သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြန်စမည်


အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု (၂၀၁၇)
အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု (၂၀၁၇)

အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ကြား တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နေချိန်အတွင်း အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေ ဆိုင်းငံ့ထားရာကနေ တနင်္လာနေ့မှာတော့ အသေးစားစစ်ရေးလေ့ကျင့်မှုတွေ စတင်တော့မှာဖြစ်ပါတယ်။ နိုင်ငံတကာဖိအားပေးမှုတွေ လျော့မသွားဘူး ဆိုရင် သူ့ရဲ့ နျူကလီယား အစီစဉ်တွေပြန်စမယ်လို့ မြောက်ကိုရီးယားက ခြိမ်းခြောက်ခဲ့ပြီး ရက်သိပ်မကြာခင်မှာပဲ အခုလို စတင်တာလည်း ဖြစ်ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုထဲမှာ ကိုရီးယား ရေတပ်ဆိုင်ရာဖလှယ်မှု အစီအစဉ်ပါဝင်နေပြီး ဇွန်လထဲမှာ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un နဲ့ အမေရိကန် သမ္မတ Donald Trump တို့ စင်္ကာပူတွေ့ဆုံပွဲအပြီး လေ့ကျင့်မှုတွေ ဆိုင်းငံ့ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားဘက်က အမြဲတစေ ဝေဖန်အပြစ်တင်နေတဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကိုလည်း အဆုံးသတ်ဖို့ ကတိပေးခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်မှုကို တောင်ပိုင်းက Pohang မြို့နားမှာ စတင်မှာ ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရက အတည်ပြုခဲ့ပေမယ့် မီဒီယာတွေ သတင်းယူခွင့်တော့ ရမှာ မဟုတ်ပါဘူး။ အမေရိကန်နဲ့ တောင်ကိုရီးယား ရေတပ်သား စုစုပေါင်း ၅၀၀ လောက်ပဲ လေ့ကျင့်မှုမှာ ပါဝင်မှာ ဖြစ်ကြောင်း Yonhap သတင်းမှာ ဖေါ်ပြပါတယ်။

၂၀၁၉ အတွက် ပူးတွဲ စစ်ရေးလေ့ကျင့်မှု လုပ်ဖို့ကိစ္စကိုတော့ ဒီဇင်ဘာလရောက်မှပဲ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ဆုံးဖြတ်မယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ဝါရှင်တန်ကို လာရောက်တဲ့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။

အမေရိကန်ဘက်က အပြင်းထန်ဆုံး ဖိအားတွေနဲ့ အရေးယူဒဏ်ခတ်တဲ့ လုပ်ဆောင်မှုတွေ ရပ်မပစ်ရင် မြောက်ကိုရီးယားက သူ့ရဲ့ နျူကလီယားအစီအစဉ်တွေကို ပြန်စနိုင်တယ်လို့ မြောက်ကိုရီးယားက သောကြာနေ့ကပဲ သတိပေးထားပါတယ်။ မြောက်ကိုရီးယားဟာ သူ့ရဲ့ ပဲ့ထိန်းတပ်ဒုံးကျည် ဒါမှမဟုတ် နျူကလီယားလက်နက်အတွက် စမ်းသပ်မှုတွေ မလုပ်တာ တနှစ်နီးပါး ရှိနေပြီ ဖြစ်သလို သူ့ရဲ့ နျူကလီယား လက်နက် စမ်းသပ်တဲ့ အဓိကစခန်းကို ပိတ်ပစ်ခဲ့ကြောင်းနဲ့ နောက်စခန်းအများအပြားကိုလည်း ဖျက်သိမ်းဖို့ စီစဉ်နေတယ်လို့လည်း ပြောကြားခဲ့ တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG