သုံးရလွယ်ကူစေသည့် Link များ

စပိန်-Barcelona နဲ့ Cambrils မြို့တွေမှာ လမ်းသွားလမ်းလာတွေကို ကားနဲ့ တိုက်ခိုက်မှုဦးဆောင်သူ လွတ်မြောက်နေဆဲ


Barcelona မြို့ Las Ramblas လမ်းမပေါ် ရဲတွေ ရှာဖွေနေစဉ် (သြဂုတ် ၂၀၁၇)

စပိန်နိုင်ငံ Barcelona မြို့တော်မှာ လမ်းသွားလမ်းလာတွေကို ကားနဲ့ အကြမ်းဖက်တိုက်ခိုက်ရာမှာ ကားမောင်းတဲ့ သူ ဆက်ပြီးလွတ်မြောက်နေနိုင်သေးတယ်လို့ စပိန်ရဲတပ်ဖွဲ့ကပြောပါတယ်။

စပိန်နိုင်ငံ Barcelona မြို့တော်မှာ လမ်းသွားလမ်းလာတွေကို ကားနဲ့ အကြမ်းဖက်တိုက်ခိုက်ရာမှာ ကားမောင်းတဲ့ သူ ဆက်ပြီး လွတ်မြောက်နေနိုင်သေးတယ်လို့ စပိန်ရဲတပ်ဖွဲ့ကပြောပြီး ဒါဟာ အရင်ကထွက်လာတဲ့ သတင်းတွေဖြစ်တဲ့ ယာဉ်မောင်းက ပထမတိုက်ခိုက်မှုအပြီး နာရီပိုင်းအတွင်းဖြစ်တဲ့ အနီးအနားက နောက်ထပ် အလားတူတိုက်ခိုက်မှုအတွင်း သေပြီဆိုတဲ့ သတင်းတွေနဲ့ ဆန့်ကျင်နေပါတယ်။

ရဲတပ်ဖွဲ့က ရှာဖွေဆဲ ဖြစ်တဲ့ Moroco နိုင်ငံဖွား အသက် ၂၂ နှစ်အရွယ် Younes Abouyaaqoub ဟာ ဒီ Barcelona နဲ့ သူနဲ့ ၇၅ နိုင်လောက်အကွာ တောင်ပိုင်း ကမ်းခြေက Cambrils မြို့တို့ကို တိုက်ခိုက်မှုတွေလုပ်တဲ့ အဖွဲ့ခေါင်းဆောင် ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှု ၂ ခု အတွင်း လူ ၁၄ ဦး သေဆုံးခဲ့ပြီး Barcelona တိုက်ခိုက်မှုမှာ ၁၃ ဦးနဲ့ Cambrils မြို့မှာ ၁ ဦး သေဆုံးတာပါ။

Cambrils မြို့မှာ တိုက်ခိုက်မှုကလည်း လမ်းသွားလမ်းလာတွေကို ကားနဲ့ ဝင်တိုက်တာဖြစ်ပြီး တိုက်ခိုက်သူတွေ ကားထဲက ထွက်အပြေးမှာ ရဲက သေနတ်နဲ့ ပစ်ပြီး အသေဖမ်းဆီးမိခဲ့ပါတယ်။ Cambrils မြို့မှာ ရဲလက်ချက်နဲ့ သေဆုံးတဲ့ မသင်္ကာဖွယ် အကြမ်းဖက်သမားတွေထဲက တယောက်က အသက် ၁၇ နှစ်အရွယ် Moussa Oukabir ဆိုသူဖြစ်ပြီး Barcelona တိုက်ခိုက်မှုမှာ ကားမောင်းတဲ့သူလို့ ယူဆရတယ်ဆိုပြီး စပိန်သတင်းတွေမှာ ဖော်ပြခဲ့ကြတာပါ။

ဒါပေမယ့် သောကြာနေ့ညပိုင်း ဒေသတွင်း ရုပ်သံအစီအစဉ်တခုနဲ့ တွေ့ဆုံမေးမြန်းခန်းမှာတော့ အဲဒီ Mr. Oukabir ဟာ Barcelona မှာ တိုက်ခိုက်တဲ့ ကားကို မောင်းတဲ့ သူ ဖြစ်ပုံမရဘူးလို့ ပြောသွားခဲ့တာပါ။ သူတို့အဖွဲ့ဟာ ဒိထက်ကြီးမားတဲ့ တိုက်ခိုက်မှုကြီးလုပ်ဖို့ စီစဉ်ထားခဲ့ပုံရတယ်လို့ ရဲက ယူဆပြီး သူတို့အဖွဲ့ဝင်တွေသုံးတဲ့ အိမ်မှာ မတော်တဆ ပေါက်ကွဲမှုတခုဖြစ်လို့ သူတို့အကြံအစည် အနှောင့်အယှက်ဖြစ်သွားပုံရတယ်လို့ ဆိုပါတယ်။

အဲဒီအိမ်က ပေါက်ကွဲမှုကြောင့် လူ အနည်းဆုံးတဦးသေဆုံးပြီး နောက်တဦးကို ရဲက ဖမ်းဆီးရမိခဲ့ပါတယ်။ ကြာသပတေးနေ့ တိုက်ခိုက်မှုတွေဖြစ်ပြီးနောက်မှာ လူ ၄ ဦးကို ဖမ်းဆီးခဲ့ပြီး ပထမ တိုက်ခိုက်မှုရဲ့ ယာဉ်မောင်း Abouyaaqoub အပါအဝင် နောက် ၄ ဦးကို ရဲက ရှာဖွေနေဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG