သီရိလင်္ကာနိုင်ငံမှာ နှစ်ရှည်လများ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကြီး ပြီးဆုံးသွားတဲ့နောက်ပိုင်း တင်းမာမှုတွေကို ပြေလျော့စေဖို့ ရည်ရွယ်ချက်နဲ့ သီရိလင်္ကာအစိုးရက ဖွဲ့စည်းထူထောင်လိုက်တဲ့ ပြန်လည် သင့်မြတ်ရေး ကော်မရှင်ကို အမေရိကန်အစိုးရက သဘောတရားအားဖြင့် အားပေး ထောက်ခံတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကပြောပါတယ်။
ဒါပေမဲ့ ဒီကောက်မရှင်အနေနဲ့ စစ်ရာဇတ်မှုတွေနဲ့ ပတ်သက်ပြီး စွပ်စွဲခံ ထားရတာတွေကို စုံစမ်းစစ်ဆေးတဲ့နေရာမှာ သီးခြား လွတ်လပ်ပြီး ဘက်မလိုက်ဘဲ၊ လုပ်ရည်ကိုင်ရည်ရှိဖို့ အရေးကြီးတယ်လို့ ဝန်ကြီးကလင်တန်က ပြောခဲ့ပါတယ်။ မနေ့က ဝါရှင်တန်ဒီစီမြို့တော်မှာ သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီး G.L. Peiris ကို လက်ခံတွေ့ဆုံပြီးနောက် ဝန်ကြီးကလင်တန်က ခုလိုပြောခဲ့တာပါ။
သီရိလင်္ကာက ၂၅ နှစ်ကြာ ပြည်တွင်းစစ်ပွဲကြီးရဲ့ အပြီးသတ် နောက်ဆုံး ကာလတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တာတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အနေနဲ့ စုံစမ်းစစ်ဆေးဖို့ လူ့အခွင့်အရေး အဖွဲ့တွေက တောင်းဆိုနေကြတာက သီရိလင်္ကာသမ္မတ Mahinda Rajapaksa က ပယ်ချခဲ့တာဖြစ်ပါတယ်။ သီရိလင်္ကာ အစိုးရတပ်တွေက တမီးလ် ကျားသူပုန်တွေကို ပြီးခဲ့တဲ့နှစ် မေလအတွင်းက အနိုင် တိုက်နိုင်ခဲ့လို့ ပြည်တွင်းစစ်ကြီး ပြီးဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီးက သူ့အစိုးရရဲ့ ပြန်လည် သင့်မြတ်ရေး ကော်မရှင်ကို အားပေးဖို့ ပန်ကြားခဲ့ပြီး၊ သူတို့အနေနဲ့ အကူအညီ လိုအပ်တယ်ဆိုရင် ကုလသမဂ္ဂနဲ့ လိုလိုလားလား ပြောဆိုဆက်ဆံပြီး အတွေ့အကြုံတွေ၊ အကြံဉာဏ်တွေယူဖို့ အသင့်ရှိမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။