COVID 19 ကမ္ဘာ့ကပ်ရောဂါကြီး ပြန့်နှံ့ ဖြစ်ပွါးလာမှ လေထုညစ်ညမ်းမှု အန္တရာယ်ကို ပိုပြီး သတိထားလာမိကြတဲ့အကြောင်း သဘာဝဝန်းကျင် အင်ဂျင်နီယာ ဒေါ်အေးအေးကြည်ကို မေးမြန်းပြီး တင်ပြပေးမှာပါ။
COVID 19 ရောဂါက အသက်ရှုလမ်းကြောင်းဆိုင်ရာ အဆုတ်နဲ့ပတ်သက်ပြီးတော့ ဖြစ်တဲ့ ရောဂါပါ။ ဒီရောဂါဒဏ်ကို မထင်မှတ်ပဲ ခံစားလာကြရတဲ့ အခါမှာ ဒီပြင်းထန် အဆုတ်ယောင် ရောဂါဟာ လေထု ညစ်ညမ်းမှုနဲ့ ပတ်သက်နေတယ် ဆိုတာကို အားလုံး သတိထား လာမိကြတယ်လို့ ဒေါ်အေးအေးကြည်က ပြောပါတယ်။
ဒေါ်အေးအေးကြည်။ ။“ COVID 19 ရောဂါ ဖြစ်တဲ့ အခါမှာ သူက ဗိုင်းရပ်စ်က အဆုတ်ထဲ ဝင်တယ်။ ဒီလို ဝင်တဲ့ အခါမှာ နဂိုက ကိုယ်ခံအား မကောင်းဘူး ဆိုရင် ပိုပြီး ခံရတယ် ပေါ့နော်။ တချို့လည်း အသက်ပါဆုံးရတယ်။ အဲဒီတော့ နဂိုက သန်စွမ်းနေတဲ့ အဆုတ်တွေ ရှိမယ်။ နှလုံးတွေ ရှိမယ် ဆိုရင် ဘာပဲဖြစ်ဖြစ် သူ့ဒဏ်ကို ခံနိုင်မယ်ပေါ့နော်။ ဘာလို့လည်း ဆိုတော့ သူက ပြင်းထန်လို့။ အဲဒီတော့ လေထု ညစ်ညမ်းတဲ့ နေရာမှာ တာရှည် နေခဲ့မယ် ဆိုရင် ဒီအဆုတ်တွေ ဘာတွေက အားနဲနေပြီ။ သူတို့မှာ ဒဏ်ခံထားရတယ်။ အားမကောင်းဘူး။ နောက် တချို့လည်း ပျက်စီးနေတာတွေ ရှိတယ်။ အမျိုးမျိုးပေါ့နော်။ အဆုတ် အားနဲနေပြီ ဆိုရင် နှလုံးကလည်း အားနဲသွားတယ်။ နှလုံးက ပိုအလုပ်လုပ်ရတယ်။ အဆုတ်နဲ့ နှလုံး ကိစ္စက တွဲနေတာကိုး။ လူတွေက သန့်ရှင်းတဲ့ လေကို ရှုရေးကို အမှုမဲ့ အမှတ်မဲ့ ထားကြတယ်။ ဒါပေမယ့် တကယ့်တကယ် ဖြစ်လာတဲ့ အခါကျတော့ ခန္ဓာကိုယ်က အစိတ်အပိုင်းတိုင်းက အဆုတ်နဲ့နှလုံးက သန်စွမ်းနေမှ ခံနိုင်တယ်။”
အဲဒီလို သန်စွမ်းနေဖို့ အတွက် လေကောင်းလေသန့် ရှုဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာ လေကောင်းလေသန့် ကောင်းကောင်း မရပဲ လေထုက ညစ်ညမ်းနေတာပါ။ လေထုကို ဘယ်အရာ တွေကညစ်ညမ်းစေပါသလဲ။
ဒေါ်အေးအေးကြည်။ ။ “လေထုထဲမှာ အခုဆိုရင် တိုးတက်လာတဲ့ ခေတ်ဖြစ်တဲ့ အတွက် ကြောင့် လေထုထဲမှာ ပြည့်နေတတ်တဲ့ ဓါတ်ငွေ့တွေ၊ အရာတွေ အဖြစ် များသောအားဖြင့် တွေ့ရတတ်တာ ကတော့ နံပတ် ၁ က နိုက်ထရိုဂျင် အောက်ဆိုဒ်ဆိုတာ ရှိတယ်။ ကာဗွန်မိုနောက်ဆိုဒ် ဆိုတဲ့ ဓါတ်ငွေ့ရှိတယ်။ နောက်တခုက ဆာလ်ဖာဒိုင်အောက်ဆိုဒ် ဆိုတဲ့ ဓါတ်ငွေ့ရှိတယ်။ နောက်တခုက particular matter လို့ခေါ်တဲ့ အမှုန်အမွှားတွေ ရှိတယ်။ နောက်တခုကတော့ ခဲ - lead ပေါ့နော်။”
လေထုကို ညစ်ညမ်းစေတဲ့ ဓါတ်တွေ ထဲက နိုင်ထရိုဂျင်အောက်ဆိုဒ် က ဘယ်လို အန္တရာယ် ပေးပါသလဲ။
ဒေါ်အေးအေးကြည်။ ။“ နိုက်ထရိုဂျင် အောက်ဆိုဒ် ဆိုရင် သူ့မှာ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုဒ် ဖြစ်ဖြစ်၊ နိုက်ထရစ်အက်ဆစ် ဖြစ်ဖြစ်၊ နိုက်ထရပ်စ် အက်ဆစ် ဖြစ်ဖြစ် သူတို့မှာ အဲဒီ ၃ ခု ပါတယ်။ အဲဒါကို ခြုံပြီးတော့ နိုက်ထရိုဂျင် အောက်ဆိုဒ် လို့ ခေါ်တယ်။ သူတို့က ဘယ်တော့ ဖြစ်သလဲ ဆိုရင် ဥပမာ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုဒ် ဆိုရင် သူက တော်တော် အန္တရာယ် ရှိတယ်။ သူက ဘယ်ကရလဲ ဆိုရင် လောင်စာ၊ ဘာလောင်စာပဲ ဖြစ်ဖြစ် လေထဲမှာ လောင်လိုက်မယ် ဆိုရင် ဖြစ်တယ်။ ဒါကြောင့် မို့ကားတွေ၊ လ ျှပ်စစ် ဓါတ်အားထုတ်တဲ့ စက်ရုံတွေ ကလည်း ကျောက်မီးသွေး ဖြစ်ဖြစ်၊ တခြား သဘာဝ ရုပ်ကြွင်း လောင်စာတွေကပဲ ဖြစ်ဖြစ်၊ လောင်ခိုင်းပြီးတော့မှာ ထုတ်ရတဲ့ အတွက်ကြောင့်မို့ အဲဒါမျိုးဖြစ်တယ်ပေါ့နော်။ နောက်ပြီး တော့ ဘာပဲ လုပ်လုပ်ပေါ့၊ ဖေါက်ခွဲ လောင်ကျွမ်းလို့ ရှိရင် ထွက်တာပါပဲ။ အဲဒီလို လောင်တဲ့ အခါမှာ နိုက်ထရိုဂျင်အောက်ဆိုဒ် တင်ထွက်တာ မဟုတ်ဖူး၊ ကာဗွန်မိုနောက်ဆိုဒ်လည်း ထွက်တယ်။ နောက် လူတွေရဲ့ မော်တော်ယာဉ်တွေ သွားနေရင် အဲဒီ အိတ်ဇောပိုက် အောက်ထဲက ကာဗွန်မိုနောက်ဆိုဒ်က ထွက်တယ်။”
ကာဗွန်မိုနောက်ဆိုဒ်ကလည်း လူကို အတော် ဒုက္ခ ပေးပါတယ်။ ဘယ်လို နည်းနဲ့ ပေးတာပါလဲ။
ဒေါ်အေးအေးကြည်။ ။ “အဲဒါက မြင်လည်း မမြင်ရဘူး။ ဒါပေမယ့် များများရှုမိရင် လူတွေကို ထိခိုက်တယ်။ ဘာကြောင့်လည်း ဆိုတော့ သူ့သဘာဝက အဲဒီ ရှုလိုက်တဲ့ လေကတဆင့် ခန္ဓာကိုယ်ထဲကို ဝင်သွားတယ် ဆိုရင်၊ အဆုတ်ရဲ့ သဘာဝက အောက်ဆီဂျင်တွေကို ခန္ဓာကိုယ်ထဲ ထည့်ပေးတယ်။ နောက် ခန္ဓာကိုယ်ထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ပြန်ထုတ်တယ်။ တကယ်လို့ လေထဲမှာ ကာဗွန်မိုနောက်ဆိုဒ် များသွားရင် သူက သွေးထဲမှာ ရှိတဲ့ ဟီမိုကလိုဗင် ဆိုတဲ့ ပရိုတိန်းက အောက်ဆီဂျင်ကို သူပေါင်းလိုက်တာ။ ပြီးတော့မှ ခန္ဓာကိုယ် အစိတ်အပိုင်းတွေထဲကို သွားတာ။ အဲ သူက ကာဗွန်မိုနောက်ဆိုဒ် များရင် ကာဗွန်မိုနောက်ဆိုဒ်က အောက်ဆီဂျင်နဲ့ ဟီမိုကလိုဗင် မပေါင်းခင် သူက ဆီးပြီး ပေါင်းပစ်လိုက်တာ။ အဲဒီလို ဖြစ်တော့ အောက်ဆီဂျင်နဲ့ ဟီမိုကလိုဗင်က ပေါင်းဖို့ အခွင့် မရတော့ဘူး။ မရတော့ လူဒုက္ခ ဖြစ်တာပေါ့။”
ဆာလ်ဖာဒိုင်အောက်ဆိုဒ် ကရော ဘယ်လိုအန္တရာယ် ရှိပါသလဲ။
ဒေါ်အေးအေးကြည်။ ။ “ဆာလဖာ ဒိုင်အောက်ဆိုဒ်ကလည်း ဒီလိုပဲ။ သူကလည်း ဆာလ်ဖာပါတဲ့ ဓါတ်တွေ လောင်ကျွမ်းလို့ ထွက်လာတာပေါ့နော်။ သူကလည်း အလားတူ ထိခိုက်စေတာပဲ။”
နိုက်ထရိုဂျင်အောက်ဆိုဒ်တွေနဲ့ လေထုညစ်ညမ်းမှု ရှိနေပြီ ဆိုတာကို အကြမ်းဖျင်းဘယ်လို သိနိုင်ပါသလဲ။
ဒေါ်အေးအေးကြည်။ ။“နိုက်ထရိုဂျင်အောက်ဆိုဒ်တွေဆိုရင် လူတွေက မျက်စိမှာ စပ်ဖျင်းစပ်ဖျင်း ဖြစ်တယ်တို့၊ ကြိမ်းစပ်စပ် ဖြစ်တယ် ဆိုရင် အဲဒါက နိုက်ထရိုဂျင်အောက်ဆိုဒ်။ နောက်ပြီး အဆုတ်မှာ သွားပြီးထိခိုက်တယ်။ ဒါကြောင့်မို့ လူတွေက လေထုညစ်ညမ်းမှု ရှိလား မရှိဘူးလား သိချင်ရင် အလွယ်ဆုံးက မျက်နှာတွေ၊ မျက်စိတွေ၊ နှာခေါင်းတွေ စပ်ဖျင်းဖျင်း ဖြစ်သလား။ ဒါက နိုင်ထရိုဂျင် အောက်ဆိုဒ်တွေ များနေတဲ့ သဘောပေါ့နော်။
နောက် ကောင်းကင်ကို ကြည့်လိုက်ပါ ကောင်းကင်က ညိုမဲမဲကြီး ဖြစ်နေပြီ ဆိုရင် အဲဒါ နိုက်ထရိုဂျင်အောက်ဆိုဒ်တွေ များလို့ပဲ။ သူတို့က ရောင်စဉ်တန်းမှာ၊ မျက်စိက မြင်ရတဲ့ ရောင်စဉ်တန်းမှာ နိုက်ထရိုဂျင်အောက်ဆိုဒ် တွေက အပြာနဲ့ အစိမ်းကို ရောင်စဉ်တန်းမှာ စုပ်ယူလိုက်တယ်။ ဒါကြောင့်မို့ သူက အညိုပဲ တွေ့ရတော့တာပေါ့နော်။”
လေထုညစ်ညမ်းမှုကို ဖြစ်စေတဲ့ အရာထဲမှာ အဆိုးဆုံးက အမှုန်အမွှားတွေပဲ ဖြစ်ပါတယ်။ အမှုန်မွှားတွေကို ကြာရှည် ခပ်များများ ရှုရှိုက်ရတဲ့ ဒေသတွေမှာ နေထိုင်သူတွေ အတွက် Covid 19 အန္တရာယ် က သိပ်ကြီးပါတယ်။
ဒေါ်အေးအေးကြည်။ ။“ အမှုန်အမွှား ဆိုတာ သေးလေ ပြဿနာ ပိုများလေပါပဲ။ အမှုန်အမွှားမှာ ၂ မျိုး ရှိတယ်။ ၁၀ မိုက်ခရွန် အရွယ်လောက်သေးတဲ့ အမှုန်တွေရှိတယ်။ ဒါကနဲနဲကြီးတဲ့ အမှုန်လို့ခေါ်တယ်။ နောက်တခါ။ သူ့ထက်ငယ်တဲ့ အမှုန်တွေ။ ၂.၈ မိုက်ခရွန်အမှုန်တွေ ရှိတယ်။ ဒါက အချင်းကို ပြောတာနော်။ အဲဒီအမှုန်လေး တွေကို pm 2.5 လို့ခေါ်တယ်။ ၂.၅ အမှုန်။ ဒီအမှုန်တွေက အဆုတ်ကို ထိခိုက်စေတာပဲ။ အမှုန်တွေ ရှုရတယ် ဆိုတော့။ ဒီအမှုန်တွေက အဆုတ်ထဲ ဝင်သွားမယ်။ အသက်ရှုရတဲ့ အခါမှာ အခက်အခဲတွေ ဖြစ်မယ်။ နောက် အမှုန်သေးသေးလေး တွေ ကျတော့ သိပ်သေးလွန်းအားကြီးတော့ အမှုန် ၂.၅ မိုက်ခရွန်ထက် ငယ်တာ ဆိုလို့ရှိရင် သူက ဆံခြည်မျှင်ထက် အဆ ၃၀ လောက် ငယ်တယ်။ အရမ်းသေးတယ်။ အဲဒီတော့ သူတို့က အဆုတ်ထဲ တင် မကတော့ပဲ သွေးထဲကို ရောက်သွားတယ်။ အဲဒီလို ရောက်သွားတဲ့ အခါ သွေးထဲမှာ ပါပြီး လှည့်ပတ် သွားတဲ့အခါ တနေရာရာမှာ သွေးကြောသွားပိတ်တာ၊ ဦးနှောက်မှာ ပိတ်မှာလား၊ နှလုံးမှာ ပိတ်မှာလား၊ အမျိုးမျိုး ပူရတယ်။ အဲဒါကြောင့် သူက အင်မတန် အန္တရာယ် ရှိပါတယ်။
အခု Covid ကာလမှာ ဆိုရင် သိတဲ့ အတိုင်းပဲ လေထုညစ်ညမ်းမှု ဆိုးတဲ့ နေရာတွေက ပိုပြီးတော့ အထိနာတယ် ဆိုတာ သတိထားပြီးတော့ ဒီသဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုတာ လူတွေရဲ့ ကျန်းမာရေးနဲ့ ထိစပ်နေလို့ ထိန်းသိမ်းနေရတာ ဆိုတဲ့ အသိတရားကို နှလုံးသား ထဲမှာ ထားပြီးတော့ Covid ကို ခုခံကာကွယ်တဲ့ နေရာမှာလည်း ထည့်ပြီးတော့ စဉ်းစား သင့်ပါတယ်။”
ဒေါ်အေးအေးကြည်ရဲ့ ပြောကြားချက်နဲ့ ပဲ ဒီသီတင်းပတ်အတွက် သိပ္ဗံနဲ့ နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။