သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

တိုင်းရင်းသားရေးရာ ဒုဝန်ကြီးနေရာ ကမ်းလှမ်းမှု SNLD လက်မခံ


ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD အနေနဲ့ တိုင်းရင်းသားရေးရာဌာန ပြည်ထောင်စု အဆင့် ဒု ဝန်ကြီးနေရာအတွက် အစိုးရက ကမ်းလှမ်းလာတာကို ဒီနေ့ပဲ ငြင်းပယ်လိုက်ပါတယ်။ မြန်မာအစိုးရကို ဦးဆောင်နေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ NLD နဲ့ ဒီမိုကရေစီရရေး လှုပ်ရှားမှုကာလမှာ နီးနီးစပ်စပ် မဟာမိတ်ဖြစ်ခဲ့တဲ့ SNLD ပါတီ အနေနဲ့ အခုလို ဘာကြောင့် ငြင်းပယ်ခဲ့ရတာပါလဲ။

ဒီအကြောင်း ကိုဝင်းမင်းက SNLD တွဲဖက် အထွေထွေ အတွင်းရေးမှုး (၁) ဦးစိုင်းလိတ်ကို မေးမြန်းထားပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဦးစိုင်းလိတ်ခင်ဗျာ ဒီအစိုးရအနေနဲ့ တိုင်းရင်းသားရေးရာပြည်ထောင်စု အဆင့်ပေါ့နော် ဒုတိယဝန်ကြီး ခန့်ဖို့အတွက် SNLD ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကို ကမ်းလှမ်းထားတယ်လို့ ကြားပါတယ်။ အဲ့တာနဲ့ပတ်သက်လို့ နည်းနည်းရှင်းပြပေးပါ။

ဦးစိုင်းလိတ်။ ။ ပြီးခဲ့တဲ့ ဆယ်ရက်လောက်က သမ္မတရုံးဝန်ကြီးဌာနက တာဝန်ရှိသူ တဦးကနေ ကျနော်တို့ဆီကို ကမ်းလှမ်းလာပါတယ်။ တိုင်းရင်းသားရေးရာဌာန ဒု ဝန်ကြီးနေရာကို လက်ခံဆောင်ရွက်ပေးနိုင်မလားဆိုတဲ့သဘောပေါ့နော်။ အဲ့ဒီ့တော့ ဒီနေ့မှာ ကျနော်တို့ဘက်က အကြောင်းပြန်ပါတယ်။ ပါတီအချင်းချင်း ချိတ်ဆက်ပြီးတော့မှ ညှိနှိုင်းဆွေးနွေးတဲ့အနေအထားမျိုးကို မလုပ်နိုင်ဘူးဆိုရင်တော့ ကျနော်တို့ဘက်က လက်ခံနိုင်တဲ့အနေအထားမျိုး မရှိဘူး။ ဒီဝန်ကြီးဌာနကို လက်ခံလိုက်ခြင်းအားဖြင့် ကျနော်တို့မှာ ဘယ်လိုအတိုင်းအတာအထိ ဆောင်ရွက်နိုင်မလဲ ပါတီချင်း ပူးပေါင်းဆောင်ရွက်တဲ့အနေအထားမျိုးမဟုတ်ဘူးဆိုရင်တော့ ကျနော်တို့ဘက်က လက်သင့်ခံဖို့ အဆင်မပြေဘူးလို့ပဲ အကြောင်းပြန်လိုက်ပါတယ်ခင်ဗျ။

ကိုဝင်းမင်း။ ။ ဆိုလိုတာကတော့ ပါတီကနေ အရင်ကမ်းလှမ်းစေချင်တဲ့သဘောပေါ့။ အစိုးရက အခုလို တိုက်ရိုက်ကမ်းလှမ်းတာမျိုး မဟုတ်ပဲနဲ့။

ဦးစိုင်းလိတ်။ ။ ဟုတ်ကဲ့ ကျနော်တို့ နှစ်ပါတီက ဆက်ဆံရေးကလည်း ထဲထဲဝင်ဝင် ရှိခဲ့ဖူးတယ်လေ။ အဲ့တော့ တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းမှာ ကျနော်တို့အနေနဲ့ ဘယ်လောက်အထိ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိမလဲဆိုတာကို ပါတီအနေနဲ့ ရှင်းရှင်းလင်းလင်း ကျနော်တို့ကို ကမ်းလှမ်းပြီးတော့မှ ညှိနှိုင်းဆွေးနွေးတဲ့ ပုံသဏ္ဍာန်မျိုးကို ကျနော်တို့ လိုအပ်ပါတယ်။ ဒါပေမဲ့ အခုက အစိုးရကိုယ်တိုင်က ကမ်းလှမ်းတယ်ဆိုပေမဲ့လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရမယ့် အနေအထားမျိုးကို ကျနော်တို့ မမြင်ဘူးပေါ့နော် အဲ့တာကြောင့်မို့လို့ လက်ခံနိုင်ခြင်းမရှိတာပါ။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ အခု ဒီနေရာမှာ သမ္မတရုံးကနေပြီးတော့ ကမ်းလှမ်းတယ်လို့ ကြားပါတယ်။ ဒါက ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားပြုလား ခုနက အစိုးရအနေနဲ့ ဆောင်ရွက်နေတဲ့ ပါတီကို ကိုယ်စားပြုနေတယ်လို့ရော ပြောလို့မရနိုင်ဘူးလား။

ဦးစိုင်းလိတ်။ ။ ဟုတ်ကဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင်ကိုယ်ကျ ဆွေးနွေးခွင့်ရမယ် ဆိုရင်တော့ တမျိုးပေါ့နော်။ အခုတော့ အဲ့ဒီ့အဆင့်ကို ရောက်မယ့် အနေအထားမျိုးလည်း မရှိဘူး။ လက်ခံရင် လက်ခံ။ လက်မခံရင် တခြား တယောက်ယောက် တဖွဲ့ဖွဲ့ကို စဉ်းစားရမယ့်အနေအထားမျိုးဆိုတဲ့ တုန့်ပြန်ပြောကြားမှုမျိုးကိုလည်း ကျနော်တို့ ကြားသိရတဲ့အတွက်ကြောင့်မို့လို့ ဘယ်လိုမှ အဆင်မပြေနိုင်လောက်ဘူးလို့ ကျနော်တို့ တွက်ဆပြီးတော့မှ ဒီအတိုင်းပဲ အကြောင်းပြန်လိုက်တာပါ။

ကိုဝင်းမင်း။ ။ ဒီတော့ နှစ်ပိုင်းပေါ့နော် တပိုင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်တောင်းခဲ့တာ မရခဲ့ဘူးပေါ့နော်။

ဦးစိုင်းလိတ်။ ။ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်တောင်းခဲ့တာ ဆိုတာထက်ကို ပါတီကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တယောက်နဲ့ ဒါမှမဟုတ် CEC အဖွဲ့နဲ့ တွေ့ခွင့်ရမယ်ဆိုရင် ပိုပြီးတော့မှ အဆင်ပြေမှာပေါ့။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ တောင်းဆိုခွင့်တောင်းခဲ့တယ် မရခဲ့ဘူးပေါ့နော် တပိုင်းက

ဦးစိုင်းလိတ်။ ။ ဟုတ်ကဲ့ အဲ့လိုအနေအထားပါ။

ကိုဝင်းမင်း။ ။ နောက်တပိုင်းကကျတော့ လက်မခံရင် နောက်တယောက်ကို ရွေးမယ်ဆိုပြီး သမ္မတရုံးဘက်က ပြောတဲ့အနေအထားပေါ့နော်။

ဦးစိုင်းလိတ်။ ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အမိန့်ရှိတယ် ဒီဥစ္စာကို ရှမ်းတိုင်းရင်းသားထဲဖြစ်စေချင်တယ် အထူးအားဖြင့်တော့ SNLD ကို တာဝန်ယူစေချင်တယ် အဲ့ဒီ့သဘောမျိုး ပြောပါတယ်ခင်ဗျ။

ကိုဝင်းမင်း။ ။ အော် ဟုတ်ကဲ့ SNLD ကိုတော့ ပိုဖြစ်စေချင်တယ် ဒါပေမဲ့ မဖြစ်ရင်တော့ တခြားအဖွဲ့ကိုလည်း တောင်းဆိုနိုင်တယ် အဲ့လိုသဘောမျိုး ယူဆတဲ့သဘောပေါ့။

ဦးစိုင်းလိတ်။ ။ ဟုတ်ကဲ့ အဲ့လိုယူဆလို့ရပါတယ်ခင်ဗျ။

ကိုဝင်းမင်း။ ။ အဲ့တော့ ဒီနေရာမှာ SNLD ကို ဦးစားပေးထားတဲ့သဘောမျိုးတော့ ရှိတာပေါ့နော်။ အဲ့တော့ ပါတီချင်းဆက်ဆံရေးက ဘာကြောင့်မို့လို့ အခုလောက်အထိ အရေးကြီးရတာလဲ။

ဦးစိုင်းလိတ်။ ။ ၂၀၁၅ ရွေးကောက်ပွဲအပြီး NLD အစုအဖွဲ့အနေနဲ့ အစိုးရတရပ်ဖွဲ့မယ် ဆိုတဲ့အချိန်တုန်းကလည်းပဲ ဒီတိုင်းရင်းသားရေးရာပြည်ထောင်စုဝန်ကြီးနေရာကို ကျနော်တို့ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ဦးစိုင်းညွှ့န်လွင်ကို ဆောင်ရွက်ပေးဖို့ ကမ်းလှမ်းဖူးပါတယ်။ အဲ့ဒီ့တုန်းက ဒီဝန်ကြီးနေရာဟာ ငြိမ်းချမ်းရေး ကိစ္စနဲ့ပတ်သက်လို့ဆောင်ရွက်ပိုင်ခွင့်ရှိလား တိုင်းရင်းသား အရေးနဲ့ပတ်သက်ပြီး ဘယ်လောက်အထိ ထဲထဲဝင်ဝင် ဆောင်ရွက်ပိုင်ခွင့်ရှိသလဲလို့ ဆွေးနွေးတဲ့အခါမှာ ကျနော်တို့အနေနဲ့ သိပ်ပြီးတော့ လုပ်သာ ကိုင်သာ မရှိတဲ့အနေအထားမျိုး ဖြစ်တဲ့အတွက် ဒီဝန်ကြီးဌာနကို လက်မခံခဲ့ပါဘူး။ ဒါကြောင့်မို့လို့ အခုဆက်လက်ပြီး ကမ်းလှမ်းလာတဲ့ ဒုတိယဝန်ကြီးနေရာကိုလည်းပဲ ဆက်လက်ဆောင်ရွက်ဖို့ အဆင်သင့်ဖြစ်တဲ့သူကို ကျနော်တို့ဘက်က ရှာမတွေ့ပါဘူးခင်ဗျ။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ အဓိကကတော့ ငြိမ်းချမ်းရေးတို့ ဖက်ဒရယ်အရေးတို့မှာ ဖွဲ့စည်းပုံပြင်နိုင်ရေးအတွက်ပါ လုပ်ပိုင်ခွင့်ရှိတဲ့ အနေအထားမျိုး မရှိတဲ့အတွက်ပေါ့နော်။

ဦးစိုင်းလိတ်။ ။ ဟုတ်ပါတယ် အဓိက အဲ့တာကို ပြောချင်တာပါ။

ကိုဝင်းမင်းက SNLD တွဲဖက် အထွေထွေ အတွင်းရေးမှုး (၁) ဦးစိုင်းလိတ်ကို မေးမြန်းထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG