မြောက်ကိုရီးယားရဲ့ ရန်ကို ကာကွယ်ဖို့ တောင်ကိုရီးယားရဲ့ စစ်ရေးလေ့ကျင့်မှု အသစ်တခု နောက်တကြိမ် စတင်လိုက်ပါပြီ။ တောင်ကိုရီးယားရဲ့ ရေတပ်သင်္ဘောတွေနဲ့ နိုင်ငံရဲ့ အရှေ့ဘက်ကမ်းခြေမှာ ၃ ရက်ကြာ စစ်ရေးလေ့ကျင့်မှု စတင်နေပါပြီ။
မြောက်ကိုရီးယား ရေငုပ်သင်္ဘောတွေရဲ့ ရန်ကို ကာကွယ်နိုင်ရေး လေ့ကျင့်မှုတွေလည်း ပါဝင်ပါတယ်။ မနက်ဖြန်ကျရင် တောင်ကိုရီးယားရဲ့ ကြည်းတပ်နဲ့ လေတပ်တို့ ပူးတွဲပြီး ကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှုကို လုပ်ကြပါလိမ့်မယ်။
တောင်ကိုရီးယားဘက်က တကယ့်ကျည်ဆန် အစစ်တွေကို အသုံးပြုပြီး ယောင်ဗြောင်းကျွန်းမှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်လာရင် မြောက်ကိုရီးယားက ပြန်ပြီး တုံ့ပြန်မယ်လို့ ခြိမ်းခြောက်လိုက်ပြီး ရက်ပိုင်းအကြာမှာပဲ အခုလို စစ်ရေးလေ့ကျင့်မှုတွေ တောင်ကိုရီးယားက လုပ်လာတာပါ။
မြောက်ကိုရီးယားဘက်က သူ့ရဲ့ ခြိမ်းခြောက်ခဲ့မှုတွေကနေ နောက်ကို ဆုတ်သွားခဲ့တယ် ဆိုပေမဲ့လည်း တောင်ကိုရီးယားဘက်ကတော့ အမှတ်မထင် တိုက်ခိုက်မှုတွေ ဖြစ်လာရင် တုံ့ပြန်နိုင်ရအောင် အသင့်အနေအထား ပြင်ဆင်ထားတုန်းပါ။
သူတို့ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို မြောက်ကိုရီးယားက တိုက်ခိုက်လာမယ်ဆိုရင် နောင်ကြဉ်သွားအောင် လုပ်ပစ်မယ်လို့ တောင်ကိုရီးယား ဗိုလ်မှူးချုပ် ဂျူအွန်ရှိပ်က ပြောထားပါတယ်။