သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေစွမ်းအင်သုံးလေယာဉ် ပစိဖိတ်သမုဒ္ဒရာဖြတ်ပြီ


နေစွမ်းအင်သုံးလေယာဉ်၊ Nagoya လေဆိပ်။ (ဇွန် ၂၄၊ ၂၀၁၅)
နေစွမ်းအင်သုံးလေယာဉ်၊ Nagoya လေဆိပ်။ (ဇွန် ၂၄၊ ၂၀၁၅)

ဆွစ်ဇာလန်နိုင်ငံက နေစွမ်းအင်သုံး လေယာဉ်ဟာ ကီလိုမီတာ ၃ သောင်းခွဲရှိတဲ့ ကမ္ဘာပတ် ခရီးစဉ်မှာ အခက်ခဲဆုံးဖြစ်တဲ့ ပစိဖိတ်သမုဒ္ဒရာကိုဖြတ် စံချိန်တင် ပျံသန်းပြီးနောက် ဒီကနေ့ သောကြာနေ့မှာ ဟာဝိုင်အီကျွန်းကို ဆင်းသက်ဖို့ စီစဉ်ထားပါတယ်။ လောင်စာဆီလုံးဝမသုံးဘဲ ပျံသန်းနေတဲ့ Solar Impulse 2 လေယာဉ်ရဲ့ လေယာဉ်မှူး အန်ဒြာ ဘော့ရှ်ဘတ် (Andre Borschberg) ဟာ ဆိုရင်လည်း အရင်က အမေရိကန် လေယာဉ်မှူး စသိ ဖော့စ်ဆတ် (Steve Fossett) ရဲ့ တဦးတည်း အချိန်အကြာဆုံး ပျံသန်းခဲ့ဖူးတဲ့မှတ်တမ်းကို စံချိန်ချိုးလိုက်ပါတယ်။

ခရီးစဉ်အတွင်း လေယာဉ်ကို အလိုအလျောက် ပျံသန်းဖို့ လုပ်ထားတဲ့ အချိန်မှာတော့ လေယာဉ်မှူး ဘော့ရှ်ဘတ် (Borschberg) ဟာ လေဖိအားဒဏ် မခံရအောင် စီစဉ်ထားတဲ့ လေယာဉ်ခေါင်းပိုင်းမှာ မိနစ် ၂၀ ကြာစီ တရေးအိပ်လေ့ ရှိပါတယ်။

အစီအစဉ်မရှိဘဲ လနဲ့ချီပြီး ဂျပန်နိုင်ငံမှာ ဝင်ရောက်ရပ်နားခဲ့ပြီးနောက် တနင်္လာနေ့ကမှ နေစွမ်းအင်သုံးလေယာဉ်ဟာ နာဂိုယာ (Nagoya) မြို့က ထွက်ခွာခဲ့တာပါ။ တရုတ်နိုင်ငံအရှေ့ဘက် နန်ဂျင်း (Nanjing) မြို့ကနေ ဟာဝိုင်အီကျွန်းကို ဇွန်လဆန်းက ထွက်ခွာချိန်မှာ ရာသီဥတု ဆိုးရွားနေတဲ့ အတွက် နာဂိုယာ (Nagoya) မြို့မှာ ဝင်ရောက် ရပ်နားခဲ့ရတာလည်း ဖြစ်ပါတယ်။

အာရပ်စော်ဘွားများပြည်ထောင်စု (UAE) မြို့တော် အဘူ ဒါဘီ (Abu Dhabi) မှာ အဆုံးသတ်မယ့် ကမ္ဘာပတ်ခရီးစဉ်ကိုတော့ ဆွစ်ဇာလန် သိပ္ပံပညာရှင်တွေ ဖြစ်ကြတဲ့ ဘော့ရှ်ဘတ် (Borschberg) နဲ့ ဘာထရန် ပစ်ကတ် (Bertrand Piccard) တို့က စီစဉ်ခဲ့ကြတာဖြစ်ပြီး၊ နေစွမ်းအင် သုံး လေယာဉ်ကိုလည်း ၁၂ ကြာ အချိန်ယူ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG