သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းတောင်ပိုင်းတပ် မြန်မာအစိုးရနဲ့ ဆွေးနွေးဖို့အသင့်ရှိ


ရှမ်းတောင်ပိုင်းတပ် မြန်မာအစိုးရနဲ့ ဆွေးနွေးဖို့အသင့်ရှိ
ရှမ်းတောင်ပိုင်းတပ် မြန်မာအစိုးရနဲ့ ဆွေးနွေးဖို့အသင့်ရှိ

ထိုင်း-မြန်မာအခြေစိုက် လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ရှမ်းပြည်နယ် တပ်မတော်တောင်ပိုင်း SSA က ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အစိုးရရဲ့ ကမ်းလှမ်းချက်ကို လက်ခံလိုက်ပါတယ်။ ရှမ်းပြည်တောင်ပိုင်းမှာ အခြေစိုက်တဲ့ ပြည်သူ့စစ်တွေကနေတဆင့် မကြာသေးခင်က ကမ်းလှမ်းလာခဲ့တာဖြစ်ပြီး အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် SSA တောင်ပိုင်းဘက်က ကြိုတင် ကန့်သတ်ချက်တွေ မထားရှိဘူးလို့ ဆိုပါတယ်။ အပြည့်စုံကို မနန္ဒာချမ်းက တင်ပြထားပါတယ်။ ္ဒာချမ်းက တင်ပြထားပါတယ်။

ရှမ်းပြည်တပ်မတော် တောင်ပိုင်း SSA ကို ပြီးခဲ့တဲ့လလယ်ပိုင်းမှာ ရှမ်းပြည်တောင်ပိုင်း နမ့်ဆမ် မြို့နယ်မှာ အခြေစိုက်တဲ့ ဌာနေပြည်သူ့စစ်တွေနဲ့ ဟိုမိန်း မြို့နယ်ခွဲက ဌာနပြည်သူ့စစ်တွေကနေတဆင့် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ကိစ္စ ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ SSA တောင်ပိုင်းက ပြောပါတယ်။ ဒီလို ကမ်းလှမ်းလာတဲ့အပေါ် SSA တောင်ပိုင်းဘက်က သြဂုတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခြင်း ဆိုတဲ့ အချက်ကြောင့်နဲ့ တိုင်းရင်းသားအရေး ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေး အဖြေရှာမှသာ ရနိုင်မယ်လို့ ယုံကြည်တဲ့အတွက်ကြောင့် လက်ခံလိုက်တာ ဖြစ်တယ်လို့ SSA တောင်ပိုင်း ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောပါတယ်။

“အစိုးရက တွေ့ဆုံဆွေးနွေးဖို့ လိုလားတယ်၊ လုပ်ဆောင်မယ် ဆိုလို့ရှိရင် ကျနော်တို့လည်း သူတို့နဲ့အတူ လက်တွဲဆောင်ရွက်ဖို့ အဆင်သင့်ဖြစ်ပါတယ်။ ဒီစကား ပါးလာတဲ့လူတွေကိုလည်း ကျနော်တို့က အဲဒီလိုပဲ ပြန်ပြောလိုက်ပါတယ်။”

ဒါ့အပြင် အစိုးရရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခြင်း ဆိုတဲ့ ကြေညာချက်ထဲမှာ လက်နက်ကိုင် ပဋိပက္ခဖြေရှင်းပြီး ငြိမ်းချမ်းရေး ဖော်ဆောင်လိုတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ တစ်ဖွဲ့ချင်းအလိုက် ပထမအဆင့်အဖြစ် သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ ပြောဆိုထားပေမဲ့ အသေးစိတ် ပြောဆိုထားခြင်း မရှိတဲ့အတွက် ဘယ်လိုပုံစံနဲ့ ဆက်သွယ် ဆောင်ရွက်ရမလဲဆိုတာ မသိတဲ့အကြောင်းလည်း ဗိုလ်မှူး စိုင်းလောင်ဆိုင်း က ပြောပါတယ်။ SSA တောင်ပိုင်းအနေနဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ဖို့အတွက် ကြိုတင် တောင်းဆိုချက်တွေ၊ ကန့်သတ်ချက်တွေလည်း မထားရှိဘူးလို့ အခုလို သူက ပြောပါတယ်။

“ကျနော်တို့အနေနဲ့ကတော့ အခုလက်ရှိတော့ သတ်မှတ်ချက်တွေ သတ်မှတ်ထားရင် ဆွေးနွေးပွဲ ဖြစ်ပေါ်လာမှာမဟုတ်ဘူးဆိုတာ ကျနော်တို့ သိတယ်လေ။ ဒါကြောင့်မိုလို့ ဆွေးနွေးပြီးတဲ့နောက်ပိုင်း ဆွေးနွေးနေချိန်အတွင်းမှာ ဖြစ်ဖြစ်ပေါ့နော် နှစ်ဘက်ရဲ့ လိုလားချက်တွေကို အပြန်အလှန် ညှိနှိုင်းကြမယ် ဆိုတော့ အဲဒီမှာပဲ ကျနော်တို့က သုံးသပ်ပြီးတော့ တင်ပြသွားမှာဖြစ်ပါတယ်။ အဲဒီလိုမျိုး ဆုံးဖြတ်ထားပါတယ်။”

လက်ရှိအစိုးရနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ SSA မြောက်ပိုင်းတပ်ဖွဲ့တွေ အပါအဝင် တချို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကတော့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်အဖွဲ့တွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီအနေနဲ့ပဲ ဆွေးနွေးဖို့ ပြောဆိုနေကြတာပါ။ ဒီအပေါ် SSA တောင်ပိုင်းကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အောင်မြင်ဖို့ဆိုတာ အဖွဲ့အစည်းအားလုံးရဲ့ ဆန္ဒအပေါ် မူတည်တယ်လို့ ပြောပါတယ်။

“အဲဒါကတော့ ကျနော်တို့အားလုံးရဲ့ ဆန္ဒအပေါ်မှာ မူတည်ပါတယ်။ ဒီကိစ္စမှာ အစိုးရကသာ လုပ်လိုပြီးတော့ တခြား အဖွဲ့အစည်းတွေက မလုပ်လိုဘူးဆိုရင်လည်း ဖြစ်ပေါ်လာမှာမဟုတ်ပါဘူး။ ကျနော်တို့ လက်နက်ကိုင်ပြီးတော့ ပြန်ပြီးတော်လှန်နေတဲ့ အဖွဲ့အစည်းတွေကပဲ လိုလားတယ်ဆိုရင်လည်း ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး။”

သမ္မတ ဦးသိန်းစိန် အရပ်သားအစိုးရ တက်လာပြီးကတည်းက SSA တောင်ပိုင်းကို အခုလို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကမ်းလှမ်းတာဟာ ပထမဦးဆုံးအကြိမ် ဖြစ်ပါတယ်။ အရင် စစ်အစိုးရလက်ထက်ကတော့ ထိုင်းအစိုးရရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ ၂၀၀၇ ခုနှစ်မှာ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပေမဲ့ သဘောထား ကွဲလွဲမှုတွေ ရှိခဲ့တဲ့အတွက် ဆွေးနွေးပွဲ မအောင်မြင်ခဲ့ဘူးလို့လည်း SSA တောင်ပိုင်း ပြောခွင့်ရပုဂ္ဂိုလ်က ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောဆိုခဲ့ပါတယ်။

အခုအခါ အစိုးရဘက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပြီးတဲ့ နောက်ပိုင်း ရှမ်းပြည်နယ်တွင်းမှာ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSA ကိုရော၊ ကချင်လွတ်မြောက်ရေး တပ်မတော် KIA ကိုပါ မြန်မာအစိုးရတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် ဒေသခံ ပြည်သူ နှစ်ထောင်ကျော်ဟာ စစ်ပြေးဒုက္ခသည်တွေအဖြစ်နဲ့ တရုတ်-မြန်မာ နယ်စပ်ကို ထွက်ပြေးခဲ့ကြရပါတယ်။

ပြီးခဲ့တဲ့လကတော့ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ အခြေစိုက်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ကိုတော့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် အစိုးရရဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးအောင်သောင်းတို့ နှစ်ဦးက ကိုယ်တိုင် တွေ့ဆုံပြီး ကမ်းလှမ်းခဲ့ပါတယ်။ ဒါကြောင့် SSA တောင်ပိုင်း ကလည်း သူတို့ကို အစိုးရဘက်ကနေ တရားဝင် စာပေးပို့ပြီး ကမ်းလှမ်းတာမျိုး ကိုယ်စားလှယ်စေလွှတ်ပြီး ကမ်းလှမ်းတာမျိုးကို လိုလားကြောင်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG