ဒုတိယကမ္ဘာစစ်အတွင်းတုန်းက မြန်မာနိုင်ငံရဲ့ မြစ်ကြီးနား၊ မိတ္ထီလာ၊ မင်္ဂလာဒုံ စတဲ့နေရာတွေမှာ ကျင်းတူးပြီး မြှုပ်နှံထားခဲ့တဲ့ ဗြိသိသျှ Splitfire စစ်လေယာဉ်ငယ် ၅၄ စင်းကို ပြန်ပြီးတူးဖော်ဖို့ ဗြိတိန်က လေယာဉ် တူးဖော်ရေးအဖွဲ့တွေ ပြည်တွင်းကို ရောက်နေကြပါပြီ။
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေအပြီး ဗြိတိသျှအစိုးရနဲ့ညှိနှိုင်းပြီး မြန်မာအစိုးရနဲ့ သဘောတူညီချက်နဲ့ အတူ အခုလို လေယာဉ်ရှာဖွေမှုတွေ လုပ်လာနိုင်ခဲ့တာလို့ အဖွဲ့ခေါင်းဆောင်က ဒီကနေ့ ပြည်တွင်း ပြည်ပ မီဒီယာတွေနဲ့ တွေ့ဆုံတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ တူးဖော်လို့ ရလာမယ့် လေယာဉ်တွေရဲ့ အကျိုးအမြတ်တွေကို အာဏာပိုင်အစိုးရနဲ့ တူးဖော်တဲ့အဖွဲ့တွေကြား ဘယ်လို ခွဲဝေယူကြမလဲဆိုတာကိုလည်း ပဏာမ ရှင်းလင်းခဲ့ပါတယ်။
ဒီသတင်းအပြည့်အစုံကိုတော့ သတင်းစာရှင်းလင်းပွဲမှာ ကိုယ်တိုင်သတင်းသွားရောက်ယူခဲတဲ့ ဗီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။
ဒုတိယကမ္ဘာစစ်အပြီး မြစ်ကြီးနားနဲ့ မိတ္ထီလာ လေယာဉ်ကွင်း ပတ်ဝန်းကျင်တွေမှာ မြှုပ်နှံ ထားတယ်လို့ ယူဆရတဲ့ ဗြိတိသျှ SPLIT FIRE လေယာဉ်ငယ် ပြန်လည် တူးဖော်ရေး ဆောင် ရွက်ဖို့ မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ဗြိတိသျှလေယာဉ် သုတေသီ မစ္စတာဒေးဗစ် ကန်ဒဲယ် (David Cundall) က မြစ်ကြီးနား မှာ လေယာဉ် တူးဖော်နေချိန် သေတ္တာ တစ်လုံး တွေ့ရှိပေ မဲ့ ရေတွေ ထွက်လာတာကြောင့် တူးဖော်ရေးလုပ်ငန်းတွေကို ခဏ နားထားရတယ်လို့ ပြောပါ တယ်။
“မြစ်ကြီးနားမှာ တူးဖော်တဲ့အခါ ကျွန်းသေတ္တာတစ်လုံး တွေ့ရပါတယ်။ အဲဒီထဲမှာ ဘာပါလဲ ဆိုတာကိုတော့ မတွေ့ရသေးပါဘူး။ အထဲကနေ ရေတွေတအား ထွက်လာလို့ မျှော်လင့်ထားတဲ့ အတိုင်း ချက်ခြင်းကြီး ဘာပါတယ်ဆိုတာကို မသိနိုင်သေးပါဘူး။ နောက် နှစ်ပတ်လောက်နေ ရင်တော့ အထဲမှာ ဘာရှိတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိရမှာဖြစ်ပါတယ်။”- လို့ မစ္စတာ ကဲန်ဒယ်လ် (Cundall) က ပြောပါတယ်။
အခုလို ဗြိတိသျှနိုင်ငံလုပ် split fire လေယာဉ်တွေ ပြန်လည်တူးဖော်ရာမှာ ပြည်တွင်းက တူးဖော်ရေး ကုမ္ပဏီ ရွှေတောင်ပေါ်နဲ့ လေယာဉ်ပြန်လည်တူးဖော်မဲ့အဖွဲ့တို့ ဆက်သွယ်ညှိနှိုင်းပြီး လုပ်ဆောင်ကြမှာလည်း ဖြစ်ပါတယ်။
အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ လျှော့ချပေးပြီးနောက်ပိုင်းမှာ မစ္စတာ ကန်ဒဲယ် (Cundall) အနေနဲ့ ဗြိတိသျှ အစိုးရနဲ့ညှိနှိုင်းပြီး လေယာဉ်ပြန်လည် တူးဖော်ရေးတွေ ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်တယ်လို့ မစ္စတာဒေးဗစ်ဒေးဗစ်ကန်ဒဲယ် (David Cundall) က ပြောပါတယ်။
အခုလို ဒုတိယကမ္ဘာစစ်အပြီး လေဆိပ်အနီးတဝိုက်မှာ မြှုပ်နှံထားတဲ့ လေယာဉ် ကိုယ်ထည်တွေကို ပြန်လည် တူးဖော်ရာမှာ လူနေအိမ်တွေနဲ့ လေယာဉ်ပြေးလမ်း လွတ်တဲ့နေရာမှာပဲ တူးဖော်ဖို့ အစိုးရနဲ့ သဘောတူထားပြီး ဖြစ်တယ်လို့ ရွှေတောင်ပေါ်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးထူးထူးဇော်က ပြောပါတယ်။
“ကျနော်တို့အနေနဲ့ လက်ရှိ တူးဖော်မယ့် နေရာအားလုံးမှာ တစ်-အချက် လူနေအိမ် လုံးဝ မရှိပါဘူး။ နှစ်-အချက် လေယာဉ်ပြေးလမ်းကို လွတ်မှာဖြစ်ပါတယ်။ ကျနော်တို့ စပြီး တင်ကတည်းက လေယာဉ်ပြေးလမ်းနဲ့ ငြိမယ်ဆိုရင် မလုပ်ဘူးလို့ ပြောထားတာ ဖြစ်ပါတယ်။ ကျနော်တို့လုပ်တဲ့ကိစ္စမှာတော့ လေယာဉ်ပြေးလမ်းကို ထိခိုက်မှာ မဟုတ်ပါဘူးခင်ဗျာ။”
တူးဖော်တွေ့ရှိလာမယ့် လေယာဉ်တွေရဲ့ အကျိုးအမြတ်ကို ခွဲဝေယူရာမှာ အာဏာပိုင် အစိုးရ ဘက်က ၅၀ %၊ လေယာဉ်တူးဖော်တဲ့ မစ္စတာ ဒေးဗစ် စကဲန်ဒယ်လ်က ၃၀ % နဲ့ ရွှေတောင်ပေါ် ကုမ္ပဏီဘက်က ၂၀ % ရကြမှာဖြစ်တယ်လို့ ဦးထူးထူးဇော်က ပြောပါတယ်။
အခုလို လေယာဉ်တူးဖော်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ဖို့ ဗြိတိသျှလုပ်ငန်းတစ်ခုဖြစ်တဲ့ Wargaming ကုမ္ပဏီက ရှာဖွေတူးဖော်ရေးအတွက် ရန်ပုံငွေထုတ်ပေးထားပြီး လေယာဉ် တူးဖော်ရေးအတွက် ကုန်ကျ စရိတ်ကို အတိအကျ သတ်မှတ်ပေးထားတာမျိုးမရှိဘဲ ကုန်ကျစရိတ်ကို လိုအပ်သလို သုံးသွားမှာဖြစ်တယ် လို့လည်း ဦးထူးထူးဇော် က ပြောပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ ဒုတိယကမ္ဘာစစ်အပြီးမှာ ကျန်ခဲ့တဲ့ splitfire လေယာဉ် တူးဖော်ရေး လုပ်ငန်းတွေကို ၁၉၈၀ ခုနှစ်ကတစ်ကြိမ် မစ္စတာ ဒေးဗစ် ကန်ဒဲလ် လာရောက် လုပ်ကိုင်ခဲ့ဖူး ပါတယ်။ အဲဒီတုန်းကတော့ လေယာဉ်တွေ တူးဖော်ရေးလုပ်ငန်းမှာ အသုံးပြုတဲ့ နည်းပညာတွေ ခေတ်မမီတာကြောင့် မအောင်မြင်ခဲ့ဘူးလို့ အဲဒီတုန်းက လေယာဉ် တူးဖော်ရေးမှာပါဝင်ခဲ့တဲ ဘူမိဗေဒ ပညာရှင် ဦးစိုးသိန်းကပြောပါတယ်။
မြန်မာနိုင်ငံကိုရောက်နေကြတဲ့ ဗြိတိသျှလေယာဉ်တူးဖော်ရေးအဖွဲ့မှာ အဖွဲ့ဝင် ၂၁ ဦး ပါပြီး ၁၉၄၅ ခုနှစ်က မြန်မာနိုင်ငံ လေဆိပ်တွေ ဖြစ်တဲ့ မြစ်ကြီးနား၊ မိတ္ထီလာ၊ မင်္ဂလာဒုံလေယာဉ်ကွင်းတွေ ပတ်ဝန်းကျင်မှာ လေယာဉ်တွေကို မြှုပ်ခဲ့ကြတုန်းက မျက်မြင်သက်သေတစ်ဦးဖြစ်ခဲ့တဲ့ အသက် ၉၁ နှစ်အရွယ် မစ္စတာ စတန်လေ ကူးမ်လည်း ပါဝင်လာခဲ့တာကို တွေ့ရပါတယ်။
လေယာဉ်တူးဖော်ရေးအတွက် လိုက်ပါလာတဲ့မစ္စတာ စတန်လေ ကူးမ်ကလည်း ဒုတိယ ကမ္ဘာစစ်အပြီး လေယာဉ်တွေမြှုပ်နှံခဲ့တဲ့အကြောင်းနဲ့ ဒီတစ်ခေါက် လေယာဉ်တူးဖော်ရေးမှာ အဆင်ပြေမှု တွေရှိလာနိုင်တယ် လို့လည်း ပြောဆိုခဲ့ပါသေးတယ်။
“ကျနော်တို့ မင်္ဂလာဒုံလေဆိပ်နဲ့ ၁၅ မိုင်အကွာမှာ လေယာဉ်တွေ မြှုပ်ထားဖို့ သွားတဲ့အခါ လူအုပ်ကြီးက ကျနော်တို့ကို စောင့်ကြည့်ကြပါတယ်။ အခုလို Splitfire လေယာဉ်တွေ မြှုပ်ဖို့ လုပ်နေကြတာကို သူတို့က အံ့အားသင့်နေကြပါတယ်။ ကျနော်ထင်ပါတယ်။ အဲဒီတုန်းက မြှုပ်ခဲ့တဲ့ Splitfire လေယာဉ်တွေကို ဒီတကြိမ်တူးဖော်ရာမှာ ကျနော့်အနေနဲ့ မျက်မြင်သက်သေအဖြစ် ဆောင်ရွက်နိုင်ပြီးတော့ ဒီလေယာဉ်တွေကို ပြန်လည် တူးဖော်နိုင်မယ်လို့လည်း ယုံကြည်ထားပါတယ်။”-လို့ မစ္စတာ စတန်လေ ကူးမ် က ပြောခဲ့တာပါ။
မြစ်ကြီးနား၊ မိတ္ထီလာ၊ မင်္ဂလာဒူံ လေယာဉ်ကွင်းပတ်ဝန်းကျင်မှာ မြှုပ်နှံထားတယ်လို့ ယူဆရတဲ့ split fire လေယာဉ်တွေ တူးဖော်မဲ့အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ၂ နှစ်ကြာ နေထိုင်ပြီး တူးဖော်ခွင့်ရမှာဖြစ်ပါတယ်။
၂၀၁၂ အောက်တိုဘာလ ၁၆ ရက်နေ့မှာ နိုင်ငံတော်ဘက်က လေယာဉ်တူးဖော်ရေးအတွက် စာချုပ် ချပေးခဲ့ပြီး ၂၀၁၂ ခုနှစ် ၁၂ ပိုင်း၊ ၁၂ ရက်နေ့မှာ မြစ်ကြီးနားမှာရှိတဲ့ split fire လေယာဉ်တွေ တူးဖော်ရေးအတွက် စတင်ခဲ့ပြီး ဒီကနေ့မှာတော့ မင်္ဂလာဒုံမှာရှိနေတဲ့ split fire လေယာဉ်တူးဖော်မှု လေ့လာရေး စတင်မှာဖြစ်တယ်လို့ ဦးထူးထူးဇော်က ပြောပါတယ်။
မြန်မာနိုင်ငံမှာရှိနေတဲ့ split fire လေယာဉ်တွေရဲ့တန်ဖိုးဟာ ဒေါ်လာသန်းချီ တန်နေပြီး လေယာဉ်တူးဖော်ရေး အတွက် နာဆာရဲ့ နောက်ဆုံးပေါ်နည်းပညာတွေ သုံးမှာဖြစ်ကြောင်း ဘူမိဗေဒပညာရှင် ဦးစိုးသိန်းက ပြောပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ ဒုတိယကမ္ဘာစစ်အပြီး ကျန်နေခဲ့တဲ့ split fire လေယာဉ်တွေ ပြန်လည် တူးဖော်ရေး လုပ်ငန်းကို လွန်ခဲ့တဲ့ ၃ နှစ်ကျော်ကတည်းက ဆောင်ရွက်နေတာဖြစ်ပေမယ့် ၂၀၁၂ အတွင်း မြန်မာနိုင်ငံကို ဗြိတိသျှ ၀န်ကြီးချုပ် ဒေးဗစ်ကန်မရွန်းလာရောက်ပြီး သမ္မတဦးသိန်းစိန်နဲ့တွေ့ဆုံပြီးနောက်မှာ မှ လေယဉ်တူးဖော်ရေးကိစ္စတွေ အဆင်ပြေလာခဲ့တာလည်း ဖြစ်ပါတယ်ခင်ဗျာ။