သုံးရလွယ်ကူစေသည့် Link များ

အမေရိကန်တပ်ဖွဲ့ ကုန်ကျစရိတ် တောင်ကိုရီးယား မျှဝေကျခံမည်

  • ဗွီအိုအေ (မြန်မာဌာန)

အမေရိကန်နဲ့တောင်ကိုရီးယား နှစ်နိုင်ငံစစ်တပ် ပူးတွဲစစ်ရေးလေ့ကျင့်ကြစဉ်။ (၂၀၁၃၊ ဧပြီ)
တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ အမေရိကန် တပ်ဖွဲ့တွေရဲ့ စစ်ရေး ကုန်ကျစရိတ်တွေကို တောင်ကိုရီးယားက မျှဝေကျခံဖို့ကိစ္စ မနေ့က နှစ်နိုင်ငံ သဘောတူညီခဲ့ကြပါတယ်။

Special Measures Agreement လို့ခေါ်တဲ့ အထူး လုပ်ငန်းသဘောတူညီမှုအရ တောင်ကိုရီးယားနိုင်ငံတွင်း အခြေစိုက်ထားတဲ့ အမေရိကန်တပ်ဖွဲ့တွေရဲ့ ကုန်ကျစရိတ်တွေကို တောင်ကိုရီးယားက မျှဝေအကုန်အကျခံမှာဖြစ်တဲ့ အကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဌာနက တနင်္ဂနွေနေ့က ပြောကြားလိုက်တာပါ။ အမေရိကန်တပ်ဖွဲ့တွေ နိုင်ငံတွင်းမှာ ဆက်လက် ထားရှိနိုင်ဖို့အတွက် တောင်ကိုရီးယားနိုင်ငံက အမေရိကန်ဒေါ်လာ ၈၆၆ သန်း အမေရိကန်ကိုပေးဖို့ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

ဒီပမာဏဟာ ၂၀၁၃ ခုနှစ်တွင်း တောင်ကိုရီးယားအစိုးရ ပေးခဲ့တဲ့စရိတ်နဲ့ နှိုင်းယှဉ်ရင် လက်ရှိ ကုန်ကျစရိတ်ဟာ ၅.၈ ရာခိုင်နှုန်း ပိုများလာခဲ့တာ ဖြစ်ပါတယ်။ ကာကွယ်ရေးဆိုင်ရာ အသုံးစရိတ်နဲ့ပတ်သက်လို့ နှစ်နိုင်ငံကြား နောက်ဆုံး သဘောတူညီချက် ယူခဲ့တာကတော့ ၂၀၀၉ ခုနှစ်မှာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ဒီသဘောတူညီမှု သက်တမ်းကုန်ခဲ့တာဖြစ်ပါတယ်။

ဒီတကြိမ် သဘောတူညီမှုကို ငါးနှစ် သက်တမ်းထားရှိဖို့ ညှိနှိုင်းခဲ့ကြတဲ့အကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရက ဆိုးလ်မြို့ သတင်းစာရှင်းလင်းပွဲတခုမှာ ပြောသွားပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယား အရာရှိတွေကြား ဆယ်ကြိမ်လောက် တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ပြီးတော့မှ အခု သဘောတူညီချက်ကို ရယူနိုင်ခဲ့တာဖြစ်ပြီး ဒီသဘောတူညီမှုကို လွှတ်တော်ကနေ အတည်ပြုပေးရဦးမှာဖြစ်ပါတယ်။

နှစ်နိုင်ငံကြား အထူး လုပ်ငန်း သဘောတူညီချက် ပထမဆုံး အကြိမ် လက်မှတ်ရေးထိုးခဲ့တာကတော့ ၁၉၉၁ ခုနှစ်က ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG