သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Snowden လူထုမြင်ကွင်းက ပျောက်


အမေရိကန်အစိုးရရဲ့ လျှို့ဝှက် ထောက်လှမ်းရေး အစီအစဉ်တွေကို ပြင်ပကို ဖွင့်ချပြခဲ့တဲ့ ထောက်လှမ်းရေးဌာန ကန်ကရိုက် ဝန်ထမ်းဟောင်းဟာ နိုင်ငံရေး ခိုလှုံခွင့်ရဖို့ လိုက်လျှောက်နေရင်း သူ့ကို လိုက်ဖမ်းဆီးနေသူတွေ လက်က ရှောင်ပုန်းနေရာ မော်စကိုမြို့ကနေ တနင်္လာနေ့မှာ ပြန်လည် ထွက်ခွာဖို့ ရှိနေပါတယ်။

အက်ဝပ် စနိုဒန် (Edward Snowden) ဟာ သူ နိုင်ငံရေး ခိုလှုံခွင့် ရလိမ့်မယ်လို့ မျှော်လင့်ရတဲ့ အီကွေဒေါနိုင်ငံကို မသွားခင် မော်စကိုမြို့ကနေ ကျူးဗားနိုင်ငံ ဟာဘားနားမြို့ကို နေ့လည်ပိုင်း လေယာဉ်နဲ့ လိုက်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကျူးဘားနိုင်ငံ မြို့တော်ကိုသွားတဲ့ လေယာဉ် မော်စကိုကနေ ထွက်သွားပေမဲ့ အဲဒီ လေယာဉ်ပေါ်မှာ သူပါသွား မသွား မသေချာဘူး ဖြစ်နေပါတယ်။ စနိုဒန်အနေနဲ့ ဘယ်ကို ဦးတည်သွားနေတယ်။ နောက်ဆုံး ဘယ်နေရာအထိ ရောက်အောင်သွား မယ်ဆိုတာ အမေရိကန် အရာရှိတွေ မသိဘူးလို့ အိန္ဒိယနိုင်ငံမှာ ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) က ပြောပါတယ်။

ဒီအတောအတွင်း Snowden ဘယ်မှာရှိနေတယ်ဆိုတဲ့ သတင်းအချက်အလက်ကို ပြောမပြနိုင်ဘူးလို့ အီကွေဒေါ နိုင်ငံခြားရေးဝန်ကြီး ရီကာဒို ပတီနိုး (Ricardo Patino) ဗီယက်နမ်နိုင်ငံမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောပါတယ်။ ဒါပေမဲ့ သူ့အစိုးရအနေနဲ့ မော်စကိုနဲ့ အဆက်အသွယ် ရှိတယ်လို့ ပြောပါတယ်။

အမေရိကန်အစိုးရက သူ့ကို ပြန်ပို့ပေးဖို့ တောင်းဆိုနေတဲ့ကြားကပဲ
ဟောင်ကောင်ကျွန်း အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ရုရှားနိုင်ငံ မော်စကိုမြို့ကို ထွက်ခွာသွားခွင့် ပြုလိုက်ပါတယ်။ ရုရှားအနေနဲ့ စနိုဒန်ကို ပြန်ပို့ပေးဖို့အတွက်လည်း အမေရိကန်က တောင်းဆိုထားပါတယ်။
XS
SM
MD
LG