သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယား ၂ နိုင်ငံ ခေါင်းဆောင်တွေ ထပ်မံတွေ့ဆုံမည်


တောင်နဲ့မြောက်ကိုရီးယား၂နိုင်ငံခေါင်းဆောင်တွေ နောက်လထဲမှာတွေ့ဆုံကြပါလိမ့်မယ်။ ဘယ်နေ့ဆိုတာ မသေချာသေး ပေမဲ့လည်း မြောက်ကိုရီးယားနိုင်ငံ ပြုံယန်းမြို့တော်မှာတွေ့ဖို့စီစဉ်ထားကြပါပြီ။ နျူကလီးယားအစီအစဉ်ဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားဘက်က သိသာတဲ့လုပ်ဆောင်မှုတွေမမြင်ရသေးလို့ ဝေဖန်မှုတွေပေါ်ထွက်နေပါတယ်။ ဒါပေမဲ့လည်း တောင်နဲ့မြောက်ကိုရီးယားခေါင်းဆောင်တွေ တွေ့ဆုံတာ၊ အမေရိကန်နဲ့တွေ့ထိဆက်ဆံမှုအရင်ကထက် ပိုရှိ လာတာတွေကတော့ အဆိုးထဲကအကောင်းလို့မြင်ရမယ့်သဘောရှိပါတယ်။ နောက်ဆုံးအခြေအနေတွေ ဘယ်လိုရှိသလဲ ဆိုတာ ကိုကျော်အောင်လွင်က ပြောပြမှာပါ။

ကိုရီးယားစစ်ပွဲ တရားဝင်အဆုံးသတ်ရေးကြေညာဖို့ မြောက်ကိုရီးယားကို အကြိမ်ကြိမ်တိုက်တွန်းပြောဆိုနေခဲ့တာကြာပါ ပြီ။ စစ်ပွဲတရားဝင်အဆုံးသတ်ရေးအတွက် အပြန်အလှန်ယုံကြည်မှုတွေတိုးပွါးနေဖို့လိုသလို နျူကလီးယားဖျက်သိမ်းရေးလုပ်ငန်းစဉ်တွေဟာလည်း တိုးတက်နေဖို့လိုအပ်ပါတယ်။ ပြီးခဲ့တဲ့ဇွန်လ၁၂ရက်နေ့တုန်းက မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ အမေရိကန်သမ္မတဒေါ်နလ်ထရမ့်တို့ စင်္ကာပူနိုင်ငံမှာတွေ့ဆုံခဲ့ပြီး သဘောတူညီခဲ့တဲ့ နျူကလီးယားဖျက်သိမ်းရေးအစီအစဉ်ကို အကောင်အထည်ဖေါ်ရေးမှာ အမေရိကန်ဘက်က အမှန်တကယ်တည်ရှိဖြစ်ပျက်နေတာ တွေအပေါ်မှာပဲ လက်ခံယုံကြည်သင့်တယ်လို့ တောင်ကိုရီးယားအစိုးရပိုင် Yonhap သတင်းကဆိုပါတယ်။

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးဆိုင်ရာ ဝေဖန်သုံးသပ်ချက်ဆောင်းပါးတပုဒ်ကို ယုံဟပ်သတင်းမှာ တနင်္လာနေ့ကဖေါ်ပြထားတာပါ။ မြောက်ကိုရီးယားနဲ့ဆက်ဆံရေးတွေတိုးမြင့်နေတယ်ဆိုပေမဲ့လည်း တဘက်မှာက ပြစ်ဒဏ်ခတ် အရေးယူတာတွေကိုလည်း မြောက်ကိုရီးယားကို ဆက်ပြီးလုပ်နေတဲ့ပုံစံကတော့ အစပ်အဟပ်မရှိလှဘူးလို့ ဆောင်းပါးမှာသတိပေးရေးသားထားပါ တယ်။ တောင်နဲ့မြောက်ကိုရီးယား၂နိုင်ငံခေါင်းဆောင်တွေတနှစ်အတွင်း သုံးကြိမ်မြောက်တွေ့ကြမယ်လို့သဘောတူညီခဲ့ ပြီးနောက်ပိုင်း ဒီဆောင်းပါးကို ယုံဟပ်သတင်းမှာဖေါ်ပြလာတာပါ။

ဝါရှင်တန်ဒီစီအခြေစိုက် Center for the National Interest ဌာနက ကာကွယ်ရေးဆိုင်ရာလေ့လာမှုအဖွဲ့ရဲ့ညွှန်ကြားရေးမှုး Harry Kazianis ကတော့ အမေရိကန်နဲ့မြောက် ကိုရီးယားအကြားမှာ တောင်ကိုရီးယားက ဝင်ပြီးတော့စေ့စပ်ပေးချင်နေပုံရတယ်လို့ဆိုပါတယ်။

"မြောက်ကိုရီးယားရဲ့နျူကလီးယားအစီအစဉ်ဖျက်သိမ်းရေးနဲ့ ပတ်သက်တဲ့ညှိနှိုင်းဆွေးနွေးမှုတွေမှာ သမ္မတထရမ့်အစိုးရ ဘက်ကပြောနေတာက နောက်ကြောင်းပြန်မလှည့်တဲ့အစီအစဉ်ဖြစ်ရမယ်၊ ဖျက်သိမ်းမှုလုပ်ငန်းတွေ တကယ်ဟုတ်မဟုတ် စီစစ်နိုင်ရမယ်၊ နျူကလီးယားအစီအစဉ်ကို လုံးဝအဆုံးသတ်အောင်ဖျက်သိမ်းရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ မြောက်ကိုရီးယားဘက်ကတော့ နျူကလီးယားလက်နက်ဖျက်သိမ်းရေးကိစ္စကို တကယ်တမ်းအသေအချာမပြောကြခင်မှာ သူတို့ကို အချိုသပ်ဆက်ဆံမှုတွေအကြီးအကျယ်လုပ်ပေးစေချင်နေပုံရပါတယ်။ ဆိုတော့ ဝါရှင်တန်နဲ့ပြုံယန်းအကြားမှာ အမြင်တွေ ဆန့်ကျင်ဘက်တွေဖြစ်နေတာ သိပ်ထင်ရှားပါတယ်။ ဒီလို ကွာဟချက်ဖြစ်နေတာကို တောင်ကိုရီးယားက ကြားဝင်ပြီးစေ့ စပ်ပေးချင်နေပုံရပါတယ်။ ဘာတွေဖြစ်လာမလဲဆိုတာကိုတော့ မကြာခင်မှာကျနော်တို့တွေရပါလိမ့်မယ်"

နောက်လထဲမှာ တွေ့ဆုံကြမယ့်တောင်မြောက်ကိုရီးယားထိပ်သီးတွေ့ဆုံဆွေးနွေးမှုဟာ ဘယ်သူ့အကျိုးအတွက်ပိုများမယ် ဆိုတာထက် ခေါင်းဆောင်၂ဦးလုံးက အကျိုးတူလိုလားမှုတွေနဲ့တွေ့ဆုံချင်နေကြတာလို့ Harry Kazianis ကသုံးသပ် ပါတယ်။

"ကျနော်ကတော့ ၂ဘက်လုံးအကျိုးတူလိုလားမှုတွေရှိနေတယ်လို့ထင်ပါတယ်။ တောင်ကိုရီးယားသမ္မတ မွန်းက သူ့ရဲ့ လူကြိုက်များမှုှုနှုန်းက နည်းနည်းကျလာနေတယ်၊ စီးပွါးရေးအခက်အခဲတွေ၊ပြဿနာတွေလည်း တောင်ကိုရီးယားမှာ နည်းနည်းစလာနေပါပြီ။ ကင်ဂျုံအွန်းအတွက်ကတော့ သိပ်ရှင်းပါတယ်။ သူက တောင်ကိုရီးယားရဲ့ရင်းနှီးမြုပ်နှံမှုတွေ တကယ်လိုချင်နေတာပါ။ သမိုင်းတွင်မယ့်လုပ်ဆောင်ချက်အမွေအနှစ်တွေထားခဲ့နိုင်ဖို့လည်း သူကကြိုးစားနေတာပါ။ နိုင်ငံတကာကနေ သူ့ကို တရားဝင်လက်ခံပြီးဆက်ဆံနိုင်အောင်လည်း ကင်ဂျုံအွန်းက ကြိုးပမ်းနေတာပါ။ အဲဒါကြောင့် ကိုရီးယား၂နိုင် ခေါင်းဆောင်တွေက နောက်တကြိမ်သူတို့ထပ်ပြီးတွေ့ဆုံကြရေး အကျိုးတူလိုလားမှုတွေရှိနေတယ်လို့ ထင်ပါတယ်။"

နျူကလီးယားလက်နက်ဖျက်သိမ်းရေးအစီအစဉ်တွေမစခင် တခြားလိုချင်တာတွေမြောက်ကိုရီးယားဘက်က တောင်း ဆိုနေတာတွေက တကယ်တမ်းတော့လည်း မဆန်းပါဘူးလို့ ကာကွယ်ရေးဆိုင်ရာလေ့လာသုံးသပ်သူ Harry Kazianis က ပြောပါတယ်။

"ကျနော်ကတော့ မအံ့သြပါဘူး။ မြောက်ကိုရီးယားက လူသိရှင်ကြားတရားဝင်ထုတ်ပြန်ချက်တွေထဲမှာ နျူကလီးယားလက် နက်ဖျက်သိမ်းရေးကို လိုလိုလားလား လုပ်ချင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ ဒါပေမဲ့နျူကလီးယား ဖျက်သိမ်းရေးအစီအစဉ်မစခင် သူတို့လိုချင်နေတာတွေက ကိုရီးယားစစ်ပွဲကို တရားဝင်အဆုံးသတ်ချင်တာတို့၊ သူတို့ ကိုအရေးယူ ဒဏ်ခတ်ထားတာတွေပြန်ရုပ်သိမ်းပေးစေချင်တာတို့တွေရှိနေပါတယ်။ မြောက်ကိုရီးယားကို နိုင်ငံတကာက တခြားနိုင်ငံတွေနဲ့တန်းတူ တရားဝင် အသိအမှတ်ပြုပြီး အရောတဝင်ဆက်ဆံမှုမျိုးတွေသူတို့လိုလားနေပုံရပါတယ်"

ပြီးခဲ့တဲ့ဧပြီလမှာ ပထမဆုံးအကြိမ်အဖြစ် တောင်နဲ့မြောက်ခေါင်းဆောင်၂ဦးတွေ့ခဲြ့ကတုန်းက ကိုရီးယားစစ်ပွဲကို တရားဝင် အဆုံးသတ်ရေးကြေညာကြဖို့ ၂ဘက်သဘောတူညီခဲ့ကြပါတယ်။ နောက်လထဲမှာ ထပ်ပြီးမတွေ့ကြခင် လောလောဆယ် မှာတော့ ၁၉၅၃ခုနှစ်ကိုရီးယားစစ်ပွဲကာလကတည်းက ကွဲကွာနေကြတဲ့ ၂ဘက်မိသားစုဝင်တွေပြန်ဆုံနိုင်ရေး ကြိုတင်စီ စဉ်ဖို့ တောင်ကိုရီးဘက်က ရှေ့ပြေးအဖွဲ့တခု မြောက်ကိုရီးယားနိုင်ငံကိုထွက်သွားပါပြီ။ အဲဒီအစီစဉ်ကတော့ တနိုင်ငံဆီက တဘက်ကို လူတရာစီပါဝင်ကြမယ့် မိသားစုပြန်ဆုံကြရေးအစီအစဉ်ပဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG