သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပန်းတောင်းဒေသ ဓာတုအဆိပ်သင့်မှုများ


မသန့်ရှင်းတဲ့ရေသုံးစွဲနေရတဲ့ လက်ပံတောင်းတောင် ဒေသခံများ
မသန့်ရှင်းတဲ့ရေသုံးစွဲနေရတဲ့ လက်ပံတောင်းတောင် ဒေသခံများ

မုံရွာခရိုင် ဆားလင်းကြီး မြို့နယ်ထဲက လက်ပတောင်း တောင်စဉ်တွေမှာ လက်ရှိ ရွှေ၊ ငွေ၊ ကြေးသတ္တုတွေ တူးဖေါ်မှုတွေကနေ မြေပြင်မှာသာမက ဝန်းကျင်လေထုရော သောက်သုံးရေတွေမှာပါ ဘယ်လို ဓါတုအဆိပ် သင့်နိုင်ချေတွေ ရှိနေတယ် ဆိုတာကို ဓါတုဗေဒ ပညာရှင် ဒေါက်တာခင်မောင်ညိုက ပြောပြပေးမှာပါ။

သတ္တုတူးရင် အန္တရာယ်က လေထုရယ်၊ မြေရယ် ရေရယ်ပေါ့ ၃ နေရာဖြစ်တယ်။ ဒီထဲမှာ သတ္တုတူးဖေါ်လိုက်တိုင်း အောက်ကနေ ပစ္စည်းတွေကို အပေါ်တင်လိုက်တော့ expose မြေပေါ်ရောက်လာတဲ့ အခါ ပထမဆုံး အန္တရာယ်ဖြစ်တယ်။ ဒုတိယအချက်က သူ့ကို ပါဝင်မှုပိုများလာအောင် (concentrated) လုပ်ရင် လုပ်တာနဲ့ တပြိုင်ထဲ အက်စစ်တွေ သုံးရတယ်။ အက်စစ်တွေ သုံးရင် တိုက်စားဖျော်ထုတ် (leach) တာတွေ ဖြစ်ပြီးတော့ ဆင်းသွားတဲ့ သတ္တုတွေနဲ့ အတူ အက်စစ်တွေက မြေကြီးထဲကို ရောက်သွားတယ်။
မြေကြီးထဲရောက်သွားရင် နောက်ထပ်တဆင့် ဆာလ်ဖာ (Sulfur)တွေ ဘာတွေနဲ့ တွေ့ရင် နောက်ထပ်အက်စစ် လည်း ဖြစ်နိုင်ပါသေးတယ်။ အဲဒီ အက်စစ်တွေ ရှိသမျှဟာ မြေကြီးထဲမှာ ကျွန်တော်တို့ chemical ဓါတုပစ္စည်းတွေက အမျိုး ၂၀ နဲ့ ၄၀ ကြားမှာ ရှိတယ်။ အဲဒီ chemical တွေ အထူးသဖြင့် သတ္တု heavy metals တွေနဲ့ တွေ့ရင် သူတို့ကို ဖျော်ပြီးတော့ ရေတွေ မြေကြီးထဲမှာလည်း ရှိတယ်။ အပင်တွေကလည်း စုပ်ယူနိုင်ပြီးတဲ့ အခြေအနေတွေ ရောက်ကုန်ကြတယ်။ လေထဲကိုလည်း ပျံသွားကြတယ်။ ဒီ ၃ ချက်ကြောင့် အနားပါတ်ဝန်းကျင်က အများကြီး ပျက်စီးတယ်။

heavy metals ဆိုတာ သိပ်သည်းဆများပြီး ပမာဏနဲနဲနဲ့ လူကို အန္တရာယ်ပေးနိုင်တဲ့ မာကျူရီ Mercury လို့ခေါ်တဲ့ ပြဒါး လက်ဒ် Lead လို့ခေါ်တဲ့ ခဲသတ္တု နဲ့ အာဆင်းနစ် (Arsenic) လို့ခေါ်တဲ့ စိန်အဆိပ်တွေလိုမျိုး ဓါတုပစ္စည်းတွေပါ။ ဒီဓါတုပစ္စည်းတွေဟာ လက်ပတောင်း တောင်ဒေသမှာ အန္တရာယ် ဖြစ်လာနိုင်တဲ့ အဆင့်ကို ဘယ်လို ပုံစံနဲ့ ရောက်လာတယ် ဆိုတာကို ကြည့်ရအောင်ပါ။

ဒီ heavy metals တွေက သူ့ဟာသူ မြေကြီးထဲမှာ ဒီအတိုင်းနေရင် ဘာမှ မဖြစ်ဘူး။ ဒါပေမယ့် အက်စစ်နဲ့ ထိတွေ့သွားတယ် ဆိုရင် သူက ရေထဲရောက်သွားရင် သူက (parts per million) ppm ပမာဏ- တသန်းပုံ ပုံရင်ရှိတဲ့ ပမာဏ တောင်မှ ဒုက္ခပေးနိုင်တယ်။ အဲဒီတော့ လူနေ အိမ်ခြေနဲ့ သတ္တုတွင်းနဲ့ နီးရင် expose ဖြစ် (အဲဒီသတ္တုတွေလူနဲ့ ထိတွေ့) သွားနိုင်တယ်။ expose ဖြစ်ရင် ကျန်းမာရေးအတွက် အန္တရာယ် အများကြီး ရှိနိုင်တယ်။

အဲဒီ ထုတ်လုပ်တဲ့ ရရှိတဲ့ သတ္တုရိုင်း (ore) တွေကိုလည်း သူတို့က တောင်စောင်းမှာ ပလပ်စတစ်တွေ အထပ်ထပ်ခံပြီးမှ အပေါ်မှာ တင်ထားတယ်။ ပြီးတော့ တညလုံး အက်စစ်ဖြန်းတယ်။ အက်စစ်ဖြန်းတော့ အဲဒီအက်စစ်ကနေ ကျလာတဲ့ အရည်ကိုတော့ ပြန်ခံယူတာပေါ့လေ။ ပြန်ခံယူတဲ့ အခြေနေမှာပဲ တချို့က အငွေ့ပျံသွားတယ်။ တချို့လည်း ဘေးဖိတ်တာ ရှိမှာပေါ့။ နှင်းတွေ ဘာတွေ ကျလာမယ် ဆိုရင်လည်း သူက ပါသွားတာပေါ့။ ညဘက် ပျံသွားတဲ့ ငှက်တွေတောင်မှ ပြုတ်ကျ သေတယ် ဆိုတော့၊ အပေါ်မှာ အက်စစ်တွေ အများကြီး တက်တယ်လေ။ အဲဒီ အက်စစ်တွေက နှင်းငွေ့တွေ၊ မိုးငွေ့တွေနဲ့ ပေါင်းပြီး ပါလာပြီဆိုရင် စိုက်ခင်းတွေကျရင် နှင်းခါးရိုက်တယ် ဆိုတာ အဲဒါ အက်စစ်မိုးတွေ သွားဖြစ်နေတာ ရှိတာပေါ့။

အခုအခြေနေမှာ လက်ပန်တောင်းတောင်၊ ကြေးစင်တောင်၊ စပယ်တောင်တွေဟာ ရွာ ၄၄ ရွာလောက်နဲ့ တော်တော်နီးကပ်နေတယ်။ ရွာတွေနဲ့ အရမ်းနီးကပ်နေတော့ အခက်အခဲက ဘာလဲဆိုရင် ဟိုမှာ ဟိုမှာ မြစ်နဲ့လည်းနီးတယ်၊ တောင်သူတွေကလည်း စိုက်ပျိုးနေတယ်။ လူတွေကလည်း နေတယ်။ ကလေးတွေကလည်း အများကြီး။ အဲဒီတော့ သူတို့ ဒီလိုမျိုး ပြဿနာတွေ အများကြီး ဖြစ်နိုင်စရာ အကြောင်း ရှိတယ်။

heavy metals တွေရဲ့ အန္တရာယ် ဘယ်လို လက်တွေ့ မြင်နေရပါသလဲ။

ကျွန်တော်တို့ သိသလောက်တော့ သတ္တု တွေက ဓါတုပစ္စည်း chemicals တွေက ကိုယ်ခန္ဓာထဲရောက်ရင် heavy metals ဆိုရင်တော့ ပြန်မထွက်တော့ဘူးပေါ့။ သူကများလာ သမျှ ကာလပါတ်လုံးက တဖြေးဖြေး ဦးနှောက်မှာ သွားပြီးတော့ သက်ရောက်မှု ရှိတယ်။ ကလေးတွေဆိုရင် ဦးနှောက်က ကိုယ်အလေးချိန် (body weigh) အလိုက်ဆို သေးတာကိုး။ သူတို့မှာ အရင် စဖြစ်တယ်လေ။ တလောကပဲ ကလေး ၄ ယောက်မှာ ကြည့်လိုက်တော့ cerebral palsy ၃ ယောက်မှာ ဖြစ်တယ်။ cerebral palsy ဆိုတာက လေဖြတ်တာ ပေါ့လေ။ ဦးနှောက်လေဖြတ်တာ။ နောက်တော့ စရီဘရယ် ကျူးမား (cerebral tumor) ဆိုတာ အကျိတ်ဖြစ်တာပဲ။ သူက ဦးနှောက်တွေကို သွားသွားပြီးတော့ ထိခိုက်တယ်။

ကျွန်တော်တို့ သွားတွေ့တဲ့ လူတွေကလည်း တချို့ အဲဒီမှာ ကင်ဆာ လိုမျိုး ရောဂါတွေ ဖြစ်တယ်။ သောက်သုံးရေ ကလည်း မလုံလောက်ဘူး။ အဲဒီက ရေပဲ ချက်မယ် သုံးမယ် ဆိုရင် သူတို့က အဆင်ပြေမယ် ထင်ကြတယ်။ တကယ့်တကယ်က အဆင်မပြေဘူး။ ဖျားနာရောဂါတွေ အများကြီး ဖြစ်ကြတယ်။

ဒေသခံတွေ သောက်သုံးနေတဲ့ သောက်သုံးရေတွေရဲ့ အနေအထားကို ကြည့်ကြရအောင်ပါ။

အဲဒီရွာမှာ တချို့လူကတော့ ရေကို အဝေးကြီးက သွားခပ်ရပါတယ်။ တချို့လူကတော့ ရေကို အဲဒီနားမှာပဲ ခပ်တယ်။ အဲဒါ ကြေးရောင်ထွက်နေတာပေါ့။ ကြေး ရောင် ဆိုတာက အနီရောင် မဟုတ်ဘူး။ ဒုတ္ထာရောင် တွေ ထွက်လာတာ။ အဲ ရေတချို့ကလည်း အဲဒီနားမှာ နောက်ကျိနေတယ်။ အဲဒီရေတွေပဲ သူတို့ သုံးကြတယ်။ ယမားချောင်း လို့ခေါ်တဲ့ချောင်းက၊ လက်တက်ကနေ ထွက်တဲ့ ရေတွေပေါ့။ သုံးကြတယ်။ အဲဒီမှာလည်း ကြေးစင်တောင်ကနေ ထွက်လာတာတွေ ထွက်လာတဲ့ ပစ္စည်းတွေက ပါနေတယ်လို့ ယူဆရတယ်။

ဒီဒေသအတွက် အဆိပ်သင့်တဲ့ အနေအထားကို စံနစ်တကျ မှတ်တမ်းတင်ထားတာမျိုး မရှိသေးပါဘူး။

အဲဒီ ကျွန်တော်တို့ သွားတဲ့ နေရာ တုံရွာမှာရှိတယ်။ နောက် အက်စစ်တွေ ရှိတဲ့ရွာမှာ၊ အက်ဆစ်တွေကို အဲဒီမှာ manufacture လုပ်တာပေါ့၊ အက်စစ်တွေ ထုတ်လုပ်တဲ့ ရွာတွေမှာလည်း ရှိတယ်။ အဲဒီရွာတွေမှာ ကလေးတွေက ထိခိုက်မှု ပိုရှိတယ်လို့ ပြောတယ်။ နောက် ကိုယ်ဝန်ဆောင် တွေကလည်း ကိုယ်ဝန်ပျက်တယ်လို့ ဆိုတယ်။ နောက်တော့ ကင်ဆာရောကြောင့်လည်း သေဆုံးတယ်လို့ ပြောတယ်။
ဒါပေမယ့် ကျွန်တော်တို့မှာက statistic စာရင်း အရေအတွက် ပြုစုထားတာမှ မရှိပဲ။ အတိအကျ ဘယ်သူမှ လိုက်ထားတာ မရှိတော့လေ။ သူတို့လည်း မပြောရဲတာ ရှိတာပေါ့။

သတ္တုတူးဖေါ်မှုတွေ ကနေ ဓါတုအဆိပ်သင့်မှုတွေ မဖြစ်ပွါးအောင် ကာကွယ်ဖို့ အတွက် နိုင်ငံတကာမှာ ကျိုးစားလာကြတာဟာ ဂျပန်နိုင်ငံမှာ heavy metal တမျိုးဖြစ်တဲ့ ပြဒါး အဆိပ်သင့်တဲ့ ပြဿနာက စခဲ့တာပါ။

ဂျပန်မှာ မိနာ့မာတာ ရောဂါရတယ် ဆိုတာ၊ သူတို့က အဲဒီဒေသမှာ ပလပ်စတစ်ထုတ်တော့ မာကျူရီကို catalyst အနေနဲ့ သုံးလိုက်တာ။ အဲဒီ ဓါတ်ပြုအကူပစ္စည်း အဖြစ် သုံးလိုက်တဲ့ မာကျူရီတွေက ပင်လယ်ထဲရောက်သွားပြီးတော့ အနဲရိုးဘစ် ဘက်တီးရီးယားက စားပြီးတော့ မီသိုင်းမာကျူရီတွေ ဖြစ်တယ်။ အဲဒီပင်လယ်အောက်မှာ ရေမှော်တွေက ရှင်သန်လာတယ်။ ရေမှော်တွေကို ငါးတွေက စားတယ်။ ငါးတွေကို လူတွေစားတော့ ပထမ ကြောင်ကိုလည်း ကျွေးတော့၊ ကြောင်ဦးနှောက်က အရမ်းသေးတော့ ကြောင်တွေမှာ ပထမဆုံး ရောဂါဖြစ်တာပေါ့။

ဒီ ကြောင်ရူးရောဂါ ဆိုပြီးတော့၊ ကြောင်တွေက ကပြီးတော့ ရေထဲခုန်ချ၊ အဲဒါ cat dancing disease ကြောင်ကတဲ့ ရောဂါဆိုပြီးတော့ ခေါ်တယ်။ နောက် ဖြစ်လာလိုက်တဲ့ ရောဂါတွေက သွက်ချာပါဒကော၊ ဦးနှောက်မှာ ဖြစ်ရင် သူက သွက်ချာပါဒဖြစ်တာပဲလေ။ သူက လက်တွေကောက်၊ ခြေတွေ ကောက်၊ စကားမပြောနိုင်၊ မျက်နှာတွေရွဲ့၊ အဲဒါကို ဝဋ်နာကံနာ ဆိုပြီးတော့၊ လူတွေရဲ့ စိတ်ကစွဲနေတာ mind set ကတော့ မပျောက်သေးဘူးပေါ့။ အဲဒီအရပ်က လူဆိုရင် ဘယ်သူကမှ အိမ်ထောင်မပြု ချင်ဘူးပေါ။ အဲလောက်အထိ ဆိုးဝါးတယ်။ ကျွန်တော်တို့ တော်ကြာ လက်ပတောင်းတောင် ဒေသက လူဆိုရင် အဲလိုမျိုး ပြဿနာ အများကြီး ဖြစ်နိုင်စရာ အကြောင်း ရှိတာပေါ့။


ဓါတုဗေဒ ပညာရှင် ဒေါက်တာ ခင်မောင်ညို ရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပါတ်အတွက် သိပံနဲ့ နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားပါရစေ။
XS
SM
MD
LG