သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူရဦးရွှေမန်း လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းပေးဖို့ မဲဆန္ဒရှင်တချို့ စာတင်


အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌနဲ့ လက်ရှိ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း
အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌနဲ့ လက်ရှိ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း

လက်ရှိ လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ သူရဦးရွှေမန်းကို သူ့ရဲ့မူလ မဲဆန္ဒနယ်မြေဖြစ်တဲ့ နေပြည်တော်ရှိ ဇေယျာသီရိမြိုနယ် မဲဆန္ဒရှင် ၃ % ခန့်က လွှတ်တော် ကိုယ်စားလှယ် အဖြစ်က ရုပ်သိမ်းပေးဖို့ ရွေးကောက်ပွဲကော်မရှင်ကို ဒီရက်ပိုင်းအတွင်း စာရေးသား တောင်းဆိုလိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ခုလိုတောင်းဆိုတာကို ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ဆက်အရေးယူနိုင်ဖို့ ဥပဒေမရှိသေးပေမယ့် ဒါဟာ တပ်မတော်အပါအဝင် အစိုးရ ထိပ်ပိုင်းနဲ့ အစိုးရပါတီအကြား အကွဲအပြဲဖြစ်ကို ပြလိုက်တာလို့ သုံးသပ်နေကြပါတယ်။ ဒီအခြေနေနဲ့ ပတ်သက်ပြီး သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့ ဦးရဲထွန်းရဲ့အမြင်ကို ဦးဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။

ဦးဝင်းမင်း။ ။ ဟုတ်ကဲ့၊ ဦးရဲထွန်းခင်ဗျား။ အခု လက်ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ ဥက္ကဋ္ဌပေါ့နော်။ သူရဦးရွှေမန်း ကို သူ့ရဲ့မူလမဲဆန္ဒနယ်မြေဖြစ်တဲ့ ဇေယျာသီရိမဲဆန္ဒနယ်မြေကနေ မဲဆန္ဒရှင်တချို့ကနေပြီးတော့ ဥပဒေ ချိုးဖောက်တဲ့အတွက်ပေါ့နော်၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ ရုပ်သိမ်းဖို့ တောင်းဆိုတယ်-ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ဦးရဲထွန်းရေ - နည်းနည်းလေး ရှင်းပြပေးပါလား။

ဦးရဲထွန်း။ ။ သူရဦးရွှေမန်းကို သူ့မြို့နယ်ကနေပြီးတော့ ပြည်သူလူထု ၂ % ကျော်ကျော်ကနေ တာဝန်မှ ပြန်လည်ရုပ်သိမ်းဖို့ တင်တယ်ဆိုတဲ့ဥစ္စာကတော့ အခု တက်လာတဲ့သတင်းပေါ့လေ။ ဒါပေမယ့် အဲဒီလို ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေဆိုတာက မထွက်လာသေးပါဘူး။

ဦးဝင်းမင်း။ ။ ဟုတ်ကဲ့၊ ဦးရဲထွန်း၊ အဲဒီတော့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ လွှတ်တော်ကနေ ဥပဒေ ပြဌာန်းမထားသော်လည်းပဲ ကိုယ်စားလှယ်တဦးကို ရုပ်သိမ်းနိုင်ခွင့် အနေအထားမျိုးကော။

ဦးရဲထွန်း။ ။ မရှိပါဘူးဗျ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဆိုထားတာကတော့ လွှတ်တော်ကိုယ်စားလှယ်ကို အဲလို တာဝန်မှ ပြန်လည်ရုပ်သိမ်းချင်လို့ရှိရင် ‘သူ့ဒေသ မဲဆန္ဒရှင် ၁ % ကနေ လက်မှတ်ထိုးပြီးတော့ ကော်မရှင်ကို တိုင်ကြားရမယ်’- ဆိုထားတဲ့ အပိုဒ်တပိုဒ်ရှိပါတယ်။ အဲဒီ နောက်ပိုင်းမှာ ဆက်ပြီး ပြောထား တာကတော့ ကော်မရှင်အနေနဲ့ ဥပဒေနဲ့အညီ ဆက်လက် စုံစမ်းဆောင်ရွက်ရမယ်လို့ ပါပါတယ်။ ‘ဥပဒေနဲ့အညီ’ လို့ ပြောတဲ့အတွက်ကြောင့် အဲဒီဥပဒေရှိအောင်လို့ ကော်မရှင်က ဥပဒေကြမ်းရေးပြီးတော့ လွှတ်တော်ကို တင်ထားတာ ကြာပါပြီ။ အဲဒီဥပဒေကြမ်းဟာ လွှတ်တော်ကနေ ကနေ့ထက်တိုင် ထွက် မလာသေးပါဘူး။ အကြောင်းကတော့ ပြည်သူ့လွှတ်တော်အနေနဲ့ ၁ % ကနေ တိုင်ကြားနိုင်တယ်ဆိုတာဟာ သိပ်ပြီးတော့ နည်းလွန်းတယ်- ဒါကြောင့်မို့လို့ ဒီပြဌာန်းချက်ကို ပြီးခဲ့တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ ပြင်ဆင်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ပြီးတော့လည်း အဲဒါ မအောင်မြင်ခဲ့ပါဘူး။

ဦးဝင်းမင်း။ ။ ဟုတ်ကဲ့၊ ဦးရဲထွန်း။ အခု မဲဆန္ဒနယ်မြေ - ဇေယျာသီရိပေါ့နော်၊ အခုလိုနယ်မြေမျိုးကနေ ဖြစ်လာတာဆိုတော့ နောက်ကွယ်မှာရှိနိုင်တဲ့အနေအထားရော။

ဦးရဲထွန်း။ ။ သူရဦးရွှေမန်းကို သူ့ရဲ့ မဲဆန္ဒနယ်မြေက ပြန်လည် ရုပ်သိမ်းဖို့ တောင်းဆိုမယ်ဆိုတာဟာ စောစောကတည်းက ကျနော်တို့ ကြားပါတယ်။ ကောလဟလသဘောမျိုးနဲ့သတင်းဖြစ်နေတာ ကြာပါပြီ။ ဘယ်အချိန်လောက်ကလဲဆိုရင် လွှတ်တော်ထဲမှာ ဖွ့ဲစည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို စွပ်စွဲပြစ်တင်ပြီးတော့ ဖြုတ်ချဖို့ ကြိုးစားပြီးတဲ့နောက်ပိုင်းမှာ တဘက်က တန်ပြန်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ လွှတ်တော် ဥက္ကဋ္ဌတို့လို ပုဂ္ဂိုလ်တွေကို ဘယ်လိုအရေးယူနိုင်မလဲလို့ စဉ်းစားတဲ့အခါမှာ စွပ်စွဲပြစ်တင်နိုင်တယ်ဆိုတာကို တွေ့လာတယ်။ အခုအပိုင်းမှာတော့ အစိုးရအဖွဲ့တွေ လွှတ်တော်ကနေပြီးတော့ အရေးယူဆောင်ရွက်လာတာ တွေ၊ ရွေးကောက်ပွဲမှာ ပါတီရဲ့နာမည်မသုံးဖို့အတွက် တားမြစ်လာတာတွေ ဒီလိုကိစ္စတွေ ဖြစ်လာပြီးတဲ့နောက် ပြန်လည်ပြီးတော့ တဘက်ကနေ တုံ့ပြန်တယ်လို့ ကျနော်ထင်ပါတယ်။

ဦးဝင်းမင်း။ ။ ဟုတ်ကဲ့။ တဘက်ကဆိုတာ ဘယ်ဘက်ကို ဆိုလိုတာလဲမသိဘူး။

ဦးရဲထွန်း။ ။ အထူးသဖြင့်တော့ အစိုးရဘက်ပေါ့လေ၊ ဒီဥစ္စာတော့ တပ်မတော်နဲ့အစိုးရနဲ့က ဒီဟာမှာတော့ တော်တော်လေး ဘက်တဘက်အနေနဲ့ရှိနေပုံရတာပေါ့လေ။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဘက်က ဆိုရင်တော့ ဦးရွှေမန်းဘက်ကပေ့ါနော်။

ဦးဝင်းမင်း။ ။ ဟုတ်ကဲ့။ အခုလိုဖြစ်နေတဲ့ပြဿနာက နောက်ဆက်တွဲအနေနဲ့ပေါ့နော်၊ အစိုးရနဲ့လွှတ်တော် အကြားမှာ ဒီ ရွေးကောက်ပွဲမတိုင်ခင်ပေါ့။ တင်းမာမှုတွေ ပိုများလာနိုင်မယ့်အလားအလာ ရှိနိုင်ပါသလား။

ဦးရဲထွန်း။ ။ ဒီလိုပဲ သုံးသပ်ကြပါတယ်။ အခုတလောမှာပေါ့နော်၊ ဦးရွှေမန်းခေါင်းဆောင်တဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီနဲ့ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့တို့ကြားမှာ ပြင်းပြင်းထန်ထန် ပဋိပက္ခတွေ ဖြစ်လာ ပြီးတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ အစိုးရအဖွဲ့ဝင်တချို့ကို ရွေးကောက်ပွဲပြန်လည်ဝင်ဖို့အတွက် လက်ခံ လိုစိတ် မရှိဘူး၊ ဒါကြောင့်မို့ ဒီကိစ္စဟာဆိုလို့ရှိရင်တော့ သူတို့အဖွဲ့ကြားမှာ စေ့စပ်လို့မရအောင် ကွဲနေပြီ ဆိုတာကို မီးမောင်းထိုးပြလိုက်တာပဲဖြစ်ပါတယ်။

ဦးဝင်းမင်း။ ။ ဟုတ်ကဲ့၊ ဒီနေရာမှာ သူရဦးရွှေမန်းကို ဘာကြောင့်မို့လို့ တပ်မတော်ခေါင်းဆောင်ဟောင်း တယောက်လည်းဖြစ်တယ်၊ နော်… အခုလိုမျိုး အစိုးရနဲ့ တပ်မတော်ဘက်ကနေပြီးတော့ မလိုမလား တိုက်ခိုက်မှုတွေ ဖြစ်လာတယ်လို့ ယူဆပါသလဲ။

ဦးရဲထွန်း။ ။ တိုင်တဲ့စာထဲမှာ ဖော်ပြထားတာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စ လုပ်တဲ့ အချိန်မှာ လွှတ်တော် နာယကတယောက်အနေနဲ့ “မဲမပေးရ” - လို့ ပြဌာန်းထားချက်ရှိလျက်နဲ့ သူက မဲပေးခဲ့တယ်ပေါ့။ နောက်ပြီးတော့ တပ်မတော်ကိုလည်း တပ်မတော်ကို သိက္ခာကျအောင်၊ တပ်မတော်ကို ပြည်သူတွေက ဆန့်ကျင်လာအောင် စွပ်စွဲပြောဆိုတာတွေ ရှိတယ်ဆိုပြီးတော့ အဲဒီလို ရည်ညွှန်းထားတာတွေ ရှိပါတယ်။ တပ်မတော်သားကိုယ်စားလှယ်တွေအနေနဲ့ အဲဒီ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကြိုးပမ်းတဲ့ ကာလက အတော့်ကို စိတ်ထဲမှာ ခံစားချက်ဖြစ်တယ်လို့ ခန့်မှန်းမိတာပေါ့။

ဦးဝင်းမင်း။ ။ ဟုတ်ကဲ့၊ ကျေးဇူးအများကြီးတင်ပါတယ်၊ ဦးရဲထွန်းခင်ဗျား။

XS
SM
MD
LG