ကမ္ဘောဒီးယားမှာ သက်တမ်းကြာရှည် အုပ်ချုပ်ခဲ့တဲ့ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ အရိုက်အရာကို ဆက်ခံဖို့အတွက် သားဖြစ်သူ ဟွန်မာနက်ကို ကမ္ဘောဒီးယားပါလီမန်က တခဲနက် ရွေးကောက်တင်မြှောက်လိုက်ပါတယ်။
ဆယ်စုနှစ် ၄ ခုနီးပါး အာဏာရယူခဲ့တဲ့ ဟွန်ဆန်က ရာထူးမှ နုတ်ထွက်မယ်လို့ ကြေညာပြီးနောက်ပိုင်း သီတင်းပတ်တွေအတွင်းမှာပဲ သားဖြစ်သူ အသက် ၄၅ နှစ်အရွယ် Hun Manet ကို နိုင်ငံရဲ့ ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ တဘက်မှာလည်း အဓိက အတိုက်အခံပါတီကို ရွေးကောက်ပွဲဝင်ဖို့ ပိတ်ပင်ခဲ့တဲ့အတွက် အနောက်နိုင်ငံအစိုးရတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ရွေးကောက်ပွဲကို အတုအယောင်အဖြစ် ရှုတ်ချနေကြပါတယ်။
အမေရိကန်အခြေစိုက် ဝက်စ်ပွိုင့်စစ်တက္ကသိုလ် ကျောင်းဆင်းတဦးဖြစ်တဲ့ ဟွန်မာနက်ဟာ ကမ္ဘောဒီးယားစစ်တပ်မှာ အကြမ်းဖက်မှု တန်ပြန်ရေးခေါင်းဆောင်၊ လက်ထောက်စစ်ဦးစီးချုပ်နဲ့ စစ်တပ်အကြီးအကဲစတဲ့ ရာထူးတွေနဲ့ နှစ်အတန်ကြာ တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ နယူးယောက်တက္ကသိုလ်က မဟာဘွဲ့နဲ့ ဗြိတိန်နိုင်ငံရှိ Bristol တက္ကသိုလ်က စီးပွားရေးဆိုင်ရာ ပါရဂူဘွဲ့ကိုလည်း ရရှိထားတာပါ။
ဝန်ကြီးအသစ်တွေထဲမှာလည်း အရပ်ဘက် ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်မယ့် သူဟာ ဟွန်မာနက်ရဲ့ အငယ်ဆုံးညီဖြစ်သူ ဟွန်မန်ဖြစ်နေသလို၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေမှာလည်း ဟွန်ဆန်လက်ထက်က တာဝန်ထမ်းဆောင်ခဲ့သူတွေရဲ့ သားသမီးတွေ ဆွေမျိုးတွေရဲ့ မျိုးဆက်တွေဖြစ်တဲ့အတွက် ဟွန်မာနက်ရဲ့ အစိုးရအဖွဲ့ဟာ မျိုးဆက်လိုက် အာဏာလွှဲပြောင်းတဲ့ အစိုးရတခုဖြစ်လာပါတယ်။