သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စားလို့ရတဲ့ ဗူးကလေးများ


OOHO စားလို့ရတဲ့ ရေဗူးကလေးများ
OOHO စားလို့ရတဲ့ ရေဗူးကလေးများ
st စားလို့ရတဲ့ ဗူးကလေးများ
please wait

No media source currently available

0:00 0:07:14 0:00
တိုက်ရိုက် လင့်ခ်




ဒီတပတ်တော့ သဘာဝဝန်းကျင် ညစ်ညမ်းမှု အန္တရာယ် လျော့ပါးစေဖို့ တီထွင်လိုက်တဲ့ “အိုးဟို” (Ooho) လို့ နံမယ်ပေးထားတဲ့ စားလို့ရတဲ့ ဗူးလေးတွေ အကြောင်း ရိုက်တားစ် သတင်းတပုဒ်ကို ကိုးကားပြီး ပြောပြပေးမှာပါ။ ဒီဗူးလေးတွေဟာ ပူပေါင်းလို လုံးဝိုင်းပြီး အရည်မျိုးစုံ ထည့်လို့ရပါတယ်။ သူတို့ကို သဘာဝ ပစ္စည်းတွေနဲ့ တီထွင်ထားတာမို့ စားလို့ရတာပါ။

အရည်တွေကို စားလို့ရတဲ့ ဗူးတွေ ထဲထည့်ထားမယ် ဆိုရင် ဒီဗူးတွေကို လွှင့်ပစ်စရာ မလိုတော့ပါဘူး။ အခု ဓါတုပစ္စည်းမပါပဲ သဘာဝပစ္စည်းတွေနဲ့ လုပ်ထားတဲ့ စားလို့ရတဲ့ ဘူးမျိုး ပေါ်နေပါပြီ။ ဘူးလို့ ပြောပေမယ့် သူက ဂျယ်လီလုံးလေး တွေနဲ့တူတဲ့ အရည်လုံး ကလေးတွေပါ။ သူတို့ကို တနေ့မှာ ပလစ်စတစ်ဘူးတွေ အစား သုံးလာနိုင်လိမ့်မယ်လို့ တီထွင်သူတွေက မျှော်လင့် ထားပါတယ်။

အထဲကို ဖေါက်ပြီးမြင်ရတဲ့ အရည်လုံးလေးတွေ ထဲမှာ ရေရိုးရိုးကို ဖြစ်စေ အနံ့အရသာ ထည့်ထားတဲ့ ရေကို ဖြစ်စေ ထည့်နိုင်ပါတယ်။ ဒါ့ကြောင့် လန်ဒန် မြို့တော်မှာ ကြုံနေရတဲ့ ပလပ်စတစ် ရေဘူးပေါင်း များစွာနဲ့ ပြည့်နေတတ်တဲ့ အမှိုက် ပြဿနာကို တနည်းတလမ်းနဲ့ ဖြေရှင်းပေးနိုင်မယ်လို့ ဗြိတိန်နိုင်ငံက တီထွင်ပညာရှင် တွေက ယုံကြည်နေတာပါ။

ဒီဘူးလေးတွေကို ဘာ့ကြောင့် စားလို့ရတာပါလဲ။ လန်ဒန်မှာ အခြေစိုက်တဲ့ Skipping Rocks Lab ဓါတ်ခွဲခန်းလေးကို ထူထောင်ခဲ့တဲ့ ပိသုကာ အင်ဂျင်နီယာ လည်းဖြစ် ဒီဇိုင်းတီထွင်သူလည်း ဖြစ်တဲ့ Rodrigo Garcia Gonzalez က ခုလို ရှင်းပြပါတယ်။

သူ့အခွံက ရေမှော်နဲ့ လုပ်ထားတာတာပါ။ အထဲမှာ ရေဖြစ်ဖြစ် ဘယ်လို အရည်မျိုးပဲ ဖြစ်ဖြစ် ထည့်ထားလို့ ရပါတယ်။ သူက အယ်လ်ဂနိတ် (alginate) လို့ခေါ်တဲ့ အညိုရောင်ရေမှော်ကနေ ထုတ်ထားတာပါ။

Rodrigo ဟာ Kingston တက္ကသိုလ် မှာ Product Design ပညာရပ်ကို သင်ကြားပေးနေသူ တဦးဖြစ်ပါတယ်။ သူ့မှာ မှတ်ပုံတင်ထားတဲ့ ကိုယ်တိုင် တီထွင် ထုတ်လုပ်တဲ့ ပစ္စည်း အတော်များများရှိပါတယ်။ National Dyson Design ဆုအပါအဝင် ဗြိတိသျှနဲ့ ဥရောပ ပိသုကာ ဆိုင်ရာဆု အတော်များများလည်း ရရှိထားသူ ဖြစ်ပါတယ်။

ကျွန်တော်တို့က ရေမှော်ကို ကုန်ကြမ်းအနေနဲ့ စသုံးပါတယ်။ အခုလို အလုံးလေးတွေ ဖြစ်လာဖို့ရော အရည်ထည့် ထားလို့ရအောင် ခံနိုင်ရည် ရှိဖို့ရော လုပ်ခဲ့ရတဲ့ အဆင့်က အတော်များပါတယ်။ အခုတော့ တကယ့်ကို ခိုင်ခိုင်ခန့်ခန့် ဖြစ်လာပါပြီ။ ဒီဘူးလေးတွေက အရည်ထည့်တာကို ခံနိုင်ဖို့လိုသလို တချိန်ထဲမှာပဲ ပါးစပ်ထဲ ရောက်သွားရင် လည်ချောင်းထဲ နင်မနေအောင် ဖန်တီးရတဲ့ အင်ဂျင်နီယာ အလုပ်ပါ။ ဒါကို အထပ် ၂ ထပ် လုပ်နိုင်အောင်လည်း ကျွန်တော်တို့ ကြိုးစားနေပါတယ်။ တကယ်လို့ အိတ်ထဲ ထည့်သယ်သွားမယ်ဆိုရင်လည်း အခွံနွှာပြီး အထဲက အရည်ကို သောက်လို့ရအောင်လုပ်နေတာပါ။

အိုးဟို အရည်လုံးကလေးတွေကို ဗြိတိန်နိုင်ငံ လန်ဒန်နဲ့ အမေရိကန်အနောက်ခြမ်း San Francisco မြို့တွေမှာ အထူးပွဲကျင်းပပြီး နမူနာ ပေးတဲ့အခါမှာ ရေနဲ့အတူ ဘူးကိုပါ တခါထဲ စားလို့ရတာမို့ တအံ့တသြ ဖြစ်ခဲ့ကြသလို သဘာဝ ဝန်းကျင် ထိမ်းသိမ်းရေးအတွက် သိပ်အဖိုးတန် တဲ့ တီထွင်မှုတခုလို့ မှတ်ချက်ပေးကြပါတယ်။ ဟုတ်ပါတယ်။ ဒီဘူးခွံကို မစားပဲ လွှင့်ပစ်မယ်ဆိုရင် သူတို့ဟာ ရေမှော်နဲ့လုပ်ထားတာမို့ သီတင်း ၄ပတ်တာ - တလကနေ တလခွဲလောက်အတွင်း သဘာဝအလျှောက် ပျက်စီးသွားနိုင်တာမို့ပါ။

Skipping Rocks Lab က အိုးဟို ဘူး ထုတ်လုပ်ရေး တာဝန်ခံ တဦးဖြစ်တဲ့ Lise Honsingerကတော့ သူတို့ရဲ့ ဘူးတွေဟာ သဘာဝ ဝန်းကျင် မှာ သန့်ရှင်းအောင် အကူညီပေးနိုင်တဲ့ တယ်လို့ပြောပါတယ်။

"ရေဘူး တဘူးဆိုရင် လူအများစုအတွက်က သူတို့လက်ထဲမှာ၅ မိနစ်လောက်ပဲ ထားတာပါ။ သောက်ပြီးလွှင့်ပစ်လိုက်ကြတာပါပဲ။ အဲဒီပလပ်စတစ်ဘူးက နောင် အနှစ် ၇၀၀ လောက်အထိ ပျောက်မသွားဘူးလေ။ ဒီတော့ ဒါကို အဖြေရှာဖို့လုပ်တဲ့အခါ ခု ကျမတို့ လုပ်တာက ဝန်းကျင်အတွက် အသန့်ရှင်းဆုံးပဲ။ ပလပ်စတိတ်ထဲ ထည့်ထားတာ ကို မမြင်ချင်တော့ အခုလို အရည်ထည့်တဲ့နည်းဆို အရည်ကို အရည်အတိုင်းသောက်တဲ့ သဘောပါ။”

လန်ဒန်က သိမ်းမြစ်တလျှောက် ပြီးခဲ့တဲ့ နှ့စ်တုန်းက စစ်တမ်းကောက်ခဲ့ရာမှာ တလအတွင်း သိမ်းဆည်းနေရတဲ့ ပလပ်စတိတ် ဘူးခွံက ၄ ထောင်ကျော် လောက် ရှိနေတယ်လို့ လန်ဒန် မြူနီစပယ်ရုံးက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ဒါကြောင့် Rodrigo တို့အဖွဲ့က ဧပြီလဆန်းမှာ သူတို့တီထွင်ထားတဲ့ အိုးဟို အရည်လုံးလေးတွေကို မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ လွှတ်တော် သဘာဝ ဝန်းကျင် ကော်မတီ ဥက္ကဌ Leonie Cooper ကတော့ ဒါဟာ ဝန်းကျင် ညစ်ညမ်းမှုအတွက် အဖြေရှာနေတဲ့အထဲက ကောင်းတဲ့ တခုဖြစ်ပေမယ့် ဒါနဲ့ပဲ အဖြေရပြီ ဆိုတာမျိုးတော့ မဟုတ်သေးဘူးလို့ ပြောပါတယ်။ ရထားဘူတာတွေလို လူအများသွားလာတဲ့ နေရာမျိုးတွေ အတွက် ရေပြန်ပြီး ဖြည့် ပေးနိုင်တဲ့ ဘူးမျိုးတွေ လိုနေသေးတယ်လို့ ဆိုပါတယ်။ Rodrigo ကတော့ သူ့ဘူးက တခါသုံး ပုံစံပဲ ဖြစ်နေသေးတယ်လို့ ပြော ပါတယ်။

"နှစ်တိုင်းလိုလို ကြည့်မယ် ဆိုရင် တနှစ်ထက် တနှစ် ပလပ်စတစ် ကိုသုံးတာ ၁၀ % လောက် ပိုပိုလာတာ တွေ့ရပါတယ်။ အခု ကျွန်တော်တို့ ရဲ့ ပစ္စည်းက နောင်လာမယ့် ဆယ်စုနှစ် တွေလောက်မှာပဲ လူတွေ နေ့တိုင်းသုံးတဲ့ ပစ္စည်းတမျိုး ဖြစ်လာဖို့ ရှိပါတယ်။ အရည်တွေ သောက်တဲ့အခါ အထူးသဖြင့်ရေကို သောက်ကြမယ် ဆိုရင် ဒီလိုပုံစံမျိုး ဖြစ်လာဖို့ ရှိပါတယ်။ ဒီ အိုးဟို Ooho ဟာ ပလပ်စတစ်ဘူး အားလုံးအတွက်၊ ဥပမာ ပြန်ပြီးဖြည့်လို့ရတဲ့ ဘူးမျိုးနေရာမှာတော့ အစားထိုးနိုင်မယ် မထင်ဘူး။ ဒါပေမယ့် ခဏလေးသုံးမယ့် ဘူးမျိုး အတွက်ဆိုရင်တော့ ဒါက အကောင်းဆုံး ဖြစ်မှာ သေချာပါတယ်။”

Skipping Rocks ဟာ အိုးဟိုကို ထွင်နိုင်ဖို့ အချိန် ၃ နှစ် ယူခဲ့ရတာပါ။ ခုအခါ တနေ့ကို ဘူး ၂၀၀၀ လောက်ပဲ ထုတ်နိုင်သေးတာ ဖြစ်ပြီး ခုထက် ပိုကောင်းအောင် ကြိုးစားနေတယ်လို့ Lise ကပြောပါတယ်။

"အခုလောလောဆယ်မှာ ထုတ်နေတဲ့ ပုံစံက စက်ကိုပဲ လုံးဝသုံးတာမျိုး မဟုတ်သေးပါဘူး။ စက်နဲ့ လုပ်ပေမယ့် လူက လိုက်လုပ်နေရတာ များပါတယ်။ ဒါ့ကြောင့် တနေ့ကို အရည်လုံး တထောင်ကနေ ၂ ထောင်လောက် အထိပဲ ထုတ်နိုင်ပါသေးတယ်။ တကယ်လို့ စက်နဲ့ချည်းပဲ လုပ်လာနိုင်မယ် ဆိုရင်တော့ တနေ့ကို တသိန်းလောက် ထုတ်လာနိုင်မှာပါ။”

သူတို့ကုမ္ဗဏီက စားသုံးသူ ပရိတ်သတ် အမျိုးမျိုးအတွက် စဉ်းစားပြီး ထုတ်ဖို့လုပ်နေပါတယ်။ ဒီအထဲမှာ အပြေးပြိုင်ပွဲလို ပွဲမျိုးတွေမှာ ပလပ်စတိတ် ရေဘူးဟောင်း ပြဿနာက သိပ်ကြီးမားနေတာမို့ ဒါကိုပါ အဓိက ဦးစားပေးသလို ရေရှည်ခံမယ့် ဆိုင်ပေါ်တင် ရောင်းနိုင်မယ့် အနေထားထိပါ ရောက်ဖို့ လုပ်နေကြတာ ဖြစ်ပါတယ်။

"ကျမတို့ရဲ့ အိုးဟိုဘူးတွေကို ဆိုင်ပေါ်တင် ရောင်းနိုင်အောင် အထူ အပါး ပုံစံ အမျိုးမျိုးနဲ့ လုပ်နိုင်ဖို့ ကြိုးစားနေတုန်းပါပဲ။ တကယ်လို့ ရေရောဘူးရော တခုလုံးကို ဝါးစားပစ်ချင် လာတဲ့ မာရသွန် ပြေးပွဲလို နေရာမျိုးအတွက် ဆိုရင်တော့ အခုလို ပုံစံကိုပဲ ပိုကောင်းအောင် ထွင်ဖို့ လုပ်ရမှာပါ။”

Skipping Rocks Lab က အိုးဟိုဘူးတွေကို ပုံစံအမျိုးမျိုးနဲ့ ထုတ်နိုင်ဖို့ စဉ်းစားနေကြသလို ဒီဘူးတွေထဲ အရက် အပါအဝင် အရည်အမျိုးမျိုးကို ထည့်နိုင်ဖို့လည်း ကြိုးစားနေကြပါတယ်။ EIT ဥရောပ တီထွင်မှုနဲ့ နည်းပညာတက္ကသိုလ် က Climate KIC အစီအစဉ်ရဲ့ အစိတ်အပိုင်း တခု ဖြစ်တဲ့ Skipping Rocks Lab ဟာ ၂၀၁၄ ခုနှစ်မှာ သဘာဝ ဝန်းကျင်ဆိုင်ရာ နိုင်ငံတကာ နည်းပညာဆုကို ရခဲ့သလို ၂၀၁၅ မှာ SEA (Sustainable Entrepreneurship Award) ဆုနဲ့ ၂၀၁၆ မှာ UK Energy Globe ဆုတွေကို ရခဲ့ပါတယ် ဆိုတာ တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

XS
SM
MD
LG