သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံရဲ့ အန္တရာယ် အပိုင်း (၁)


Danger of Coal Plant (Green Peace)
Danger of Coal Plant (Green Peace)

မြန်မာနိုင်ငံ မြို့ကြီး ၆ မြို့ရဲ့ လေထု အခြေနေက လေထုညစ်ညမ်းမှုမှာ နံမယ်ကြီးတဲ့ တရုတ်နိုင်ငံ ဘေဂျင်းမြို့ထက် ဆယ်ဆ ပိုများနေချိန်မှာပဲ ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံတွေ ထပ်တည်ဖို့ စီစဉ်နေတာမို့ ဒီတပတ်တော့ ဒီစက်ရုံတွေရဲ့ အန္တရာယ်တွေ အကြောင်း ပြောပြပေးမှာပါ။

တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာ ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံတွေ တည်ဆောက်ဖို့ လုပ်နေ တာဟာ လာမယ့် ဆယ်စုနှစ်တွေ အတွင်း ဒေသခံ ၂ သိန်းခွဲကျော်ရဲ့ အသက်ကို ဆုံးရှုံးစေ နိုင်တယ် လို့ မေလဆန်းမှာပဲ Harvard တက္ကသိုလ်နဲ့ Greenpeace သဘာဝ ဝန်းကျင် ထိမ်းသိမ်းရေး အဖွဲ့က သူတို့ရရှိထားတဲ့ စစ်တမ်းအထောက် အထားတွေ နဲ့ ပြောခဲ့ ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ လေထု ညစ်ညမ်းမှုအခြေနေဟာ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ မှတ်တမ်းအရ မြို့ကြီး ၆ မြို့ကို တိုင်းတာကြည့်တဲ့ အခါ လေထုညစ်ညမ်းမှုမှာ နံမယ်ကြီးတဲ့ တရုတ်နိုင်ငံ ဘေဂျင်းမြို့ထက် microscopic particles - PM လို့ ခေါ်တဲ့ အန္တရာယ်ပေးနိုင်တဲ့ အဏုမြူ ပမာဏရှိတဲ့ အမှုန်အမွှားတွေ ဆယ်ဆ ပိုများနေတယ် ဆိုတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် လက်ရှိမှာ ကျောက်မီးသွေး သုံး ဓါတ်အားပေး စက်ရုံ ၂ ခုနဲ့ နောက်ထပ် ၈ ခု ထပ်ပြီး ဆောက်ဖို့ လုပ်နေတာတွေ ကနေ စက်ရုံ လည် ပတ်မယ့် သက်တမ်း ၄၀ အတွင်း အချိန်မတိုင်မီ သေဆုံးသူ ၇၀၀၀ ကျော်အပါအဝင် လူပေါင်း ၂ သိန်း ၈ သောင်း လောက် သေဆုံးဖို့ များတယ်လို့ Greenpeace အဖွဲ့က တွက်ချက်ထားပါတယ်။

ဘာ့ကြောင့် ဒီလောက် အန္တရာယ်များတယ်လို့ ပြောနိုင်တာ ပါလဲ။ အမေရိကန်နိုင်ငံ Texas ပြည်နယ်က သဘာဝဝန်းကျင် အင်ဂျင်နီယာ ဒေါ်အေးအေးကြည်က အခုလို ရှင်းပြပါတယ်။

ကျောက်မီးသွေးကို လောင်စာ အဖြစ်သုံးပြီး လျှပ်စစ်ထုတ်တာက ကာဗွန်ဒိုင်အောက်ဆိုက် တခုထဲ မဟုတ်ဖူး တခြားညစ်ညမ်းတဲ့ အရာတွေ အများကြီးထွက်တယ်။ အဓိက အကြောင်းကတော့ ကျောက်မီးသွေးက တွင်းထွက် တခုဖြစ်တော့ ပထမအချက်က သူကိုယ်တိုင်က လောင်ကျွမ်းမှုမှာ သိပ်ပြီးတော့ ပြည့်ပြည့်ဝဝ မလောင်ကျွမ်းနိုင်ဘူး။ လောင်ကျွမ်းအောင် အများကြီး ရှို့ရတယ်။ အဲဒီလို အများကြီး ရှို့တဲ့ အခါကျတော့ သူက အမှုန်တွေ အများကြီး ထွက်တယ်။ ထွက်တဲ့ အမှုန်တွေ ထဲမှာ သူက ဟိုးမြေအောက်ထဲက ဆိုတော့ လူကို အန္တရာယ် ဖြစ်စေတဲ့ အရာတွေ အများကြီး ပါတယ်။

လူဦးရေ တသိန်း ၄ သောင်းလောက်ကို မီးပေးနိုင်တဲ့ မီဂါဝပ် ၅၀၀ ထုတ် ကျောက်မီးသွေး ဓါတ်အားပေး စက်ရုံ တရုံကနေ ထွက်တဲ့ ဝန်းကျင် ညစ်ညမ်းစေတဲ့ အရာတွေနဲ့ သူတို့က ပေးနိုင်တဲ့ အန္တရာယ် အတိုင်းအတာကို ကြည့်ရအောင်ပါ။

၅၀၀ မီဂါဝပ်လောက် ဓါတ်အားပေးနိုင်တဲ့ စက်ရုံတရုံကို ကျောက်မီးသွေးနဲ့ ပေးဖို့ ဆောက်မယ် ဆိုရင် ၂ မီလျံတန် လောက်ရှိတဲ့ ကျောက်မီးသွေးကို မီးရှို့ရမယ်။ သူကနေ ထွက်လာမယ့် ကာဗွန်ဒိုင်အောက်ဆိုက်က ၃.၇ ဘီလျံ တန်ချိန် ရှိတယ်။ အများကြီးထွက်တယ်။ ထွက်လာတဲ့ ဆာလ်ဖာ ဒိုင်အောက်ဆိုက်ကလည်း တန် တသောင်းလောက် ထွက်တယ်။ အဲဒီ ဆာလ်ဖာဒိုင်အောက်ဆိုက်က အက်ဆစ်မိုးဖြစ်စေတယ်။ အဲဒီ အက်ဆစ်မိုးက သစ်တောတွေ၊ ရေကန်တွေ၊ အဆောက် အဦးတွေကို ပျက်စေတယ်။

ဒါ့အပြင် နိုက်ထရိုဂျင် အောက်ဆိုက်ကလည်း တန် တသောင်း ၂ ရာလောက် ထွက်တယ်။ အဲဒီ နိုက်ထရိုဂျင် အောက်ဆိုက်က မီးခိုးမြူ လို့ခေါ်တဲ့ smog ဖြစ်စေတယ်။ အဲဒီမီးခိုးမြူကလည်း နောက်တခါထပ်ပြီး အက်ဆစ်မိုးကို ဖြစ်စေတယ်။ နောက်တခါ အင်မတန် သေးမွှားတဲ့ အမှုန်လေးတွေ ပေါ့နော်။ အဲဒါကလည်း တန် ၅၀၀ လောက် ထွက်တယ်။ သူကလည်း ကျန်းမာရေးကို ထိခိုက်စေတယ်။ ဘာလို့လည်း ဆိုတော့ သူက အဆုတ်ကို ပျက်စီးစေတယ်။ နောက်တခါသူက ဟိုက်ဒရို ကာဗွန်လို့ခေါ်တဲ့ ဟိုက်ဒရိုဂျင်နဲ့ ကာဗွန် မော်လီကျူးတွေ ရှိတဲ့ ဟိုက်ဒရို ကာဗွန်က တန် ၂၂၀ လောက် ထွက်တယ်။ ဘာလို့ ထွက်တာလဲ ဆိုတော့ သူက တွင်းထွက် ရုပ်ကြွင်း လောင်စာ ဖြစ်တဲ့ အတွက်ကြောင့် မီးရှို့လို့ ရှိရင် အကုန်လုံး သေချာ မလောင်နိုင်တဲ့အတွက် မလောင်တဲ့ ဟာတွေက လေထဲရောက်သွားလို့ အဲဒါဖြစ်တယ်။ ဒီဟိုက်ဒရိုကာဗွန် တွေကလည်း smog လို့ခေါ်တဲ့ မီးခိုးမြူ တွေ ဖြစ်စေတယ်။

တခါ ကာဗွန်မိုနောက်ဆိုက်ကလည်း တန် ၇၂၀ လောက် ထွက်တယ်။ ဒီ ကာဗွန်မိုနောက်ဆိုက်ကလည်း အဆိပ်ရှိတဲ့ ဓါတ်ငွေ့ဖြစ်တယ်။ ဒါတင် မကသေးဘူး သူက မီး လောင်တဲ့ အခါမှာလည်း ပြာက တန်ချိန် တသိန်း ၂ သောင်း ၅ ထောင် ထွက်တယ်။ အဲဒီ ပြာတွေကို လေဝဲပြာတွေလို့ ခေါ်တယ်။ တချို့ပြာတွေက လေးတာတွေက အောက်ထဲကို သူကျသွားတယ်။ မလေးတာတွေက မီးခိုး ခေါင်းတိုင်ကနေ ထွက်တယ်။

ထို့အတူ ထွက်လာမယ့် ဆာလ်ဖာ ဒိုင်အောက်ဆိုက်တို့ ဘာတို့ကို လေထုထဲ မရောက်အောင် ဖမ်းဖို့ ဆိုရင် ထုံးကျောက်ကို အမှုန့်ချေပြီးတော့ ရေနဲ့ရောပြီး အဲဒီက မီးခိုးတွေထဲကို ဖြတ်ရတယ်။ အဲဒီမှာ အရည်ပြစ်တွေ ဖြစ်နေပြီး ဒီအရည်ပြစ်တွေက ဘယ်လောက် ရသလဲ ဆိုတော့ တန် တသိန်း ၉ သောင်း ၃ ထောင်လောက် ထွက်တယ်။ အဲဒါတွေဟာ အစိုင်အခဲ အညစ်အကြေး ဖြစ်တယ်။ နောက်ပြီး အဲဒီလို ဖြစ်တဲ့ ပြာတွေ အနည်အနှစ်တွေမှာ ကျောက်မီးသွေး ပြာလည်း ပါမယ်။ ထုံးကျောက်လည်း ပါမယ်။ နောက်ပြီး မကောင်းတဲ့ အညစ်အကြေးတွေ၊ အထူးသဖြင့် လေးလံတဲ့ သတ္တုတွေ ဖြစ်တဲ့ ခဲတို့၊ မာကျူရီလို့ ခေါ်တဲ့ ပြဒါးတို့ ဖြစ်တယ်။ မာကျူရီ ဆိုလို့ ရှိရင် အဆိပ်ရှိတယ်။ ဒါ့အပြင် အဲဒီ ထဲမှာလည်း အာဆင်းနစ်ကလည်း ၁၁၅ ပေါင်လောက် ထွက်နိုင်တယ်။ ခဲကလည်း ၁၁၄ ပေါင်လောက် ထွက်နိုင်တယ်။ နောက် ကက်ဒမီယမ် Cadmium ကလည်း ၄ ပေါင်လောက် ထွက်တယ်၊ နောက်ပြီး တခြား အဆိပ်ရှိတဲ့ လေးလံတဲ့ သတ္တုတွေ၊ အထူူးသဖြင့် ပြဒါး၊ ပြဒါးက မွေးရာပါ ချို့ယွင်းချက်တွေ ဖြစ်စေတယ်။ ဦးနှောက်ကိုလည်း ပျက်စေတယ်။ နောက် တခြားရောဂါတွေလည်း ဖြစ်စေတယ်။ နောက်ပြီးတော့လည်း အက်ဆစ်မိုး ရွာတဲ့ အခါမှာ အဲဒီ အက်ဆစ်မိုးက ကျောက်တုန်းတွေထဲက မာကျူရီထွက်လာအောင် လုပ်ပေးနိုင်တယ်။ အဲဒီပြဒါးကို သတ္တဝါ အကောင်သေးလေးတွေ စားလိုက်ရင် မာကျူရီက သဘာဝ ဓါတ်ပြောင်းသွားနိုင်ပြီး အဲဒါက အင်မတန်မှ အဆိပ်ပြင်းတယ်။ ဒါ့အပြင် ယူရေနီယံတို့လည်း နဲနဲလေး ထွက်တယ်။

ကျောက်မီးသွေး သုံး ဓါတ်အားပေး စက်ရုံကနေ အခုလို လူကို အန္တရာယ် ပေးနိုင်တဲ့ ဓါတု ပစ္စည်းတွေထွက်လာ နိုင်ရုံတင် မကပါဘူး၊ ဒီစက်ရုံ လည်ပတ်ရာက ထွက်လာတဲ့ အပူဓါတ်ကို ထိမ်းပေး ဖို့ လုပ်ဆောင်ရာမှာလည်း ဘေးထွက် ဆိုးကျိုးတွေ ရှိနေပါတယ်။

ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံတွေမှာ ကြီးမားတဲ့ ဓါတ်အားတွေ ထုတ်ရတဲ့ အတွက်ကြောင့် အပူဓါတ်က ထွက်လာပါတယ်။ အဲဒီအပူဓါတ်ကို အေးအောင် ရေနဲ့ အအေးခံရတယ်။ အဲဒီရေတွေကို တနေရာကနေ ယူရတယ်။ များသောအားဖြင့် မြစ်တို့ ချောင်းတို့ ပင်လယ်တို့ကနေ ယူရတယ်။ အဲဒါကို အေးအောင် အအေးခံပြီး နဂိုယူတဲ့ မြစ်တို့ ချောင်းတို့ ပင်လယ်တို့ထဲကို ပြန်ပို့ရတယ်။ အဲဒီလို ပို့တဲ့ အခါမှာ အဲဒီနေရာတွေမှာ ရေဟာ နဂိုအပူချိန်ထက် ၁၆ ဒီဂရီ ဖာရင်ဟိုက်လောက် ပိုမြင့်သွားပြီး ပူသွားတယ်။

ကျောက်မီးသွေး စက်ရုံက တနှစ်လုံးလည်မယ် ဆိုရင် သူက တနှစ်လုံး ပူနေမှာပဲ။ အဲဒီလိုပူမယ် ဆိုရင် ရေထဲမှာ နေနိုင်တဲ့ သတ္တဝါလေးတွေက တချို့နေရင်းစွဲ သတ္တဝါတွေ က မနေနိုင်ပဲ ဖြစ်သွားတယ်။ အဲဒီတော့ သတ္တဝါတွေရဲ့ ပုံစံတွေ နေနိုင်တဲ့ သတ္တဝါ အမျိုးအစားတွေက အကုန်ပြောင်းသွား တယ်။ ထုံစံကတော့ သဘာဝ ပတ်ဝန်းကျင် ကို မထိခိုက်အောင် ရေ ကိုမထိခိုက်အောင်၊ ဂေဟ စံနစ်ကို မထိခိုက် အောင် ဆိုရင် ထုတ်ယူတဲ့ ရေနဲ့ စက်ရုံလည်ပတ်ပြီး ပြန်ပြီး ချပေးတဲ့ ရေ နဲ့ အပူချိန်က ၃ ဒီဂရီ စင်တီဂရိတ်လောက် ပဲ ကွာရမယ်။ ဒါပေမယ့် တကယ့်တကယ်ကျတော့ အဲဒီလို မဟုတ်ဘူး။ ပိုကွာနေတယ်။

ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံကြောင့် ဝန်းကျင် ရေထုကို အခုလို ပုံစံမျိုးနဲ့ အန္တရာယ် ပေးနိုင်သလို လေထုထဲကို ထွက်လာတဲ့ အဆိပ်ဓါတ်ငွေ့တွေ အမှုန်အမွှားလို မျက်စိနဲ့ မမြင်နိုင်တဲ့ ဓါတုပစ္စည်းတွေရဲ့ အန္တရာယ်က သိပ်ကြီးမားတာမို့ ဒေသခံလူထုကို အသက်သေဆုံးတဲ့အထိ ဒုက္ခပေးနိုင်တာဖြစ်ပါတယ်။ ဒီလို ဝန်းကျင် လေထုထဲ မရောက်အောင် သန့်စင်တဲ့ ကျောက်မီးသွေး ထုတ်နည်းတွေနဲ့ တတ်နိုင်သမျှ နည်းပညာတွေ ဘယ်လောက်ပဲ သုံသုံး ရလာတဲ့ ပြာတွေကို စွန့်ပစ်တာတွေ၊ ပြန်သုံးတာတွေနဲ့ ဖြေရှင်းရတာ ဖြစ်ပြီး ဒီလို ဖြေရှင်းတဲ့ နေရာမှာ တိုးတက်တဲ့ နိုင်ငံတွေမှာတောင် ဘယ်လို ပြဿနာ ကြီးတွေနဲ့ ကြုံနေရတယ် ဆိုတာကို နောက်တပတ်မှာ ဆက်ပြီး ပြောပြပေးပါ့မယ် ဆိုတာကို တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ဗွံနဲ့ နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

XS
SM
MD
LG