တောင်အာရှဒေသက အိန္ဒိယ၊ နီပေါနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ မုတ်သုန်မိုး သည်းထန်စွာ ရွာသွန်းပြီး ရေကြီးတာကြောင့် သေဆုံးသူ အရေအတွက်ဟာ ၁၅၂ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။ ဒါ့အပြင် လူတွေ သန်းနဲ့ချီ ရေဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရသလို နဲ့ တိရစ္ဆာန်တွေလည်း ရေဘေးအန္တရာယ်နဲ့ ကြုံနေရတယ်လို့ အာဏာပိုင်တွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ တပတ်အတွင်း ရေကြီးမှုကြောင့် နီပေါနိုင်ငံမှာ ၉၀ ထက်မနည်း သေဆုံးပြီး အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းက အာသံပြည်နယ်မှာတော့ ၅၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ လူ တ ဒါဇင်လောက် သေဆုံးသွားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ ဗြဟ္မပုတ္တရမြစ်ကမ်းပါးတွေ ပြိုကျပြီး ရေကြီးတာကြောင့် ကာဇီရန်ဂါ အမျိုးသားသစ်တောကြိုးဝိုင်းအတွင်းက ရှားပါးတိရစ္ဆာန်မျိုး တခု ဖြစ်တဲ့ ချို တ ချောင်း နဲ့ ကြံ့ ဆယ် ကောင်လောက် သေဆုံးသွားတယ်လို့ အာသံပြည်နယ် တာဝန်ရှိသူ Shiv Kumar က ပြောပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ရေပြန်ကျသွားပြီ ဖြစ်ပေမဲ့လည်း ရေကြီးမှုကြောင့် အာသံပြည်နယ်တ၀ှမ်းက ရွာ ၃၇၀၀ မှာ နေထိုင်နေကြတဲ့ လူ ၄.၈ သန်းလောက် ရေဘေးဒုက္ခနဲ့ ရင်ဆိုင်နေရတယ်လို့ အာသံပြည်နယ်ရဲ့ ဘေးဒုက္ခကယ်ဆယ်ရေးဌာန တာဝန်ရှိသူ တဦးက ပြောပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်မှာလည်း ရေကြီးမှုကြောင့် နှစ်သန်းခွဲလောက် ဒုက္ခနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။