သုံးရလွယ်ကူစေသည့် Link များ

NLD ကိုယ်စားလှယ်လောင်းတချို့ ပယ်ချခံရ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၅ ခု၊ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းအမည်စာရင်းတွေ ထုတ်ပြန်ကြေညာချက်။ (NLD)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၅ ခု၊ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းအမည်စာရင်းတွေ ထုတ်ပြန်ကြေညာချက်။ (NLD)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်ကိုယ်စားလှယ်လောင်းအချို့ ကိုယ်စားလှယ်လောင်းအဖြစ် ပယ်ချခံရမှုတွေ ရှိနေပါတယ်။ ဒီကနေ့အထိ ကိုယ်စားလှယ် ၄ ဦး ပယ်ခံရကြောင်း ဗဟိုကော်မတီဝင်တွေကပြောပေမယ့် လက်ရှိအချိန်ထိ ၃ ဦးနာမည်စာရင်းသာ ရပါသေးတယ်။ အခု ဆက်လက်ပယ်ခံရသူတွေအတွက် ဗဟိုက အယူခံဝင်ဖို့လည်း လုပ်ဆောင်နေတယ်လို့သိရပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗီအိုအေက မေခက ပေးပို့ ထားပါတယ်။

မန္တလေးတိုင်း ဒေသကြီး NLD ကိုယ်စားလှယ်လောင်းပယ်ခံရပြီးနောက် အခုကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့က NLD ပါတီဝင် ကိုယ်စားလှယ်လောင်းတို့ ထပ်မံ အပယ်ခံရတာပါ။ လက်ရှိအချိန်ထိ အပယ်ခံရတဲ့ အဖွဲ့ဝင်အရေအတွက်ကို NLD ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းကခုလိုပြောပါတယ်။

“လေးဦးလောက်ရှိပြီ။ အမှန် တယောက်က မန္တလေးက၊ ရှမ်းပြည်က နှစ်ယောက်၊ ကယားကတယောက်ဆိုတော့ လေးယောက်ပေါ့။”

လက်ရှိမှာ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) က ဝင်ရောက်ယှဉ် ပြိုင်ဖို့ အမည်စာရင်း တင်သွင်းထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းမြင့်အနေနဲ့ ခရိုင်ရွေး ကောက်ပွဲကော်မရှင်က အမည်စာရင်း ပယ်ချမှုအပေါ် အယူခံလွှာတင်သွင်းခဲ့ပေမယ့် တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ထပ်မံ ပယ်ချထားပါတယ်။ ဒီလို ထပ်မံပယ်ချခံခဲ့ရတဲ့အတွက် လာမယ့်ရွေးကောက်ပွဲမှာ ချမ်းအေးသာစံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ကနေ NLD အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရတော့မှာ မဟုတ်ပါဘူး။ ကိုယ်စားလှယ်လောင်းအနေနဲ့ ထပ်မံ ပယ်ခံရသူတွေနဲ့ပတ်သက်ပြီး NLD ဗဟိုကော်မတီဝင် ဦးဝင်းထိန်က ခုလိုပြောပါတယ်။

“သူ့နာမည်က ဖြိုးဝေအောင်။ အသက်မပြည့်ဘူးဆိုပြီးတော့မှ ပယ်တာ။ ဒါပေမယ့် အန်ကယ်တို့က ပြန်ပြီးအယူခံပြန်တင်ထားတယ်။ သူက ရွေးကောက်ပွဲဖြစ်တဲ့အချိန်မှာ အသက်ပြည့်မှာ။ အခုက လျှောက်လွှာတင်တဲ့အချိန်မှာ အသက်ငယ်တယ်။ ပြီးရင်ရွေးကောက်ပွဲရောက်ရင် သူက အသက်ပြည့်မှာ။ အဲဒါကို ပြန်ပြီး အယူခံဝင်မယ်။”

ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားရေးမှူး ဦးသန်းလွင်မြင့်ကတော့ လက်ရှိ စစ်ဆေးမှုအရ အပယ်ခံရတဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။

“အကုန်လုံးတော့ပြောလို့မရဘူး။ တချို့ကအသက် မမှီတာပေါ့။ ပြည်နယ်လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ဆိုလို့ရှင်ရင် ၂၅ နှစ်အထက် ဖြစ်ရမယ်။ ၁၅ နှစ်အောက်ဖြစ်နေတာမျိုး။ အမျိုးသားလွှတ်တော်ဆိုရင် အသက် ၃၀ နဲ့အထက်ဖြစ်ရမှာ။ အသက် ၃၀ အောက်ဖြစ်နေတာမျိုး။ မပြည့်သေးတဲ့လူတွေ၊ တချို့ကလည်း မွေးဖွားစဉ်က နိုင်ငံသား မိဘနှစ်ပါးမဟုတ်တဲ့ဟာမျိုးပေါ့။ လက်ရှိစီစစ်တာက မပြီးသေးဘူး။ စီစစ်တာ မပြီးသေးတဲ့ကာလမှာတော့ လက်ရှိ ရှမ်းတောင်မှာဆိုရင်တော့ ၅ ယောက်လောက်တော့ ရှိမယ်ထင်တယ်။ အဲဟာတွေက ကျားဖြူက တယောက်၊ လားဟူက တယောက်၊ ပလောင်က NLD ကတယောက် ပယ်ထားတယ်။ မွေးဖွားတဲ့နိုင်ငံသားမိဘနှစ်ယောက် မဟုတ်လို့။”

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း (၅) ပုဒ်မ ၁၀ ပုဒ်မခွဲ (င) အရ ကိုယ်စားလှယ်လောင်းဟာ မွေးဖွားစဉ်က နိုင်ငံသား မဖြစ်သေးသော မိဘတစ်ပါးပါးမှ ဖြစ်စေ၊ နှစ်ပါးလုံးမှ ဖြစ်စေ မွေးဖွားသည့် နိုင်ငံသား ဖြစ်ပါက ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေရဟု ပြဋ္ဌာန်းထားတာကြောင့် လက်ရှိမှာ ဒီအချက်အပေါ် အဓိကထား စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ အမည်မဖော်လိုတဲ့ ရခိုင်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ကပြောပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် မဲဆန္ဒနယ် ကိုယ်စားပြု လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်ကို မောင်တောခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ကိုယ်စားလှယ်လောင်းအနေနဲ့ မွေးဖွားစဉ်က နိုင်ငံသားမဖြစ်သေးသော မိဘတစ်ပါးပါးမှ ဖြစ်စေ၊ နှစ်ပါးလုံးမှဖြစ်စေ မွေးဖွားသည့် နိုင်ငံသားဖြစ်နေတာကြောင့် ပယ်ချခဲ့ပါတယ်။

ဒီလိုပဲ ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကနေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ဝင်ရောက်ရွေးခံမယ့် ဦးယဉ်မျိုး (ခ) ရွှင်ကောင်းဟာလည်း ဦးရွှေမောင်လိုပဲ ဒီဥပဒေအရ ပယ်ချခံခဲ့ရပါတယ်။

ပြဌာန်းထားတဲ့ တည်ဆဲရွေးကောက်ပွဲဥပဒေ များအရ အမည်စာရင်းပယ်ချခံရသူရဲ့နေရာမှာ အခြားကိုယ်စားလှယ်လောင်းတစ်ဦး ထပ်မံ အစားထိုးခွင့်မရတာကြောင့် လက်ရှိမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ ပယ်ချခံရသူတွေအတွက် အယူခံဝင်မယ် ဆိုပေမယ့် အဲဒီအယူခံပယ်ချခံရပါက ပယ်ချခံရသူတွေနေရာမှာ အစားထိုး ကိုယ်စားလှယ်လောင်း ပေးနိုင်မှာမဟုတ်တဲ့အတွက် အဲဒီ နေရာတွေမှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင် ခွင့်ရတော့မှာမဟုတ်ပါဘူး။

XS
SM
MD
LG