သိပ်သေးငယ်တဲ့ စာလုံးလေးတွေကို မျက်စိနဲ့ မြင်နိုင်ဖို့ ခက်ခဲလှပါတယ်။ ဒါပေမယ့် စာမျက်နှာ တရွက်ပေါ်မှာ စာလုံး အရွယ်အစားက သေးလေလေ စာလုံးရေများများ ဆန့်လေလေ ဖြစ်ပါတယ်။ သိပ်သေးငယ်တဲ့ အဏုမြူမှုန်ကလေးတွေနဲ့ စာရေးမယ် ဆိုရင် စာတမျက်နှာမှာ စာလုံးရေ ကုဋေပေါင်း များစွာကို ရေးနိုင်မှာ ဖြစ်ပါတယ်။
ဆံပင်တပင်ရဲ့ အဖျားကို ထိပ်ကနေကြည့်ရင်မြင်ရမယ့် နေရာမှာ အက်တမ်နဲ့ စာလုံးရေပေါင်း ၂ သန်းလောက်ရေးနိုင်ပါတယ်။ ဒီလိုရေးဖို့ တိကျတဲ့ ထိန်းချုပ်မှု လိုအပ်ပါတယ်။ အခုလို အက်တမ်နဲ့ စာရေးဖို့ သိပ္ပံပညာရှင်တွေ ကြိုးစားနေကြတာဟာ တကယ်တော့ စာရေးဖို့ အဓိကလုပ်နေတာ မဟုတ်ပါဘူး။ အက်တမ်လို သေးငယ်တဲ့ အဏုမြူမှုန်တွေကို ထိမ်းချုပ်နိုင်အောင် ကျိုးစားကြတာပါ။
လက်ကိုင်ဖုန်းတလုံးတည်းနဲ့ ဖုန်းအဆက်အသွယ်လုပ်လို့ ရသလို ဓါတ်ပုံရိုက်တာ၊ အသံဖမ်းတာ၊ ကွန်ပြူတာ ကြည့်တာလို အလုပ်အတော်များများကို လုပ်နိုင်ပါတယ်။ ဒီအလုပ်တွေလုပ်ဖို့ စက်အသေးလေးတွေကို တီထွင်ပြီး လက်ကိုင်ဖုန်းထဲမှာ ထည့်ထားရတာပါ။ ဒီလိုသေးငယ်တဲ့ စက်ကလေးတွေကို တီထွင်မယ်ဆိုရင် အဲဒီစက်ကလေးတွေကို ကြည့်တဲ့ နည်းပညာ လိုအပ်ပါတယ်။ ဒါတွေကို စမ်းသပ်တဲ့ လေ့လာစူးစမ်းတဲ့ နည်းပညာလိုအပ်ပါတယ်။ ဒီလို နည်းပညာကို နာနိုနည်းပညာလို့ ခေါ်ပြီး သိပ်သေးငယ်တဲ့ အက်တမ်လေးတွေနဲ့ စာလုံးရေးသလို အက်တမ်ကို လိုသလို ချယ်လှယ်နိုင်အောင် ကျိုးစားကြတာဖြစ်ပါတယ်။
သက္ကရာဇ် ၂၀၀၀ တုန်းက ကမ္ဘာတလွှား ထူူးခြားတဲ့ သုတေသန တွေ့ရှိချက် တရာထဲမှာ တခုဖြစ်တဲ့ မော်လီကျုးတွေကို ပထမဆုံး ရွှေ့ပြခဲ့တဲ့ ဒေါက်တာစောဝေလှဟာ အဲဒီအချိန်က ဂျာမနီနိုင်ငံက တက္ကသိုလ်မှာ သုတေသနလုပ်နေပြီး ဒီနည်းပညာကို သုံးခဲ့တာဖြစ်ပါတယ်။
ဒီနာနိုနည်းပညာနဲ့ နောင်မှာ အခုထက် အစွမ်းပိုထက်တဲ့ ပစ္စည်းတွေ ထုတ်လာနိုင်မှာ ဖြစ်သလို ကွန်ပြူတာနည်းပညာ၊ IT နည်းပညာ၊ ဆေးပညာ၊ အလက်ထရောနစ် ဆိုင်ရာလို နည်းပညာတွေလည်း အခုထက်ပိုပြီး တိုးတက်လာမှာ ဖြစ်ပါတယ်။ ဒီလို ငယ်သထက်ငယ်တဲ့ ပစ္စည်းတွေနဲ့ အစွမ်းပိုထက်တဲ့ ပစ္စည်းတွေ ထုတ်လာနိုင်မယ်ဆိုရင် ကမ္ဘာမှာ အခု အလိုအပ်ဆုံးဖြစ်နေတဲ့ စွမ်းအင်ကို ခြွေတာဖို့ပါ လုပ်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။