သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

SSA နဲ့ မြန်မာအစိုးရ မူးယစ်တိုက်ဖျက်ရေး သဘောတူညီမှုမရ


Members of Myanmar government negotiators, right, shake hands with representatives of the Shan State Army (SSA).
Members of Myanmar government negotiators, right, shake hands with representatives of the Shan State Army (SSA).
ရှမ်းပြည်တပ်မတော်SSA တောင်ပိုင်းခေါ် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီRCSSနဲ့ အစိုးရအကြား မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးရာမှာ ဒေသတွင်း လုံခြုံရေးနဲ့ ပတ်သက်ပြီး သဘောတူညီချက် မရတာကြောင့် ဆွေးနွေးပွဲဟာ မအောင်မမြင်ဖြစ်ခဲ့ရပါတယ်။ ဒီဆွေးနွေးပွဲမှာ SSA တောင်ပိုင်းဖက်က အချက် ၁၀ချက် တင်ပြဆွေးနွေးခဲ့ပြီး နောက်ဆုံးအချက် ၂ချက်မှာ သဘောတူညီချက် မရခဲ့တာဖြစ်ပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရှမ်းပြည်တပ်မတော်တောင်ပိုင်းလို့ လူသိများတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီRCSSနဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့တို့ဟာ ဘိန်းအစားထိုးစိုက်ပျိုးရေးအတွက် စံပြစီမံကိန်းဖော်ဆောင်ဖို့ ဒီလ ၂၇ရက်နေ့ကစတင်ပြီး ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့က မြိုတော်ခမ်းမမှာ ၂ရက်ကြာ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ တိကျတဲ့သဘောတူညီချက်တွေ မရခဲ့တဲ့အကြောင်းကိုတော့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးစိုင်းလောင်ဆိုင်းက အခုလို ပြောပါတယ်။

“သဘောထားချင်းတိုက်ဆိုင်တာတွေတော့ရှိတယ်။ သဘောထားချင်းမတိုက်ဆိုင်တာတွေလည်း ရှိတယ်ဆိုတော့ မနေ့က ကျနော်တို့ ဆွေးနွေးပွဲက အထမမြောက် တဲ့ ဆွေးနွေးပွဲလို ဖြစ်သွားပါတယ်ခင်ဗျ။ သဘောထားချင်း မတိုက်ဆိုင်တဲ့ကိစ္စကတော့ စိုက်ပျိုးရေးသီးနှံအစားထိုးစီမံကိန်းမှာ လုံခြုံရေးတာဝန်ခွဲဝေတဲ့ အပိုင်းမှာပါခင်ဗျ။”

နှစ်ဖက်သဘောထားချင်းမတိုက်ဆိုင်တဲ့အခြေအနေကို သူက အခုလို ဆက်ရှင်းပြပါတယ်။

“ကျနော်တို့ကတော့ ကျနော်တို့ RCSS ရယ်၊ နိုင်ငံတော်အစိုးရရယ် အချိုးညီမျှတဲ့ လုံခြုံရေး တပ်တွေကို ဖွဲ့စည်းဖို့ တင်ပြတောင်းဆိုခြင်းဖြစ်ပါတယ်။ အဲဒီကိစ္စကို အစိုးရဖက်က လုံခြုံရေးကို တပ်မတော်နဲ့ ပြည်သူ့ရဲ ကသာ တာဝန်ရှိတဲ့အကြောင်း၊ ကျနော်တို့ ပူးပေါင်းပြီးလုပ်ဆောင်ချင်တဲ့ ကိစ္စရပ်ကို ကျနော်တို့ ဆန္ဒအတိုင်း အစိုးရဖက်က မလိုက်လျောနိုင်တဲ့ အတွက်ကြောင့် ဆွေးနွေးပွဲကြီးက အထမမြောက်ရခြင်းပဲ ဖြစ်တဲ့ပုံစံမျိုးရှိပါတယ်။”

SSA တောင်ပိုင်းဖက်ကတင်ပြတဲ့အချက် ၁၀ချက်မှာ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေးအတွက် မိုင်းပန်နဲ့ မိုးနဲဒေသမှာ အစိုးရ၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး (UNODC)နဲ့ အတူပူးပေါင်းပြီး လိုအပ်ချက်တွေလေ့လာဖို့၊ ရှေ့ပြေးစီမံကိန်းဖော်ဆောင်မယ့်နေရာရွေးခြယ်ဖို့၊ စီမံကိန်းကိုပူးပေါင်းရေးဆွဲဖို့၊ ပူးပေါင်း ဆောင်ရွက်ဖို့ စတဲ့အချက်တွေ ပါဝင်တာဖြစ်ပါတယ်။

ဒီရှေ့ပြေးစီမံကိန်းအတွက် UNODCက နည်းပညာနဲ့ ဘဏ္ဍာငွေ ထောက်ပံဖို့လည်း တင်ပြထားတာဖြစ်ပါတယ်။ ဒီတင်ပြချက်တွေထဲမှာမှ လုံခြုံရေးပူးပေါင်းဆောင်ရွက်ဖို့ ဆိုတဲ့အချက် ကို နှစ်ဖက်သဘောတူညီချက် မရခဲ့သလို နောက်တကြိမ် ထပ်မံတွေ့ဆုံမယ့်ရက်ကိုလည်း မဆုံးဖြတ်နိုင်ခဲ့ကြပါဘူး။

SSA တောင်ပိုင်းဖက်ကတော့ ဆွေးနွေးခဲ့တဲ့အချက်တွေကို အထက်ကို တင်ပြပြီး ထပ်မံဆွေးနွေးဖို့ ကြိုးစားသွားမယ်လို့လည်း ပြောပါတယ်။

တာချီလိတ်မှာ ၂ရက်ကြာကျင်းပတဲ့ ဆွေးနွေးပွဲကိုတော့ အစိုးရဖက်က ရှမ်းပြည်နယ် နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှုးကြီးအောင်သူနဲ့ မြန်မာနိုင်ငံမူးယစ်ဗဟိုက ရဲမှုးကြီး မြင့်အောင်တို့ ဦးဆောင် တက်ရောက်ပြီး SSA တောင်ပိုင်းဖက်ကတော့ RCSSရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီခေါင်းဆောင် ဗိုလ်မှုးချုပ်ပေါင်ခေး ဦးဆောင် တက်ရောက် ခဲ့တာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို UNODCက ဌာနေကိုယ်စားလှယ် ဂျက်ဆင် အဲလ်နဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တာဖြစ်ပါတယ်။

SSA တောင်ပိုင်းတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက အစိုးရနဲ့ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီခဲ့ပြီး ဒီနှစ်မေလအတွင်း ဒုတိယအကြိမ်ဆွေးနွေးပွဲမှာတော့ ရှမ်းပြည်နယ် မြို့နယ် ၃၀လောက်မှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိစ္စကို ထည့်သွင်းဆွေးနွေးထားတာဖြစ်ပါတယ်။
XS
SM
MD
LG