တောင်တရုတ်ပင်လယ်ထဲက နယ်မြေပိုင်ဆိုင်မှု အချေအတင် ဖြစ်နေရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ စည်းမျဉ်းစည်းကမ်းနဲ့ အညီ ကျင့်သုံးသွားနိုင်ဖို့ ရည်ရွယ်ပြီး တရုတ်နိုင်ငံက အရှေ့တောင်အာရှ အိမ်နီးချင်း နိုင်ငံတွေနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ စတင် လုပ်ဆောင်နေပါတယ်။
ဆွေးနွေးမှုတွေ စတင်နေပြီး သဘောတူညီချက် တရပ်ကိုလည်း စတင် ညှိနှိုင်းနေပြီလို့ တရုတ်နိုင်ငံရဲ့ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ သံအမတ်ကြီး Liu Jianchao က မနီလာမြို့တော်မှာ သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။
တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်းနဲ့ ထိုင်ဝမ်တို့က တစိတ်တပိုင်း၊ ဒါမှမဟုတ်လည်း တခုလုံးကို ပိုင်ဆိုင်ကြောင်း ပြောဆိုထားတဲ့ Spratly ကျွန်းစုတွေနဲ့ ပတ်သက်လို့ အချေအတင် ဖြစ်နေရတာတွေကို နိုင်ငံစုံအဆင့် ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဖို့ တရုတ်နိုင်ငံ ဖိအားပေး ခံနေရတာ ဖြစ်ပါတယ်။
အခုအချိန်အထိကတော့ တရုတ်နိုင်ငံက တနိုင်ငံချင်းစီနဲ့သာ ဆွေးနွေးဖို့ လိုလားနေတာပါ။ အမေရိကန် ပြည်ထောင်စုနဲ့ တခြား ၁၁ နိုင်ငံတို့ကတော့ အချေအတင် ဖြစ်နေရတဲ့ ကိစ္စကို နိုင်ငံပေါင်းစုံ ပါဝင်ဖြေရှင်းသွားဖို့ ဇူလိုင်လထဲ ဗီယက်နမ်နိုင်ငံမှာ ကျင်းပတဲ့ လုံခြုံရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲမှာ တိုက်တွန်းခဲ့ကြတာ ဖြစ်ပါတယ်။
အရင်တပတ်ထဲ နယူးယောက်မြို့က အာဆီယံနိုင်ငံ ခေါင်းဆောင်တွေနဲ့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) တို့ တွေ့ဆုံခဲ့ကြတဲ့ ထိပ်သီး အစည်းအဝေးပွဲ အတွင်းမှာလည်း ငြိမ်းချမ်းတဲ့ အဖြေတရပ် ရှာဖွေသွားဖို့ ထပ်မံ တိုက်တွန်းခဲ့တာပါ။