သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလငြိမ်း တပ်ဖွဲ့ဝင် တချို့ တောင်ဆူဒန် ပဋိပက္ခမှာ သေဆုံး


တောင်ဆူဒန်အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွား၊ (ဒီဇင်ဘာ ၂၀၊ ၂၀၁၃)
တောင်ဆူဒန်အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွား၊ (ဒီဇင်ဘာ ၂၀၊ ၂၀၁၃)
တောင်ဆူဒန်မှာ ပြည်တွင်းစစ်အထိ ကြီးထွားလာမှာကို စိုးရိမ်နေရတဲ့ အထိ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကနေ ထွက်ပြေးလာကြသူ အရပ်သား ထောင်ပေါင်း များစွာရှိရာ စခန်းတွေထဲက တခုမှာ တိုက်ခိုက်မှုဖြစ်ပွားရာက ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖဲ့ွဝင် ၂ ဦး သေဆုံးခဲ့တဲ့အကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

Jonglei ပြည်နယ် Akobo မြို့က အခြေစိုက် စခန်းတခုမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း အိန္ဒိယနိုင်ငံသား ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး၊ နောက်တဦးကတော့ ဒဏ်ရာရခဲ့တဲ့အကြောင်း ဒီကနေ့ပဲ ကြေညာချက်တစောင် ထုတ်ပြန်ပြောဆိုခဲ့တာပါ။ အိန္ဒိယနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ် Asoke Mukerji ကတော့ ငြိမ်းချမ်းရေး တပ်ဖဲ့ွဝင် ၃ ဦးကို Nuer လူမျိုး လက်နက်ကိုင် လူငယ်အုပ်စုတစုက ပစ်မှတ်ထား သတ်ဖြတ်ခဲ့တာ ဖြစ်တဲ့အကြောင်း အစောပိုင်းမှာပဲ ပြောဆိုခဲ့တာပါ။

ဒါပေမဲ့လည်း တိုက်ခိုက်ခံရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ရော၊ စခန်းတွင်းမှာ ရှိနေကြတဲ့ Dinka လူမျိုးစုက အရပ်သားတွေ ထိခိုက်သေကျေမှု ရှိမရှိ ဆိုတာကိုရော ရှင်းရှင်းလင်းလင်းတော့ မသိရပါဘူး။ ကုလသမဂ္ဂကတော့ ကျန်ဝန်ထမ်းတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးဖို့ တိုက်ခိုက်ခံခဲ့ရတဲ့ Akobo မြို့ကို ဒီကနေ့ပဲ ရဟတ်ယာဉ်တွေ စေလွှတ်ထားတဲ့အကြောင်း ပြောပါတယ်။

Nuer မျိုးနွယ် ဒုသမ္မတဟောင်း Riek Machar ဟာ Juba မြို့က စစ်ဌာနချုပ်မှာ အာဏာသိမ်းဖို့ ကြိုးပမ်းခဲ့တဲ့အကြောင်း Dinka မျိုးနွယ် သမ္မတ Salva Kiir က ဒီသီတင်းပတ်ထဲမှာပဲ စွပ်စွဲခဲ့ပြီးနောက် အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာခဲ့ရာက အခုဆိုရင် လူပေါင်း ၅၀၀ လောက်အထိ သေဆုံးခဲ့တာပါ။

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား ကတော့ တိုက်ခိုက်မှုတွေ ချက်ခြင်း ရပ်ဆိုင်းဖို့ တောင်းဆိုလိုက်သလို၊ တိုင်းပြည်ဟာ အတိတ်က အမှောင်ခေတ်ကို ပြန်ရောက်သွားနိုင်တဲ့အကြောင်းလည်း မနေ့တုန်းကပဲ သတိပေးခဲ့ပါတယ်။ တောင်ဆူဒန်က အမေရိကန် သံရုံးနဲ့ အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ အတွက်လည်း အမေရိကန် တပ်ဖွဲ့ဝင် ၄၅ ယောက် စေလွှတ်ထားတယ်လို့ ပြောပါတယ်။
XS
SM
MD
LG