သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ် ဗီယက်နမ် ငါးဖမ်းသင်္ဘောတွေ လက်နက်တပ်ဆင်


ဗီယက်နမ် ငါးဖမ်းသင်္ဘောများ
ဗီယက်နမ် ငါးဖမ်းသင်္ဘောများ

တောင်တရုတ်ပင်လယ် နယ်မြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး တရုတ်နဲ့ အငြင်းပွားနေတဲ့ ဗီယက်နမ်နိုင်ငံက အဲဒီ ပင်လယ်ထဲသွားတဲ့ သူတို့ ငါးဖမ်းသင်္ဘောတွေကို တိတ်တဆိတ် လက်နက်တပ်ဆင်ပေးနေပါတယ်။ တရုတ်ဘက်ကလည်း အဲဒီ လိုပဲ အလားတူ လုပ်ထားတာပါ။ အငြင်းပွားမှုကိုဖြေရှင်းဖို့ ဆွေးနွေးပြောဆိုနေကြတဲ့ကြားမှာပဲ အခုလို လုပ်ဆောင်နေကြတာနဲ့ ပတ်သက်ပြီး လေ့လာသူတွေရဲ့ သဘောထားအမြင်တွေကို မေးမြန်းရေးသားထားတဲ့ Ralph Jennings ရဲ့ သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

ပင်လယ်ပြင်မှာ တရုတ်ကို တားဆီးနိုင်ဖို့ ဗီယက်နမ်အစိုးရကိုယ်တိုင်က ငါးဖမ်းသင်္ဘောတွေကို လက်နက်တပ်ဆင်ပေးနေ တယ်လို့ ဒီကိစ္စကို စောင့်ကြည့်နေတဲ့ ကျွမ်းကျင်သူတွေကပြောပါတယ်။ ရေပြင်နယ်နိမိတ်ပိုင်ဆိုင်မှု အငြင်းပွားနေတာ ပြေလည် စေရေး နှစ်ဘက်ကြား တရားဝင်ဆွေးနွေးနေတဲ့ကြားကပဲ အခုလိုလုပ်ဆောင်နေတာပါ။

ဗီယက်နမ်ငါးဖမ်းသူတွေအနေနဲ့ ပိုပြီးခိုင်မာတဲ့သင်္ဘောတွေကို အသုံးပြုဖို့နဲ့ တရုတ်နဲ့ ထိပ်တိုက်ဖြစ်လာပြီဆိုရင် ရင်ဆိုင်ဖို့ရာ စစ် သင်တန်းတက်ထားသူတွေကို ခေါ်သွားဖို့ အစိုးရက တိုက်တွန်းထားတယ်လို့ လေ့လာသူတွေကပြောပါတယ်။ အဲဒီရေပြင်မှာပဲ တရုတ်ရဲ့ လက်နက်ကိုင် ငါးဖမ်းသင်္ဘောတွေလည်း ရှိနေပြီးသားပါ။

လူမှုသိပ္ပံနဲ့လူမှုဗေဒဆိုင်ရာ ဟိုချီမင်းတက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခချုပ် Trung Ngyen ရဲ့အမြင်ကတော့

“တင်းမာမှုတချို့ဖြစ်လာမယ်ဆိုရင် လက်နက်ကိုင် ငါးဖမ်းသူတွေရှိနေတဲ့ ပင်လယ်ပြင်မှာ အနာဂတ်ပဋိပက္ခ တွေကို ရှောင်ရှားနိုင်မယ့် မူဝါဒကောင်းတခုလို့ ကျနော်ယူဆပါတယ်။”

တကယ်ကတော့ နှစ်နိုင်ငံအကြား ပုံမှန်ဆွေးနွေးတာတွေရှိနေပြီး ဒီသီတင်းပတ်ထဲမှာပဲ တကြိမ်ဆွေးနွေးခဲ့ကြပါသေးတယ်။ အဲဒီ ကြားမှာပဲ ၂၀၀၉ ခုနှစ်လောက်ကတည်းက ဗီယက်နမ် ငါးဖမ်းသမားတွေကို လက်နက်တပ်ပေးထားတာပါ။

ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ တနင်္လာနေ့ကတွေ့ဆုံပြီး ရေကြောင်း ငြိမ်း ချမ်းရေးနဲ့တည်ငြိမ်ရေး ပူးတွဲထိန်းသိမ်းဖို့ ပြောခဲ့တယ်လို့ တရုတ် ဆင်ဟွာသတင်းဌာနက ပြောပါတယ်။

ဒါပေမဲ့ ငါးဖမ်းသင်္ဘောတွေကို ဗီယက်နမ်စစ်ဘက်က လက်နက်တပ်ဆင်ပေးနေတာလို့ သြစတြေးလျနိုင်ငံ၊ New South Wales တက္ကသိုလ်က အရှေ့တောင်အာရှအထူးပြု ဂုဏ်ထူးဆောင်ပါမောက္ခ Carl Thayer ကပြောပါတယ်။ ဒီလုပ်နည်းဟာ ကုန်းပေါ်မှာ ငြိမ်ဝပ်ပိပြားမှုထိန်းသိမ်းရေး ဗီယက်နမ်စစ်သားဟောင်းတွေကို သုံးခဲ့တဲ့နည်းနဲ့ ဆင်တူနိုင်ပြီး ဗီယက်နမ်မှာ စစ်မှုမထမ်းမနေရ ဥပဒေရှိတာကြောင့် ငါးဖမ်းသမားတွေမှာ အခြေခံ စစ်ရေးစွမ်းရည်တွေ ရှိထားပြီးသားဖြစ်သွားမယ်လို့ ပါမောက္ခ Carl Thayer က ပြောပါတယ်။

“သူတို့ကို ပင်လယ်ထဲလွှတ်လိုက်ပြီးတော့ လေ့ကျင့်ပေးလိုက်တဲ့အတွက် လူတွေ အဆင်သင့်ဖြစ်စေပါတယ်။ ကုန်း ပေါ်မှာ စက်ရုံတွေကို ဘယ်လိုကာကွယ်မယ်ဆိုတာ လေ့ကျင့်ပေးသလိုမျိုး ပင်လယ်ပြင်မှာ လုပ်လိုက်တာဖြစ်တာကြောင့် အတူတူပဲလို့ ကျနော်ယူဆပါတယ်။”

ရေပြင်နယ်နိမိတ်ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားတာတွေကိုဖြေရှင်းဖို့ နှစ်နိုင်ငံ ကွန်မြူနစ်ပါတီတွေကြားမှာရော၊ အဆင့်မြင့် တာဝန် ရှိသူတွေကြားမှာပါ မကြာခန ဆွေးနွေးပြောဆိုတာတွေ ရှိပါတယ်။ ဒါပေမဲ့ သမိုင်းနဲ့ချီရှိလာတဲ့ မယုံကြည်မှု၊ အထူးသဖြင့် လက်ရှိ မှာ ရေအောက် ရေနံနဲ့ သဘာဝဓာတ်ငွေ့တွင်းတွေကို ဘယ်လို ခွဲခြားကြမလဲဆိုတဲ့အပေါ် ပြေလည်မှုမရတာကြောင့် ဆွေးနွေးပွဲ တွေ ပျက်ပျက်သွားတာပါပဲလို့ စင်္ကာပူအမျိုးသားတက္ကသိုလ်၊ အများပြည်သူရေးရာမူဝါဒကျောင်းက တွဲဖက်ပါမောက္ခ Eduardo Araral ကပြောပါတယ်။

“ငါတို့ ဆွေးနွေးတယ်၊ တပြိုင်ထဲမှာ ငါတို့အခွင့်အရေးကို အသိအမှတ်ပြုအောင်လည်း လုပ်ရမယ်ဆိုတာကို ပြောဖို့ ဗီယက်နမ်ဘက်မှာ ဒါက အင်အားပြတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် သူတို့ပြည်တွင်းစွမ်းရည်ကို တည်ဆောက်ပြီး လိုအပ်လာရင် တရုတ်ကိုအန်တုပြီး ပျောက်ကျားခုခံစစ်ကို သူတို့လုပ်မယ့်သဘောပါပဲ။”

တောင်တရုတ်ပင်လယ်အကျယ်အဝန်း စတုရန်းကီလိုမီတာ ၃.၅ သန်းရဲ့ ၉၀% လောက်ကို ပိုင်တယ်လို့ တရုတ်ကပြောထားတာ ပါ။ ဗီယက်နမ်ကလည်း သူတို့နိုင်ငံရဲ့ ရှည်လျားတဲ့ တောင်မြောက် ကမ်းရိုးတန်းကနေ Paracel နဲ့ Spratly ကျွန်းစုတွေထိ ပင်လယ်ပြင်ကို ပိုင်ဆိုင်ခွင့်ရသင့်တယ်လို့ ပြောထားပါတယ်။

ဒါ့အပြင် တောင်တရုတ်ပင်လယ်ပြင်တခုလုံး ဒါမှမဟုတ် တစိတ်တပိုင်းကို ပိုင်တယ်လို့ပြောထားတဲ့ တခြားနိုင်ငံငါးခုလည်း ရှိပါ သေးတယ်။ တရုတ်က ပင်လယ်ထဲမှာ ကျွန်းတုတွေကိုဆောက်ပြီး နယ်မြေတိုးချဲ့နေသလို အဲဒီထဲကတချို့ကို စစ်ရေးအတွက် အသုံးပြုနေတယ်လို့ ရေနယ်နိမိတ် ပိုင်ဆိုင်ကြောင်းပြောထားတဲ့ တခြားနိုင်ငံတွေက စွပ်စွဲထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG