မည်သူမဆို မြန်မာနိုင်ငံဘက် ပြန်လာပြီး အထောက်အထားနဲ့တကွ အမှုဖွင့်လို့ရတယ်၊ ကျူးလွန်တာ ထင်ရှားရင် အရေးယူပေးမယ် စသဖြင့် ပြောဆိုနေကြဆဲ ဖြစ်သလို၊ တချို့ အာဏာပိုင်တွေကတော့ ဒီစွတ်စွဲချက်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ရောက်သွားတဲ့ ဒုက္ခသည် တချို့ရဲ့ လုပ်ကြံဖန်တီး စွပ်စွဲချက်တွေအဖြစ် ပျက်ရယ်ပြုတာမျိုးကိုတောင် တွေ့နေရပါတယ်။

ဒီအခြေအနေတွေကို ကြည့်ရင် လတ်တလော AI အဖွဲ့ရဲ့ ARSA အဖွဲ့ကနေ ရက်စက်တဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တယ် ဆိုတဲ့ အစီရင်ခံစာကြောင့် မြန်မာအစိုးရနဲ့ တပ်မတော်အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက ပေးနေတဲ့ ဖိအားတွေ လျော့ကျသွားမှာ မဟုတ်ဘူး ဆိုတာ ထင်ရှားပါတယ်။ အဲလို ဖိအားတွေ ပြေလျော့ဖို့ ဆိုရင် မြန်မာအစိုးရနဲ့ တပ်မတော်ဘက်က ဒုက္ခသည်တွေ တကယ်ပြန်ဝင်လာရေး အကောင်အထည် ပေါ်လာအောင် စွမ်းဆောင်တာ၊ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း လက်ခံလာအောင် ဖြေရှင်းပြတာ လုပ်ဖို့ကလွဲပြီး အခြားနည်းလမ်း မရှိပါကြောင်း တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG