သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူငယ်တွေ အတွက် စိုက်ပျိုးရေး


မြန်မာ့လူငယ်တွေ အတွက် စိုက်ပျိုးရေး
မြန်မာ့လူငယ်တွေ အတွက် စိုက်ပျိုးရေး

မြန်မာနိုင်ငံဟာ စတုရန်းမိုင် ၂ သိန်း ၆သောင်းကျော် ကျယ်ပြီး လူဦးရေက သန်း ၅၀ ကျော်ပါတယ်။ လူဦးရေ ထက်ဝက်ကျော် ၅၁ % ဟာ အသက် ၂၇ နှစ်အောက်ဖြစ်ပြီး ကျယ်ပြောတဲ့မြေနဲ့ အတူ တောင်သူလယ်သမား အများစုရှိတဲ့ မြန်မာနိုင်ငံမှာ လူငယ်တွေ စိုက်ပျိုးရေးကို စိတ်ဝင်စားလာစေဖို့ ဘာတွေ လုပ်နိုင်တယ် ဆိုတာကြည့်ရအောင်ပါ။

တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံဟာ စတုရန်းမိုင် ၂ သိန်း ၆သောင်းကျော် ကျယ်ပြီး လူဦးရေက သန်း ၅၀ ကျော်ပါတယ်။ ၂၀၁၅ သန်းကောင်စာရင်းအရ လူဦးရေ ထက်ဝက်ကျော် ၅၁ % ဟာ အသက် ၂၇ နှစ်အောက်ဖြစ်ပြီး အများစုက အသက် ၅ နှစ်ကနေ ၁၄ နှစ် အတွင်းမှာ ရှိတာမို့ သူတို့ လုပ်အားကို သုံးနိုင်မယ့်အချိန် ဖြစ်တဲ့ လာမယ့် ၁၅ နှစ်မှာ မြန်မာနိုင်ငံရဲ့ လုပ်အားက အတော့်ကို အားတက်စရာပါ။ ကျယ်ပြောတဲ့မြေနဲ့ အတူ တောင်သူလယ်သမား အများစုရှိတဲ့ မြန်မာနိုင်ငံမှာ လူငယ်တွေ စိုက်ပျိုးရေးကို စိတ်ဝင်စားလာစေဖို့ ဘာတွေ လုပ်နိုင်တယ် ဆိုတာကြည့်ရအောင်ပါ။

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်က UC Davis တက္ကသိုလ် စိုက်ပျိုးရေးနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဆိုင်ရာ ပညာသင်ခဲ့တဲ့ ဒေါက်တာမျိုးအောင်ကျော်ကတော့

ဒေါက်တာမျိုးအောင်ကျော်။ ။ “အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ Sacramento Valley ဆိုတာ ရှိတယ်။ အဲဒီမှာ သူတို့ စပါးတွေ စိုက်တော့ တချို့ လယ်သမား မိသားစုတွေ ရှိတယ်။ သူတို့မျိုးရိုးစဉ်ဆက် စပါးစိုက်ကြတာ။ အဲဒီမှာ နောက်ပိုင်းကျတော့ လူငယ်တွေက သိပ်စိတ်မဝင်စား ပဲ ဖြစ်လာမှာ စိုးတဲ့အခါကျတော့ U C Davis ကျွန်တော်သွားတက်ခဲ့တဲ့ ကယ်လီဖိုးနီးယား တက္ကသိုလ် ဒေးဗစ်ကျောင်းက ဆန်စပါးနဲ့ ပတ်သက်တဲ့ ဌာနက လယ်သမားမျိုးဆက်သစ် လူငယ်လေးတွေ အတွက် လုပ်ငန်းခွင် လှုပ်ရှားမှုလေးတွေ၊ သင်တန်းလေးတွေ လုပ်ပေးတယ်။

အဲဒီဟာလေးတွေနဲ့ ဆွဲဆောင်ပြီးတော့ မျိုးဆက်သစ်လေးတွေကို တဖြေးဖြေး နည်းပညာပိုင်းရော၊ သူတို့ရဲ့ စိတ်ဓါတ်တိုးတက်အောင် ဒီလိုမျိုး မကြာခဏ လုပ်ပေးတယ်။ ကျွန်တော့် တိုင်းပြည်ကျတော့ ကျွန်တော်လည်း အဲလိုလေးတွေ လုပ်ပေးရင် ကောင်းမှာပဲလို့ တွေးမိပါတယ်။”

ဟုတ်ကဲ့ပါဆရာ၊ အဲဒီ စက်ခရာမင်တိုဒေသမှာ လူငယ်တွေ ခုလို စိတ်ဝင်စားလာအောင် လုပ်ပေးတဲ့ နည်းလေးတွေ ဘယ်လိုတွေ လုပ်ပေးလဲ ဆိုတာ နဲနဲပြောပြပေးပါဆရာ။

ဒေါက်တာမျိုးအောင်ကျော်။ ။ “သူတို့ကျောင်းတွေမှာ ကျွန်တော်တွေ့တယ်ခင်ဗျ။ ကျောင်းတွေ ဆိုတာက မူလတန်းကျောင်းမှာ ကျောင်းဥယာဉ်လေးတွေ သူတို့ လုပ်ပါတယ်။ တခါတလေများ သူတို့ ကျောင်းတွေမှာ ဒီ သံမန်သလင်းလို မြေကြီးမရှိတဲ့ နေရာတွေမှာတောင်မှ သူတို့က peat soil ပေါ့ မြေဆွေးကို အိတ်တွေနဲ့ လုပ်ပြီးတော့ အဲဒီအထဲမှာ အပင်စိုက်ပြီးတော့ ဘောင်လေးတွေ ဖြစ်အောင်လုပ် ပြီးရင် အပေါ်က ဖရိန်နဲ့ အပင်လေးတွေ စိုက်။ အဲဒီလိုဟာမျိုးလေးတွေနဲ့ ဆွဲဆောင်တာကို သူတို့ သင်ရိုးညွှန်းတန်းမှာ ထည့်ဆွဲပြီးတော့ လုပ်ထားတာ တချို့ တွေ့ပါတယ်။”

“နောက် အလုပ်လုပ်နိုင်တဲ့ အရွယ်ရှိတဲ့ အတန်းမှာ ဆိုရင်တော့ လူငယ်မျိုးဆက်သစ် လယ်သမားလေးတွေကို သူတို့က ပုံမှန် အလုပ်ရုံဆွေးနွေးပွဲလေးတွေ လုပ်တယ်။ အထူးသဖြင့် ထုတ်လုပ်တဲ့ နည်းပညာတို့၊ မြေဆီသြဇာ စံနစ်တကျ ပေးတဲ့နည်းတို့၊ အထူးသဖြင့် ဆန်စပါး စိုက်ရေး ပျိုးရေးနဲ့ ပတ်သက်တာ။ သူတို့ဆီမှာ ကျတော့ မြေက အကျယ်ကြီးတွေ ဆိုတော့ သူတို့ စိုက်တဲ့ စံနစ်ကတော့ မြန်မာပြည်နဲ့ မတူဘူးပေါ့။ ဒါပေမယ့် အတွေ့အကြုံတွေ အများကြီး ရပါတယ်။”

“အထူးသဖြင့် လေယာဉ်နဲ့ မျိုးစေ့ကြဲတဲ့ ကိစ္စမျိုးလေးတွေပေါ့။ နောက် မြေသြဇာ ကိစ္စတွေ၊ အပင်ရဲ့ ရောဂါ ကိစ္စတွေ၊ သင်ပေးတယ်။ နောက် သူတို့မှာ နောက်တခုက စက်တွေ သုံးရတာ အရမ်းများတဲ့ အခါကျတော့ သူတို့ရဲ့ safety ပေါ့နော်။ ဘေးအန္တရာယ် ကင်းရှင်းရေး အတွက်ကို သတိထားရမယ့် ဟာတွေ၊ နောက် သူတို့ရဲ့ သုတေသနလုပ်တဲ့ဟာ tractor တွေမှာ ဘယ်လိုလုပ်လိုက်ရင် ဘယ်လောက်အထိ ဘေးအန္တရာယ် ကင်းသွားသလဲ၊ နောက် သူတို့ရဲ့ ဟန်ချက်ပေါ့နော်။ ဟန်ချက်က ဘယ်လိုအနေထားမျိုး ရှိတဲ့ အတွက်ကြောင့် ဒီလို မောင်းရင် ဘယ်လို ဂရုစိုက်ရမလဲ၊ အဲဒါမျိုးကလေးတွေနဲ့ သူတို့ သင်ပေးသွားတာ ကျွန်တော် တွေ့ခဲ့ရတယ်။”

အောင်မြင်တာ တွေ့ရသလားဆရာ။

ဒေါက်တာမျိုးအောင်ကျော်။ ။ “ကျွန်တော့်အနေနဲ့ ဒီဟာကိုတော့ assessment လုပ်ခွင့်တော့ မရဘူး။ ဒါပေမယ့် အဲဒီမှာ မျိုးဆက်က ရောသွားတာပေါ့။ လူကြီးနဲ့ လူငယ်တွေက အဲဒီမှာ သူတို့ရဲ့ အတွေ့အကြုံ အိုင်ဒီယာတွေ တယောက်နဲ့ တယောက် ဖလှယ်လို့ ရတယ်။ နောက်ပြီးတော့ တဦးနဲ့ တဦး လည်း ပိုပြီးတော့ ရင်းနှီးတဲ့ အခါကျတော့ ဥပမာ ကလေးတွေ ဆိုရင် ဝင်လာတဲ့ အခါကျတော့ သူတို့ အနေနဲ့ ဒီဟာကို ရှိန်တာလည်း ပါမယ်၊ နောက် ဒီနည်းပညာတွေကို ပထမပိုင်းတော့ သူတို့ အံမဝင်ဘူး ခေါ်မှာပေါ့။ အဲဒါကို တဖြေးဖြေး ဒီဘက်က တက္ကသိုလ် ပိုင်းကရော၊ ဒီလယ်သမား ကြီးတွေ ကရော၊ အကုန်လုံး ဆွဲဆောင် စည်းရုံး၊ ပြီးတော့ ရှင်းရှင်း ပြောရရင် သူတို့ ဒီ အသိုင်းအဝိုင်း လေးက ဝန်းကျင်က တဖြေးဖြေး ကောင်းလာတာပေါ့၊ အဲဒီလို ကောင်းလာရင်းနဲ့ တဖြေးဖြေး သူတို့ရဲ့ attitude တွေ ပြောင်းလာအောင် စည်းရုံးတဲ့ သဘောလို့ ကျွန်တော်မြင်ပါတယ်။”

မြန်မာနိုင်ငံမှာ ကျတော့ ဘယ်လိုပုံစံနဲ့ လုပ်ရင် ကောင်းမယ်လို့ ထင်ပါသလဲ ဆရာ

ဒေါက်တာမျိုးအောင်ကျော်။ ။ “ကျွန်တော် မြန်မာနိုင်ငံ ပြန်ရောက်တော့ ဟို နာဂစ်ဖြစ်တုန်းက ကျွန်တော် ကွန်းခြံကုန်းဘက်မှာ တောကျောင်း ဆိုတဲ့ ရွာကလေးရှိတယ်။ အဲဒီမှာ ကျွန်တော့ တပည့် လေးက ကျောင်းလေး တခုလုပ်ရင်းနဲ့ အခု ဆို ဆယ်တန်း- ၈ -၉ ၁၀ တန်း ၃၀၀ ဝန်းကျင်လောက် ရှိသွားပြီ။ တခါတလေ အဲဒီဒေသကို သွားပြီး ကလေးလေးတွေ စိတ်ဝင်စားလာအောင် motivation အနေနဲ့ ဟောပြောပွဲကလေးတွေ ကျွန်တော် လုပ်လုပ်ပေးတယ်။ တရက်မှာ ကျွန်တော်က ကလေးတွေ မှာ သူတို့ ရည်မှန်းချက် ကလေးတွေ ဘာတွေ ရှိလဲဆိုတာ သိချင်တော့ ကျွန်တော်က စိုက်ပျိုးရေး တက္ကသိုလ် တက်ချင်တဲ့ ကလေး လက်ထောင် ဆိုပြီး အားရပါးရ ပြောလိုက်တာ တယောက်မှ လက်မထောင်ဘူး။ အဲဒါ အကုန်လုံးက လယ်သမား သားသမီးလေးတွေ ချည်းပဲ။ နောက်ပိုင်း ကျွန်တော် ပြန်သုံးသပ်တာ ပေါ့နော်။”

“ဆိုတော့ အဓိကကတော့ သူတို့အနေနဲ့ လယ်သမားမိဘတွေက၊ သူတို့တွေ့နေရတဲ့ သူတို့ရဲ့ လူမှုဘဝ တွေက ခက်ခက်ခဲခဲ ရုန်းကန်ရတယ်။ သူတို့မှာ ပိုက်ဆံကလည်း မလောက်မင ဆင်းရဲ ကြတယ်။ သူတို့ အားကျလောက်အောင် မရှိဘူး။ အဲဒီအခါကျတော့ သူတို့အနေနဲ့ မိဘက ဒီလိုဖြစ်နေတော့ သူတို့ ကျောင်းတက်ရင်တော့ ချမ်းသာမလား ဆိုတဲ့၊ အတွေးလေးတွေက ရှိနေကြတယ်။ အဲဒါလေး တွေက ကျွန်တော့်အတွက်က တော်တော်ကို စိတ်ထဲမှာ အမှတ်တရ ဖြစ်သွားတယ်။”

“ဒီလိုစိုက်ရေးပျိုးရေး တွေကို လိုက်ပြီး ကူညီတဲ့ အခါကျတော့ အဓိကက ဘာလဲဆိုတော့ အခုအခါမှာ ဒီစိုက်ရေးပျိုးရေး ဈေးကွက်တွေက တစ်အချက်က မရေရာတဲ့ အတွက် ပေါ့နော်။ အဲဒီတော့ လုပ်တိုင်း တခါတလေ မဖြစ်ကြဘူး။ နောက ်၂ အချက်က ဘာလဲ ဆိုတော့ သဘာဝ ဘေးအန္တရာယ် ထိခိုက်မှု တွေကလည်း သူတို့အတွက်က တကယ့်ကို လုပ်သလောက် မပေါက်တဲ့ ဟာတွေ ရှိတာရယ်၊ ၃ အချက် ကတော့ ဒီလယ်ယာလုပ်ငန်း ဆိုတာ မျိုးက အချိန်နဲ့ အခါနဲ့ လုပ်ရတယ်။ နောက် ရာသီကို မှီ လုပ်ရတယ်။ နောက် နေပူစပ်ခါး လုပ်ရတယ်။ ပင်ပန်းကြတယ်။ အဲဒီလို ပင်ပန်းပြီးတော့လည်း တဘက်က အကျိုးအမြတ်က မရှိ။ အဲဒါတွေကလည်း သူတို့အတွက်က မက်လုံးလို့ မထင်ဘူး။ ၄ အချက်ကတော့ သူတို့မှာ လုပ်ရင်းလုပ်ရင်းနဲ့ မြုပ်တာ ပေါ့လေ။ အဲဒီလို ဝင်ငွေနဲ့ ထွက်ငွေ မကိုက်တဲ့ အပိုင်းကလေးတွေ ရှိတယ်။ တဖက်ကလည်း အစိုးရရဲ့ ရာသီအလိုက် အမတော်ကြေး သီးနှံ ချေးငွေတွေပေါ့။ ဒါတွေက ရလာပြီဆိုရင် သူတို့အနေနဲ့ တခြားတလွဲသုံးတာတွေလည်း ရှိတယ်။”

“အဲဒီအခါကျတော့ သူတို့မှာလည်း ကျွေးမြီနဲ့ ပတ်သက်ပြီးတော့ ဝန်ထုပ်ဝန်ပိုးတွေကလည်း များများ လာပြီးတော့ သူတို့ရွေးစရာလမ်းက ပြောင်းရတော့မယ် ဆိုတော့ အခုအခါမှာ လူငယ်တွေ လုပ်နိုင်ကိုင်နိုင်တဲ့ working force တွေက မြို့ပြတွေ ရောက်သွားတယ်။ နိုင်ငံတကာကို စွန့်စားရတဲ့ အပိုင်းတွေ ဖြစ်သွားရတယ်လေ။ ဒါကြောင့်မို့ ကျွန်တော့် အနေနဲ့ စိုက်ပျိုးရေးမှာ ဒီကလေးတွေ ပျော်အောင် ဘယ်လို လုပ်မလဲ၊ ဆိုပြီး ကျွန်တော် စဉ်းစား လိုက်တော့ ပျော်အောင်ဆိုရင် သူတို့ ပိုက်ဆံရဖို့ လုပ်ပေးရမယ်။ ပိုက်ဆံရဖို့ သူတို့ သက်တောင့် သက်သာနဲ့ လုပ်ဖို့က ကျွန်တော်တို့က ဒီနည်းပညာပိုင်းတွေကို သေချာ နားလည်အောင် ကြေညက်အောင် ကျွန်တော်တို့ ပေးမယ်။ ပြီးရင် သက်တောင့်သက်သာ ease of operation ဒါမျိုးလေးတွေကို လုပ်နိုင်တဲ့ အခြေနေလေးတွေ ဖန်တီးရမှာ ပေါ့နော်။”

ဒေါက်တာ မျိုးအောင်ကျော်ပါ။ နောက်တပတ်မှာတော့ စိုက်ပျိုးရေးမှာ နည်းသစ်တွေ သုံးခဲ့လို့ မြန်မာနိုင်ငံတွင်း အောင်မြင်နေတာတွေကို ပြောပြပေးပါ့မယ် ဆိုတာ တင်ပြရင်း ဒီသီတင်းပတ် အတွက် သိပ္ပံနဲ့ နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

XS
SM
MD
LG