သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

နှစ်သစ်မှာ ကိုးရီးယားနှစ်နိုင်ငံ ဆွေးနွေးမှုဆက်လုပ်ဖို့ Kim Jong Un ကမ်းလှမ်း


ကိုရီးယား ၂ နိုင်ငံ ခေါင်းဆောင်တွေကြား ၂၀၁၈ ခုနှစ်ထဲ ထိတွေ့ဆက်ဆံမှုတွေ လုပ်ခဲ့သလိုပဲ လာမယ့်နှစ်သစ်မှာလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ တိုးမြှင့်ကျင်းပသွားဖို့ မြောက်ကိုရီးယားခေါင်းဆောင် Kin Jong Un က တောင်ကိုရီးယားသမ္မတ Moon Jae-in ဆီ တနင်္ဂနွေနေ့က စာတစောင် ပေးပို့ခဲ့တယ်လို့ တောင်ကိုရီးယား သမ္မတရုံးက ပြောပါတယ်။

မြောက်ကိုရီးယားမြို့တော် ပြုံယမ်းမှာ စက်တင်ဘာလထဲ နောက်ဆုံးကျင်ပခဲ့တဲ့ ၂ နိုင်ငံခေါင်းဆောင် တွေရဲ့ ထိပ်သီး အစည်းအဝေးမှာ မြောက်ကိုရီးယားခေါင်းဆောင် ကတိပေးခဲ့သလို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ကို ဒီဇင်ဘာလကုန် လာလည်ဖို့ စီစဉ်ထားပေမယ့် မဖြစ်မြောက်ခဲ့တာအတွက် စိတ်မကောင်းကြောင်းလည် စာထဲမှာ ဖေါ်ပြထားတယ်လို့ တောင်ကိုရီးယား သမ္မတရုံးက ပြောပါတယ်။ ဒါပေမယ့်Kim ရဲ့ စာအပြည့်အစုံကိုတော့ တောင်ကိုရီးယားသမ္မတရုံးက ထုတ်မပြောပါဘူး။

၂၀၁၈ ထဲမှာ ကိုရီးယားခေါင်းဆောင် ၂ ဦး ကြား ထိပ်သီးဆွေးနွေးပွဲ ၃ ကြိမ်ကျင်းပခဲ့ပြီး စီးပွါးရေးပူပေါင်းဆောင်ရွက်မှုကို အခါအားလျှော်စွာ လုပ်ဆောင်ဖို့ သဘောတူခဲ့ကြတဲ့အပြင် ဒီလို လုပ်ဆောင်ဖို့ နိုင်ငံတကာ အရေးယူမှုတွေ အဆုံးသတ်ရေးအတွက် မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့ကြတာပါ။ ဒါ့အပြင် ၂ နိုင်ငံ နယ်စပ်ဒေသတလျှောက်က အစောင့်တပ်စခန်းတချို့ဖယ်ရှားရေး၊ နယ်စပ် Panmunjom ရွာကလေးက လက်နက်တွေ၊ မြေမြှုပ်မိုင်းတွေ ရှင်းလင်းရေးအပါအဝင် သမရိုးကျ စစ်ရေးခြိမ်းခြောက်မှုတွေ လျှော့ချဖို့လည်း လုပ်ဆောင်ခဲ့ကြပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် Kim ရဲ့ စာထဲမှာ သူဟာ ၂၀၁၉ ခုနှစ်ထဲမှာ တောင်ကိုရီးယား သမ္မတ Moon နဲ့ မကြာမကြာတွေ့ဆုံဖို့ ဆန္ဒ ရှိသလို ဒေသတွင်း ငြိမ်းချမ်းသာယာ ဝပြောရေးနဲ့ ကိုရီးယား ကျွန်းဆွယ်ဒေသ နျူကလီယားကင်းစင်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးသွားလိုကြောင်း ဖေါ်ပြထားတယ်လို့ဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံမှာ နိုင်ငံ့ရဲ့ မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်တွေနဲ့ ရည်ရွယ်ချက်ပန်းတိုင်တွေကို ကြေညာလေ့ရှိတဲ့ ခေါင်းဆောင် Kim Jong Un ရဲ့ နှစ်သစ်မိန့်ခွန်း မကြေညာခင် အခုလို တောင်ကိုရီးယား သမ္မတဆီကို Kim ကစာရေးသား ပေးပို့ခဲ့တာလည်း ဖြစ်ပါတယ်။ ၂၀၁၈ နှစ်သစ်မိန့်ခွန်းတုန်းက Kim က အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေနဲ့ သံတမန်ရေး စတင်ဖို့ ပြောကြားခဲ့တဲ့နောက် တောင်ကိုရီးယား သမ္မတ Moon နဲ့တွေ့ဆုံခဲ့လို ဇွန်လထဲမှာ အမေရိကန်သမ္မတ Donald Trump နဲ့ပါ သမိုင်းတွင်ထိပ်သီးဆွေးနွေးပွဲ ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG