သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းတောင်ပိုင်းနဲ့ အစိုးရတပ် တိုက်ပွဲဖြစ်ပွား


 RCSS/SSA ရှေ့တန်းတပ်များ
RCSS/SSA ရှေ့တန်းတပ်များ

ရှမ်းပြည်နယ်အတွင်းမှာ NCAအပစ်ရပ်လက်မှတ်ထိုး တောင်ပိုင်းရှမ်းပြည်တပ်မတော်နဲ့မြန်မာ့ တပ်မတော်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွါး နေဆဲဖြစ်ပြီး ဒေသခံရွာသားထောင်ကျော်ဟာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။ အလားတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ ဖြစ်တဲ့ ဝ တပ်ဖွဲ့ UWSAနဲ့ မိုင်းလား တပ်ဖွဲ့တွေအကြားမှာလဲ စစ်ရေးတင်းမာမှုတွေဖြစ်ပွါးနေပါတယ်။ ရှမ်းပြည်နယ်အတွင်း စစ်ရေးတင်းမာနေတဲ့အခြေအနေကိုတော့ ဗွီအိုအေထိုင်းအခြေစိုက်သတင်းထောက်နိုင်ကွန်းအိမ်ကနေ ဆက်သွယ်မေးမြန်းပြီး အခုလို သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းလွယ်လင်ခရိုင် မိုင်းကိုင်မြို့နယ်ထဲမှာ NCAအပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးထားတဲ့ တောင်ပိုင်းရှမ်းပြည် တပ်မတော် RCSS/SSAနဲ့မြန်မာ့တပ်မတော်တို့အကြားမှာ တိုက်ပွဲဖြစ်ပွါးနေဆဲလို့ RCSSရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလ က ပြောပါတယ်။

“ဒီနေ့တော့ အစိုးရတပ်တွေက လက်နက်ကြီးနဲ့ ကျနော်တို့ ရှိမယ်ထင်တဲ့နေရာမှာ မှန်းပြီးတော့ လှမ်းပစ်နေတာ ၁ ရက်နေ့ကနေ စပြီးတော့ တိုက်ပွဲတွေဖြစ်နေတာပဲဖြစ်ပါတယ်။ ကျနော်တို့ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးကိစ္စတွေကို အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အစီအစဉ်ရှိခဲ့သလို သို့ပေမယ့် အခုလက်ရှိအနေအထားမှာတော့ ကျနော်တို့က ပြည်သူတွေနဲ့ ပူးပေါင်းပြီးတော့ ဒီလုပ်ငန်းကိုလုပ်ဆောင်နေတဲ့နေရာမှာ အစိုးရတပ်တွေက ကျနော်တို့ကို စစ်သားစုဆောင်မှု၊ ငွေရေးကြေးရေးတွေလုပ်နေတဲ့နေရာဆိုပြီးတော့ ကျနော်တို့ကို ဝင်တိုက်တာပဲဖြစ်ပါတယ်။

တောင်ပိုင်းရှမ်းပြည်တပ်မတော်ရဲ့ မိုင်းကိုင်မြို့နယ် နားပွဲကျေးရွာအုပ်စု အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စခန်းကို မြန် မာ့တပ်မတော်ကနေ အောက်တိုဘာလ(၁)ရက်နေ့ကစပြီးဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်မှူးကြီးစိုင်းလက ပြောပါတယ်။

ကာလအတန်ကြာတိုက်ပွဲရပ်တန့်နေရာကနေ အောက်တိုဘာ(၁)ရက်နေ့ကစပြီးဒီကနေ့အထိ နှစ်ဖက်စစ်ရေးတင်းမာမှု တွေဖြစ်ပွါး နေတာပါ။

တောင်ပိုင်းရှမ်းပြည်တပ်မတော်ဟာ မြန်မာအစိုးရနဲ့ NCAအပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်ပြီး တပ်မတော်အနေနဲ့ NCAစာချုပ်ပါကတိ ချိုးဖေါက်ပြီးဝင်ရောက်တိုက်ခိုက်တာဖြစ်ပြီး အခုလိုစစ်ရေးတင်းမာနေမှုအတွက် နှစ်ဖက်တွေ့ဆုံဖြေရှင်းသွား မယ် လို့လဲ ဗိုလ်မှူးကြီးစိုင်းလက ပြောပါတယ်။

ဒီလိုဖြစ်ပွါးတဲ့တိုက်ပွဲမှာနှစ်ဖက်ထိခိုက်မှုကိုအတည်မပြုနိုင်သေးသလို မြန်မာ့တပ်မတော်ဘက်ကလဲ သတင်းထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

အခုလိုဖြစ်ပွါးခဲ့တဲ့တိုက်ပွဲကြောင့် ဝမ်ပန်ပွိုင်းကျေးရွာ ဝမ်ကုန်းဆာ နားပွဲကျေးရွာအုပ်စုကဒေသခံ(၂၀၀၀)နီးပါးဟာ တုံလော ကျေး ရွာမှာ စစ်ဘေးတိမ်းရှောင်နေရသလို နေထိုင်စားသောက်ရေးအတွက်အခက်ခဲရှိနေတယ်လို့ ဒေသခံ စိုင်းခမ်းဦး ကပြောပါတယ်။

“အခုလောလောဆယ်စနေနေ့က စဖြစ်တယ်ဆိုတော့ အကူအညီလည်းလိုတာပေါ့နော် တုံလော ကျေး ရွာအုပ်စုကလည်း ရွာကြီးမဟုတ်ဘူး၊ ရွာသေးသေးလေးပဲဆိုတော့ စားဖို့သောက်ဖို့ကအဆင်မပြေဘူး။ နောက်ပြီးတော့ ကယ်ဆယ်ရေးအဖွဲ့တွေလည်း တဖွဲ့မှ မရောက်သေးဘူးပေါ့နော်။”

လက်ရှိစစ်ဘေးရှောင်ရွာသားတွေကို တုံလောကျေးရွာ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေရသလို အကူညီတွေလိုအပ်နေဆဲ အခြေ အနေမှာရှိနေပါတယ်။

တောင်ပိုင်းရှမ်းပြည်တပ်မတော်RCSS/SSAနဲ့မြန်မာ့တပ်မတော်တို့အကြားမှာတိုက်ပွဲရပ်တန့်မဲ့အရိပ်ယောင်မရှိသေးတာကြောင့် ဒေသခံတောင်သူတွေအနေနဲ့ စိုက်ခင်းကိုသွားဖို့အခက်ခဲရှိနေတယ်လို့ စိုင်းခမ်းဦး ကပြောပါတယ်။

အလားတူ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာခြေပြူနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ ဝ တပ်ဖွဲ့ UWSAနဲ့ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(NDAA) မိုင်းလား တပ်ဖွဲ့တွေအကြားမှာလဲ စစ်ရေးတင်းမာမှုတွေဖြစ်ပွါးနေပါတယ်။

စက်တင်ဘာ ၂၈ ရက်နေ့က ဝ တပ်ဖွဲ့ UWSA စစ်သည်အင်အား ၆၀၀ ကျော်ကနေ တိုက်ပွဲဝင်သံချပ်ကာကား ၅ စီးနှင့်အတူ ကျိုင်းတုံ နှင့် မိုင်းလား မြို့နယ်ကြားမှာရှိတဲ့ အထူးဒေသ ၄ မိုင်းလားတပ်ဖွဲ့အခြေစိုက်ရာ လွယ်ဆမ်ဆုမ်၊ လွယ်ကျူဆား တပ်စခန်းနဲ့ မိုင်းလားနယ်အဝင် ပန်မတ်ဖိုင်း ဂိတ်စခန်းကို သိမ်းပိုက်လိုက်ပြီး မိုင်းလား စစ်သည် ၁၅၀ ခန့်ကိုလဲဖမ်းဆီးထိန်းသိမ်း ထားခဲ့ပါတယ်။

UWSA ဝတပ်ဖွဲ့အနေနဲ့ မဟာမိတ်ဖြစ်တဲ့မိုင်းလားတပ်ဖွဲ့ရဲ့စခန်း တွေကိုသိမ်းပိုက်ခဲ့တာ နဲ့ပက်သက်လို့ ရှမ်းပြည်နယ်အရေး လေ့လာသူ သျှမ်းသံတော်ဆင့်အယ်ဒီတာချုပ် စိုင်းမိန်းက အခုလိုပြောပါတယ်။

“အခါလူမျိုးတွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမရှိသေးဘူး။ အဲဒီအတွက် မိုင်းလားထိန်းချုပ်ထားတဲ့ အထူးဒေသ ၄ နယ်မြေကို အခါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်သတ်မှတ်ပေးဖို့ မိုင်းလားတပ်ဖွဲ့က သွားရောက်တောင်းဆိုတာတွေရှိတယ်။ အဲဒီတောင်းဆိုတဲ့အပေါ်မှာ ၀ ကတော်တော်လေး စိုးရိမ်တဲ့အနေအထားရောက်သွားလိမ့်မယ်လို့မြင်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ၀ တပ်ဖွဲ့ကလည်း သံလွှင်အရှေ့ခြမ်းအားလုံးကို ၀ ကိုယ်ပိုင်ပြည်နယ်အဖြစ် သတ်မှတ်ပေးဖို့ သူတို့ ဆန္ဒရှိတယ်။”

မနေ့က မိုင်းလားခေါင်းဆောင်တွေနဲ့ ဝတပ်ဖွဲ့ခေါင်းဆောင်တွေကနေ တွေ့ဆုံညှိနှိုင်းခဲ့ရာမှာ မိုင်းလားတပ်ဖွဲ့ဝင်တွေကို ပြန်လည် လွှတ်ပေးခဲ့ပေမဲ့ စခန်းနဲ့လက်နက်တွေကိုတော့ ဝတပ်ဖွဲ့ကနေ ထိန်းသိမ်းထားဆဲလို့ သျှမ်းသံတော်ဆင့်အယ်ဒီတာချုပ် စိုင်းမိန်းက အခုလိုပြောပါတယ်။

“တပ်မဟာမှူး ပေါင်းအိုင်ပန်းက ဒါက အထက်အမိန့်အရ လာရတာဖြစ်တယ်။ အထက်အမိန့်မရရင်တော့ ပြန်လို့မရဘူးလို့ ညွန်ကြားတယ်။ ဖမ်းဆီးထားတဲ့လူ ၁၅၁ ဦးကို အားလုံးပြန်လွှတ်ပေးတယ်။ လမ်းမပေါ်မှာရှိတဲ့ စခန်းတခုကို မိုင်းလားဘက်ကို ပြန်လွှဲပေးတယ်။ ဒါပေမယ့် အရေးပါတဲ့ တပ်စခန်းကြီး ၂ ခုကိုတော့ အခုထိ ပြန်လွှဲပြေးတာတွေမရှိသေးဘူး။”

UWSA ဝတပ်ဖွဲ့နဲ့ မိုင်းလားတပ်ဖွဲ့တို့ဟာ ၂၀၀၉ခုနှစ် မြန်မာတပ်မတော်ကနေ နယ်ခြားစာင့်တပ်အသွင်ပြောင်းဖို့ ဖိအားပေး စဉ်က နယ်မြေ လုံခြုံရေးအရ ပူးတွဲလုပ်ဆောင်သွားဖို့ သဘောတူညီမှုတွေရှိခဲ့သလို စစ်ရေးမဟာမိတ်အဖွဲ့တွေလဲဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ၂၁ ရာစုပင်လုံညီလာခံခေါ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပပြီးစီးခဲ့ပေမဲ့ တိုင်းရင်းသားဒေသ တွေမှာ စစ်ရေးတင်မာမှုတွေရှိနေဆဲဖြစ်ပါတယ်။

အထူးသဖြင့် ကချင်ပြည်နယ် ရှမ်းပြည်နယ် ကရင်ပြည်နယ်ဘက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာ့တပ်မတော် တို့ အကြားဖြစ်ပွါးတဲ့တိုက်ပွဲ တိုင်းရင်းသားအချင်းချင်းကြားမှာဖြစ်ပွါးတဲ့စစ်ရေးတင်းမာမှုတွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဟန့်အတားတခုလိုဖြစ်နေပါတယ်။

ဒီလိုဖြစ်ပွါးတဲ့စစ်ရေးပဋိပက္ခတွေကြောင့် ဒေသခံအများအပြားဟာလဲ စစ်ဘေးတိမ်းရှောင်နေရသလို ဒီစစ်ပြေးဒုက္ခသည်အရေး ကိစ္စဟာ အစိုးရသစ်အနေနဲ့ဖြေရှင်း ဖို့ခက်ခဲနေဆဲ အခြေအနေမှာရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG