သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တွေ အဓိကရုဏ်း ထိခိုက်မှုရှိ


မနေ့ညပိုင်း ၁၀ နာရီလောက်မှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရဲစခန်းရှေ့မှာ လူစုလူဝေးနဲ့ ဆူပူခဲ့ရာကနေ ပစ်ခတ်တဲ့အဆင့်အထိ ရောက်သွားခဲ့ရပြီး လူ တချို့ ဒဏ်ရာရခဲ့ပါတယ်။ ဖြစ်ပွားပုံကတော့ လွန်ခဲ့တဲ့တလက ဈေးကောက်နှုန်းကြီးမားမှုကို ဦးဆောင်ပြီး ဆန္ဒပြခဲ့သူတဦးကို ဆန့်ကျင်ဘက်အုပ်စုက ဝိုင်းရိုက်လို့ သေဆုံးသွားတယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ရာကနေ ဆူပူမှု ဖြစ်လာခဲ့ရတာပါ။ အခုလို ဖြစ်ပျက်ရတဲ့ အခြေအနေကို ကိုယ်တိုင် မြင်တွေ့ခဲ့သူ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဗွီအိုအေကို အခုလို ပြောပါတယ်။

“၁၀ နာရီကျော်ကျော်လောက်မှာ လူထုက ခဲနဲ့ ပေါက်တော့တာပါပဲ။ တအုပ်စုကို ၁၀၀ လောက်တော့ ရှိမယ်ဗျ။ ဟိုဘက် ၅၀၊ ဒီဘက် ၅၀ လောက်။ ရဲစခန်းကို ခဲနဲ့ ပေါက်ကြတာပေါ့။ ခဲနဲ့ပေါက်တော့ နာရီဝက်လောက် အထိကတော့ ဘာမှမလုပ်ပါဘူး။ ရဲက ဒီအတိုင်းကြည့်နေပါတယ်။ အဲဒါနဲ့တင် နောက် နာရီဝက်ကျော်ကျော်လောက် ကြာတော့ ရဲက သေနတ်နဲ့ မိုးပေါ်ထောင်ပစ်ပါတယ်။ ၁၁ နာရီခွဲလောက်မှာတော့ လူတွေကို တည့်တည့်ပစ်တော့တာပဲ။ အဲဒီမှာ လူ သုံးယောက် ကျနော့်ရှေ့တင်ပဲ ဒဏ်ရာ ရပြီးတော့ ဆိုင်ကယ်တွေနဲ့ တင်ပြီးတော့ ဆေးရုံကို အရေးပေါ်ပြေးသွားကြတယ်ခင်ဗျ။ ဒါပေမဲ့ လူအုပ်စုက ကွဲမသွားဘူး။ နောက်ထပ် ခဲနဲ့ ထပ်ပစ်နေကြတယ်။”

ဈေးကောက်ကိစ္စ ဖြစ်ပွားခဲ့တာက အရင်အခေါ် နာဇီကျေးရွာ၊ စက်ရုံစုကျေးရွာ ဈေးမှာ ဈေးကောက် အဆမတန် မြှင့်ကောက်ခဲ့လို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ စည်းရုံးရေးမှူး ဦးအောင်သန်းဝေ ဦးဆောင်တဲ့ ဈေးသည်တစုက ပြည်ထောင်စု ဝန်ကြီးချုပ်ရုံးရှေ့မှာ ဆန္ဒပြပြီး ဈေးကောက်နှုန်းတွေ လျှော့ပေါ့ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။ အဲဒီတောင်းဆိုမှုကြောင့် ရခိုင်ပြည်ထောင်စု ဝန်ကြီးချုပ်က ချက်ချင်းပဲ ဈေးကောက် အပြောင်းအလဲတွေ လုပ်ပေးခဲ့ပါတယ်။

ရဲစခန်းရှေ့ကို ရောက်လာသူတွေက အရိုက်ခံရသူ ဦးအောင်သန်းဝေ သေဆုံးသွားတယ်၊ အလောင်းကို ကားပေါ်တင်သွားတယ်ဆိုတဲ့ သတင်းတွေကြောင့် ရဲစခန်းရှေ့မှာသွားပြီး အလောင်းရှာပေးဖို့၊ တရားခံတွေကို ဖမ်းပေးဖို့ တောင်းဆိုခဲ့ကြတာပါ။ ဒါကြောင့် ကာယကံရှင် ဦးအောင်သန်းဝေ ကိုယ်တိုင်က သူ ဘာမှ မဖြစ်တဲ့အကြောင်း ရဲစခန်းရှေ့ကို ကိုယ်တိုင်လာရောက် ဖြေရှင်းပုံနဲ့ပတ်သက်လို့ အခုလို ပြောပြပါတယ်။

“လူထုက ကျနော့်ကို မတွေ့ရရင် မကျေနပ်တဲ့ သဘောမျိုး ဖြစ်နေတာ။ အဲဒါ လူထုကိုတော့ ကျနော် အကျိုးအကြောင်း ပြောပြလိုက်တာပေါ့။ သူတို့ ဦးအောင်သန်းေ၀ အစစ် ဟုတ်မဟုတ်ဆိုတာ သူတို့လည်း သေချာ မသိကြဘူးလေ။ ကျနော့် မှတ်ပုံတင်ကဒ်ပြားတို့၊ ပါတီဝင်ကဒ်ပြားတို့ အကုန်ထုတ်ပြပါတယ်။ တချို့ကတော့ နားလည်ပြီး ပြန်သွားတယ်။ တချို့ကတော့ အဲဒီမှာ အစ်မရယ် မူးယစ်သောက်စားထားတဲ့သူတွေ ပါတာပေါ့။ အဲဒီလူတွေကတော့ ခပ်ရိုင်း ရိုင်းပေါ့။ အကြမ်းဖက်ချင်တဲ့ ဆန္ဒသဘောထားတွေ တွေ့ရတယ်ခင်ဗျ။ ကျနော်တောင်မှ မနေ့က ဟိုကောင်တွေ သတ်လို့မသေဘဲ ဒီက ကျနော့်တို့လူပါဆိုပြီးမှ ပါလာတဲ့ မသမာတဲ့သူတွေရဲ့ လက်ချက်ကြောင် မသေတာ ကံကောင်းပဲဗျ။ အုပ်ခဲတွေရော ဘာတွေရော ပျံနေတပဲ။ ဒီက ရဲစခန်းမှာ။”

ဦးအောင်သန်းဝေကတော့ ရဲစခန်းအတွင်းမှာပဲ ရခိုင်ပြည်နယ်၊ အမျိုးသားလွှတ်တော် အမတ် ဒေါက်တာအေးမောင်နဲ့အတူ ရှိနေတာပါ။ အခုလို ပစ်ခတ်မှုတွေ စတင်ပုံနဲ့ ပတ်သက်လို့ ရဲစခန်းထဲမှာ ရောက်နေတဲ့ ဒေါက်တာအေးမောင်က ဗွီအိုအေကို အခုလို ပြောပါတယ်။

“ဒီဘက်က ရဲစခန်းဝင်းထဲကို တံခါးဖွင့်ဖို့ လုပ်ကြတာ ရှိတာပေါ့နော်။ အဲဒီမှာ ရဲတွေနဲ့ တော်တော်များများ ပစ်ကြခတ်လိုက်ကြတာတော့ ကျနော်တို့ ကြားပါတယ်။ ကျနော်တို့ကတော့ လုံခြုံတဲ့နေရာမှာ ရှိတာပေါ့နော်။ အဲဒီ အကြာကြီးပေါ့နော်။ ခဲတွေနဲ့ ပစ်၊ ပုလင်းတွေနဲ့ ပစ်တဲ့အသံတွေ ကြားလိုက်ရပါတယ်။ အဲဒီနောက်မှာ အချက်ပေါင်း တော်တော်များများဟာ မိုးကို ထောင်ပစ်တဲ့သဘော ကြားပါတယ်။ အဲဒီနောက်မှာ တံခါးတခု ပွင့်သွားတယ်ဆိုတဲ့ အသံလည်း ကြားပါတယ်။ တံခါးရဲ့ လူဝင်ပေါက်လေး ပွင့်သွားတယ် ဆိုတဲ့အခါမှာ ဒီဘက်ကို ကျော်ဝင်လာမှာစိုးလို့ ထောင်ပစ်တဲ့သဘောလို့လည်း ကျနော်တို့ ကြားတာပေါ့ဗျာ။”

စစ်တွေမြို့နယ်၊ အမှတ် (၁) ရဲစခန်းထဲမှာ ရှိနေတဲ့ ဒေါက်တာအေးမောင်ကို ဗွီအိုအေက ဆက်သွယ် မေးမြန်းခဲ့တာပါ။ ကျမတို့ ဆက်သွယ် မေးမြန်းချိန်ဟာ ည သန်းကောင်ကျော်အချိန် ဖြစ်နေပြီး အဲဒီအချိန်မှာ လက်ရှိဖြစ်နေတဲ့ အခြေအနေကိုလည်း ဒေါက်တာအေးမောင်က အခုလို ပြောပြပါတယ်။

“အခု ကြားနေရတဲ့အသံက ရှေ့ကို မတက်လာဖို့ပေါ့ဗျာ။ နောက် လူတွေ ကွယ်နေပါ ဆိုတာကို ရခိုင်လို ပြောနေကြတာပါ။ ရဲဘက်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ ထင်ပါတယ်။”

ညပိုင်း ၁၁ နာရီလောက်မှာ လူ သုံးယောက် ဒဏ်ရာရတယ်လို့ သိထားရပေမဲ့ အခု တနင်္လာနေ့ မနက်ဘက် ၁ နာရီဝန်းကျင်မှာတော့ စစ်တွေမြို့ထဲ နောက်ထပ် ပစ်ခတ်မှုတွေ ရှိနေတယ်ဆိုတဲ့အကြောင်း မြို့ခံတဦးက ပြောပါတယ်။

“ကျနော်တို့ ဖြစ်တာက ပထမက ၉ နာရီ ဝန်းကျင်လောက်ကနေ မိုးပေါ်ကို ထောင်ပစ်သံတွေ ကြားတာပေါ့။ အခုကျတော့ ည ၁ နာရီ ဝန်းကျင်လောက်မှာ လူအုပ်ကို လှမ်းပစ်တဲ့အသံတွေ ကြားလာတယ်။ နောက်ပြီးတော့ လမ်းကြားတွေထဲအထိ လိုက်ပစ်တယ်၊ နေရာအနှံ့အပြားကနေ သေနတ်သံတွေ ထွက်တာပေါ့နော်။ စောစောပိုင်းကတော့ ကျနော်တို့ ရဲစခန်းဘက်ကို ခဲနဲ့ ထုတယ် ဆိုတဲ့ အသံတွေ ကြားရတယ်ပေါ့လေ။ အဲဒီနောက်ပိုင်း ရဲစခန်းကနေ မိုးပေါ်ထောင်ပစ်တယ်။ နောက်ပြီးတဲ့အခါကျတော့ အခု နေရာအနှံ့အပြားကနေ လူအုပ်တွေထဲအထိ လိုက်ပစ်တာပေါ့။ ရဲကားတွေကလည်း လမ်းကြားတွေထဲအထိ ရောက်လာတယ်။ အခု ၇ ယောက်လောက် ဆေးရုံတင်ထားရတယ် ဆိုတဲ့ သတင်းတွေတော့ ကြားနေရတယ်။ ကျနော်တို့ သိထားသလောက်ပေါ့။ ကိုယ်တိုင်တော့ မမြင်ရသေးဘူးပေါ့နော်။ ၁ နာရီ ဝန်းကျင်လောက်မှာ ပစ်တဲ့အခါကျတော့ အဆောက်အဦးတွေပါ မှန်တယ်။ ကျနော်တို့ အိမ် အပေါ်ထပ်တွေဘာတွေ မှန်တယ်။ သေနတ်မှန်တယ်။”

လူစုခွဲရာမှာ မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲခဲ့ကြောင်းနဲ့ ထိခိုက်ဒဏ်ရာ ရသူတွေ ရှိတယ်လို့ ဒေသခံ နောက်တဦးက ပြောပါတယ်။ ဒီသတင်းတွေနဲ့ ပတ်သက်လို့ အာဏာပိုင်တွေဘက်က သီးခြားအတည်ပြုချက်ရဖို့ အခင်းဖြစ်ပွားရာ အမှတ်(၁) ရဲစခန်းကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ လက်ရှိ အနေအထားမှာတော့ ရဲတပ်ရင်း တပ်ဖွဲ့တွေက စစ်တွေမြို့ရဲ့ လမ်းတွေပေါ်မှာ လုံခြုံရေး ကင်းလှည့်နေကြောင်းကိုလည်း သိရပါတယ်။

XS
SM
MD
LG