တောင်အာဖရိကနိုင်ငံမှာ ကျင်းပတဲ့ ရွေးကောက်ပွဲရဲ့ မဲအရေအတွက် ၉၉ ရာခိုင်နှုန်းကို ရေတွက်ပြီးချိန်မှာတော့ - လက်ရှိအာဏာရ အာဖရိက အမျိုးသားကွန်ဂရက် (ANC) ပါတီက မဲအများစုနဲ့ ဦးဆောင်နေပါတယ်။ မဲရလဒ်တွေကို ဒီကနေ့ တရားဝင်ကြေငြာပြီးချိန်မှာတော့ ရွေးကောက်ပွဲအောင်ပွဲတွေ ကျင်းပသွားဖို့ရှိနေပါတယ်။ အစိုးရသစ်ကိုတော့ အခုလနှောင်းပိုင်းမှာ ဖွဲ့စည်းသွားမှာဖြစ်ပါတယ်။
တောင်အာဖရိကနိုင်ငံမှာ အသားရောင် ခွဲခြားမှုတွေ အဆုံးသတ်ပြီး ၁၉၉၄ ခုနှစ်က ပထမဆုံးအကြိမ် ရွေးကောက်ပွဲတွေ ကျင်းပချိန်ကစပြီး ANC ပါတီက ပါလီမန်ရွေးကောက်ပွဲ ၆ ကြိမ်စလုံးကို နိုင်ထားတာဖြစ်ပါတယ်။ အခုနှစ်မှာတော့ ANC ပါတီဟာ ပထမဆုံးအကြိမ်အဖြစ်နဲ့ မဲအရေအတွက်ရဲ့ ၆၀ ရာခိုင်နှုန်းအောက် ရခဲ့တာဖြစ်ပါတယ်။
ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ကတော့ - ANC ပါတီဟာ မဲအရေအတွက် ၅၇ ရာခိုင်နှုန်းနဲ့ မဲအရေအတွက် အများဆုံးရတယ်လို့ ကြေငြာသွားဖို့ရှိတယ်လို့ ခန့်မှန်းနေကြပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း အဂတိလိုက်စားမှုအရှုပ်တော်ပုံတွေနဲ့ စီးပွားရေးကျဆင်းမှုတွေက ANC ပါတီရဲ့ ပုံရိပ်ကို ထိခိုက်စေခဲ့ပြီး တချို့ထောက်ခံသူတွေဟာလည်း ဘက်ပြောင်းထောက်ခံခဲ့ကြတာ ဖြစ်ပါတယ်။
အတိုက်အခံ ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ကတော့ မဲအရေအတွက် ၂၁ ရာခိုင်နှုန်းပဲ ရခဲ့တာကြောင့် ၂၀၁၄ ကထက် မဲအရေအတွက် နည်းသွားခဲ့ပါတယ်။ စီးပွားရေးတိုးတက်အောင်လုပ်မယ်လို့ ပြောနေတဲ့ Economic Freedom Fighters ပါတီကလည်း မဲ ၁၀ ရာခိုင်နှုန်းကျော် ရရှိခဲ့တာကြောင့် ၂၀၁၄ ခုနှစ်ကထက်တော့ ပိုများလာတယ်လို့ ဆိုပါတယ်ခင်ဗျာ။