သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းတောင်ပိုင်း မဲဆန္ဒရှင်တချို့ တိုကင်မရ


ဒီနေ့ နိုဝင်ဘာလ (၈) ရက်နေ့ ရှမ်းပြည်နယ်ရဲ့မြို့တော် တောင်ကြီးမှာ မဲဆန္ဒပေးနေကြတဲ့ အခြေအနေကို မနန္ဒာချမ်းက ဆက်သွယ်မေးမြန်းထားပါတယ်။

နန္ဒာချမ်း ။ တောင်ကြီးဘက် မဲရုံတွေရော အခြေအနေဘယ်လိုရှိပါသလဲ။

ဦးစိုင်းလိတ် ။ မဲရုံတွေတော့ အကုန်လုံးဖွင့်ပြီးပါပြီ။ မဲလည်းစတင်ပေးနေကြပါပြီ။ ဒါပေမဲ့ ပြဿနာတခုက မှတ်ပုံတင်ပါတယ်။ မဲပေးဖို့တိုကင်ပြားမရှိတဲ့အတွက်ကြောင့်မို့လို့ မဲစာရင်းမှာမပါဘူးဆိုပြီး ငြင်းပယ်ခံနေရတဲ့ပုဂ္ဂိုလ်တွေ အတော်များများပါတယ်ခင်ဗျာ။ နောက်တခုက လွိုင်လင်ဘက်မှာကျတော့ ကြိုတင်မဲကိစ္စပါ။ ကြိုတင်မဲကို မနေ့ကသွားထည့်တော့ မဲပေးလည်းပေးပြီးရော အိတ်ထဲကိုထည့်တယ်။ အဲဒီအိတ်ပေါ်မှာ မဲထည့်တဲ့လူရဲ့ နာမည်ကိုရေးပါတယ်။ အဲဒါကို ကျနော်တို့ SNLD ပါတီရော ၊ NLD က ပုဂ္ဂိုလ်တွေ ဝိုင်းကန့်ကွက်ပါတယ်။ အဲဒါကို သူတို့က အထက်က ညွှန်ကြားချက်အရပါဆိုတော့ ဘယ်ကညွန်ကြားချက်လည်းမေးတော့ UEC ဆီကလို့ပြောပါတယ်။ ပြီးတော့ စာအုပ်ထုတ်ပြတယ် အစိမ်းရောင်စာအုပ်ပါ။ အဲဒီစာအုပ်ကို ဘာဖြစ်လို့ နိုင်ငံရေးပါတီတွေကို မဝေလဲဆိုတော့ မလုံလောက်လို့ပါဆိုပြီး အကြောင်းပြပါတယ်။ အဲဒီလိုကိစ္စလေးတွေရှိပါတယ်။ တောင်ကြီးမြို့ပေါ်မှာတော့ တချို့ဆို မိသားစုတခုလုံး မဲစာရင်းထဲ မပါတာတွေရှိတယ်။ အဲဒါတွေကို ကျနော်တို့ အရေးဆိုနေရတုန်းပါခင်ဗျာ။

နန္ဒာချမ်း ။ ဟုတ်ကဲ့ စောစောက ဦးစိုင်းလိတ်ပြောသွားတဲ့အထဲမှာ တိုကင်ပြားမပါလာလို့ မဲပေးလို့မရဘူးဖြစ်နေတယ်ဆိုတာက ဒီလူတွေက တိုကင်ပြားလုံးဝမရှိတာလား ဒါမှမဟုတ် မပါလာတာမျိုးလား တကယ်လို့မပါလာတာမျိုးဆိုရင်ရော မဲရုံမပိတ်ခင်မှာ သူတို့အနေနဲ့ ပြန်သွားပြီးတော့ မဲပေးခွင့်ရှိလားရှင့်။

ဦးစိုင်းလိတ် ။ မပါလာတာမဟုတ်ဘူးဗျ။ တိုကင်ပြားကို လာမဝေတာ၊ အဲဒီတော့ မှတ်ပုံတင်ရှိတယ်ဆိုပြီး စိတ်ချလက်ချနေနေတယ်။ မဲစာရင်းထဲမှာလည်း သူတို့ အမည်စာရင်းပါလောက်တယ်လို့ ယူဆပြီးတော့မှ ခရီးဝေးကနေ ပြန်ရောက်ရောက်ချင်း သူတို့မှတ်ပုံတင်ယူပြီး မဲသွားထည့်တာပါ။

နန္ဒာချမ်း ။ ဟုတ်ကဲ့ ဒီလူတွေနဲ့ ပတ်သက်လို့ မဲရုံက ဘာတာဝန်ယူပေးမလဲ၊ ဘယ်လိုဖြေရှင်းပေးမယ်လို့ ပြောလဲရှင့်

ဦးစိုင်းလိတ် ။ အခုလုံးဝတာဝန်ယူမှုမရှိဘဲနဲ့ ၊ စောစောကတည်းကလာပြီး စာရင်းမပေးလို့ပါ။ မဲအမည်စာရင်းမပါတာကို လာပြီး အကြောင်းမကြားလို့ပါဆိုပြီး ငြင်းလွှတ်တာမျိုးလည်းရှိပါတယ်။ ဘာမှတာဝန်ယူမယ်ဆိုတာကို လုံးဝမပြောပါဘူး။

နန္ဒာချမ်း ။ ဟုတ်ကဲ့ လူထုကရော ဘာပြောသံကြားမိလဲ သူတို့ရဲ့ ကျေနပ်မှု မကျေနပ်မှုနဲ့ ပတ်သက်ပြီးတော့။

ဦးစိုင်းလိတ် ။ အခုတော့ မိသားစု ၄ ၊ ၅ ခုလောက်စုပြီးတော့မှ ပင်စင်ရွာပေါ့နော် ၊ အဲဒီမှာ သွားပြီးတော့မှာ လူစုပြီးဘယ်လိုဆက်လုပ်ရင်ကောင်းမလဲ အဲဒါကို စုရုံးစုရုံးလုပ်နေတာတော့ တွေ့ခဲ့ရပါတယ်။

နန္ဒာချမ်း ။ လုံခြုံရေးကျတော့ရော မဲရုံတဝိုက်မှာ ဘယ်လိုအခြေအနေရှိလဲရှင့်။

ဦးစိုင်းလိတ် ။ သက်ဆိုင်ရာရဲတွေပေါ့နော်၊ ရွေးကောက်ပွဲအတွက် တာဝန်ယူတဲ့ရဲတွေကတော့ မဲရုံနဲ့ ခပ်လှမ်းလှမ်းမှာပဲ စောင့်နေကြပါတယ်။ အနှောက်အယှက်ဖြစ်စရာအကြောင်းလည်းမရှိပါဘူး အခုချိန်ထိတော့ အေးအေးဆေးဆေးပါပဲ။

နန္ဒာချမ်း ။ ဆိုတော့ ဦးစိုင်းလိတ်ပြောတဲ့မဲရုံမှာ ဒီနေ့ တနေကုန်မဲပေးရမယ့် လူဦးရေက ဘယ်လောက်လောက်ရှိသလဲ။ ဒီအထဲမှာ တိုကင်ပြားမပါတဲ့သူက ဘယ်လောက်လောက်ရှိနိုင်သလဲ

ဦးစိုင်းလိတ် ။ လောလောဆယ် မိသားစု ၆ ခုသာတွေ့ပါတယ်ခင်ဗျာ။ မိသားစု တခုဆိုလိုရှိလျှင် တအိမ်ထောင်စုလုံး လုံးဝမပါဘူး တချို့အိမ်တွေက ၂ ယောက် ၃ ယောက် အဲဒီလိုမျိုးရှိပါတယ်။ စုစုပေါင်းဆိုရင် ၁၈ ယောက်ကနေ ၂၀ လောက်ရှိပါတယ်။ အခုလောလောဆယ်တွေ့နေ့ရတာ နောက်တခါမိုင်းကိုင်းကလည်း ခုနကပဲ ဖုန်းဝင်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမိုင်းကိုင်က အဲဒါလည်း မဲစာရင်မပါဘူးဆိုပြီး လုပ်နေပါတယ်ခင်ဗျ။

နန္ဒာချမ်း ။ အခုမဲရုံစဖွင့်တဲ့အချိန်ကနေ၊ အခုချိန်ထိဆိုရင် မဲရုံရှေ့မှာ လူတွေ မဲပေးဖို့ တန်းစီနေတာ တော်တော်များလားရှင့်

ဦးစိုင်းလိတ် ။ များပါတယ်ခင်ဗျ။ တော်တော်ကြီးကို များပါတယ်။ လူတန်းရှည်ကြီးကို ဖြစ်နေပါတယ်။

နန္ဒာချမ်း ။ ဟုတ်ကဲ့ရှင်။ ဦးစိုင်းလိတ်ကျေးဇူးတင်ပါတယ်ရှင်။

XS
SM
MD
LG