တောင်ဆူဒန်နိုင်ငံမှာ အစိုးရနဲ့ သူပုန်တွေကြား အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးခဲ့ကြတဲ့အတွက် သီတင်းပတ်နဲ့ချီပြီး အသေအကျေ တိုက်ခိုက်နေတာတွေ အဆုံးသတ်ဖွယ် ရှိနေပါတယ်။
အရှေ့အာဖရိက နိုင်ငံတွေရဲ့ ဖွံ့ဖြိုးရေးအဖွဲ့ဖြစ်တဲ့ (IGAD) က စေ့စပ်ညှိနှိုင်း သူတွေနဲ့အတူ တောင်ဆူဒန်သမ္မတ Salva Kiir ရဲ့ ကိုယ်စားလှယ်တွေနဲ့ အတိုက်အခံတွေ အီသီယိုပီယားနိုင်ငံရဲ့ မြို့တော်မှာ တွေ့ဆုံဆွေးနွေးပြီး ကြာသပတေးနေ့ကပဲ လက်မှတ် ရေးထိုးခဲ့ကြတာပါ။
ဆွေးနွေးပွဲအတွင်း ၂ ဘက် ကိုယ်စားလှယ်တွေ လက်မှတ်ရေးထိုးခဲ့ကြတဲ့ သဘောတူညီချက် ၂ ခုအနက် တခုကတော့ စစ်ဆင်ရေးတွေ ချက်ခြင်း ရပ်ဆိုင်းဖို့နဲ့ ထိပ်တိုင်ရင်ဆိုင်တွေ့နိုင်တဲ့ အခြေအနေတွေကို ရှောင်ရှားဖို့ ပါဝင်သလို အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို စောင့်ကြည့်အကဲခတ် အဖွဲ့တခု ဖွဲ့စည်းရေးလည်း ထည့်သွင်းထားပါတယ်။ ဒုတိယ သဘောတူညီချက်ထဲ မှာတော့ အပြန်အလှန် ဖမ်းဆီးထားသူတွေနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေ ပါဝင်ပါတယ်။
အစောပိုင်းမှာတုန်းကတော့ ဒီဇင်ဘာလလယ်မှာ ပဋိပက္ခတွေ စတင်ဖြစ် ပွားချိန်က ဖမ်းဆီးထားတဲ့ အတိုက်အခံတွေကို ထောက်ခံသူ ၁၁ ယောက်ကို ပြန်လွှတ်ပေးရေး အစိုးရက ငြင်းဆန်ထားတာပါ။ ဖမ်းဆီးထားသူတွေနဲ့ နိုင်ငံရေး သမားတွေနဲ့ ပတ်သက်လို့ ဖြေရှင်းနိုင်မယ့် အမျိုးသား ပြန်လည် သင့်မြတ်ရေး အစီအစဉ်တရပ်ကို သဘောတူညီချက်မှာ ထည့်သွင်း ထားပေမဲ့ အစိုးရ ကိုယ်စားလှယ်တယောက်ကတော့ ဖမ်းဆီးခံရသူတွေအနေနဲ့ တည်ဆဲ ဥပဒေတွေနဲ့ ရင်ဆိုင်ရမှာသာ ဖြစ်တယ်လို့လည်း ဗွီအိုအေကို ပြောဆိုထားပါတယ်။