သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေသြဇာနဲ့ ပိုးသတ်ဆေး ဘယ်လို သုံးနေကြသလဲ


နေပြည်တော် လယ်စိုက်ခင်း မြင်ကွင်းတခု။ ဇန်န၀ါရီ ၂၅၊ ၂၀၁၇။

လယ်ယာကောက်ပဲသီးနှံတွေ စိုက်ပျိုးထုတ်လုပ်ရာမှာ အထွက်ကောင်းဖို့ ဓါတ်မြေသြဇာနဲ့ ပိုးသတ်ဆေးတွေကို မြန်မာတောင်သူလယ်သမား အတော်များများ သုံးနေကြပါတယ်။ သဘာဝ မဟုတ်တဲ့ ဓါတုဆေးဝါးတွေသုံးစွဲရာမှာ သတိကြီးကြီးထားဖို့ လိုတဲ့အကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းက ဒေါက်တာမျိုးအောင်ကျော်က ပြောပြပေးမှာပါ။

မြေသြဇာနဲ့ ပိုးသတ်ဆေး ဘယ်လို သုံးနေကြသလဲ
please wait

No media source currently available

0:00 0:07:19 0:00
တိုက်ရိုက် လင့်ခ်

လယ်ယာကောက်ပဲသီးနှံတွေ စိုက်ပျိုးထုတ်လုပ်ရာမှာ အထွက်ကောင်းဖို့ ဓါတ်မြေသြဇာနဲ့ ပိုးသတ်ဆေးတွေကို မြန်မာတောင်သူလယ်သမား အတော်များများ သုံးနေကြပါတယ်။ သဘာဝ မဟုတ်တဲ့ ဓါတုဆေးဝါးတွေသုံးစွဲရာမှာ သတိကြီးကြီးထားဖို့ လိုတဲ့အကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းက ဒေါက်တာမျိုးအောင်ကျော်က ပြောပြပေးမှာပါ။

ဒေါက်တာမျိုးအောင်ကျော်။ ။ “လယ်ယာထွက်ကုန်စိုက်ပျိုးသီးနှံ၊ ဟင်းသီးဟင်းရွက်တွေ ဘယ်ဟာမဆို ထုတ်လုပ်လာပြီ ဆိုရင် သတိထားရမှာက စားသောက်ကုန်တွေရဲ့ ဘေးအန္တရာယ် ကင်းရှင်းရေးပါ။ အဲဒါတွေရော၊ နောက်ပြီးတော့ ကျန်းမာရေးနဲ့ ညီညွတ်ဖို့ အရမ်းအရေးကြီးလာတယ်။ ဘာကြောင့်လည်း ဆိုတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဓါတု ဆေးဝါးတွေ သုံးစွဲမှုက များလာသလို ဒါတွေကို စံနစ်တကျ သုံးစွဲဖို့၊ စံနစ်တကျ ကိုင်တွယ်ဖို့ မိမိရဲ့ လယ်ယာနဲ့ စိုက်ပျိုးရေးမှာ စံနစ်တကျ သုံးစွဲဖို့က အရမ်းကို အရေးကြီးလာတယ်။ အရေးကြီးတာက ဘာလဲ ဆိုတော့ သုံးစွဲနေတဲ့ လူတွေတင် မကဘူး။ စားသုံးတဲ့ လူတွေ အတွက်လည်း အန္တရာယ် ကင်းဖို့က အရမ်း အရေးကြီးတယ်။”

“ဒါ့ကြောင့်မို့ ဒီဟာတွေကို သုံးစွဲတဲ့ သူတွေ အနေနဲ့ သူ့အချိန်အဆ မှန်ကန်ဖို့၊ ဘေးကင်းဖို့၊ နောက် ဖြန်းတဲ့အခါ ဘယ်လို ဖြန်းရမလဲ၊ နောက်အချိန်အဆတွေက ဘယ်လောက်လဲ၊ နောက် ဖြန်းပြီးတဲ့ နောက်ပိုင်းကာလ ပေါ့နော်၊ ရိတ်သိမ်းတဲ့အချိန် အထိကို ကြားမှာရှိတဲ့ ဒီအန္တရာယ် ကင်းတဲ့ ကာလလေးတွေ ရှိပါတယ်။ အဲဒီကာလ ကျော်လွန်ပြီးမှသာလျင် စားသုံးသူတွေဆီ ရောက်ဖို့ ဆိုတဲ့ ဒီကာလလေးတွေ အရမ်းအရေးကြီးပါတယ်။ အဲ အဓိကကတော့ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေးတွေပါ။ ဒါတွေက တန်ဆေး လွန်ဘေး၊ ဆိုသလို စံနစ်တကျ သုံးရင် ဒီသီးနှံတွေကို ဖျက်မယ့် ပိုးတို့၊ မှိုတို့၊ နောက် ပေါင်းတို့လို ပြဿနာတွေ ကင်းရှင်းအောင် လုပ်နိုင်ပေမယ့်၊ တဖက်ကလည်း ဒီဟာကို သုံးစွဲတဲ့ နေရာမှာ မမှန်မကန်တဲ့ အခါကျတော့ သုံးတဲ့လူတွေရော၊ စားသောက်တဲ့ လူတွေပါအန္တရာယ် ရှိတာပေါ့။”

ဒီလို အန္တရာယ် မရှိအောင် သတိထားရမယ့် အချက်လေးတွေကို ပြောပြပေးပါ။

ဒေါက်တာမျိုးအောင်ကျော်။ ။ “ဟုတ်ကဲ့၊ ဥပမာအားဖြင့် ကျွန်တော် တခါတုန်းက ဘာတွေ့ဘူးသလဲ ဆိုတော့ အဲဒီ လယ်ကွင်းဘေးမှာ လယ်သမားတွေ တအုပ်စု ဒီပုလဲဓါတ်မြေသြဇာကို - ဒီပုလဲမြေသြဇာ ထဲမှာက ဖျူရာဒန် (Furadan) ဆိုတဲ့ ပိုးသတ်ဆေး အမှုန့်တွေနဲ့ ရောနေတာ။ အဲဒီလယ်သမားတွေ အားလုံးမှာလဲ ဘာလက်အိတ်မှ မရှိဘူး။ ဒီအတိုင်းလက်က ပြောင်ပဲ ဘာမှမခံထားတဲ့ လက်တွေနဲ့ နယ်ဖတ်ပြီးတော့ အဲဒါကို ရောနေတာပေါ့နော်။ ပြီးလို့ရှိရင် သူတို့ ကွင်းထဲကို ပက်မယ်ပေါ့။ အဲဒီအခါကျတော့ မြင်ရတာ တော်တော် စိတ်မချမ်းသာဘူး။”

“ဘာကြောင့်လဲ ဆိုတော့ ဒီဖျူရာဒန်တွေက တဖြေးဖြေး အသားထဲကနေ စိမ့်ဝင်ပြီးလို့ ရှိရင် ခန္ဓာကိုယ် ထဲမှာ ဒီအဆိပ်အတောက်တွေက တဖြေးဖြေး စုရင်းနဲ့ နောက်ဆုံးတော့ လူကို ဒုက္ခပေးမှာကိုး။ နောက်ပြီးတော့ ချက်ချင်းလဲ သူက အငွေ့တွေ ထွက်တဲ့အခါကျတော့ အဲဒီ အငွေ့တွေ ရှုရင် ဒါဟာ လူတွေဟာ ချက်ချင်းကို မူးမေ့သွားတာမျိုး အဆိပ်သင့်တာတွေ ရှိတယ်။ ဒါကြောင့်မို့လို့ ဒီဟာတွေက လက်လွတ်စံပယ် ကိုင်တွယ်လို့ မရဘူး။ ဒါတွေ အတွက်ကို သေသေချာချာ ပညာပေးဖို့ ကိစ္စတွေက အရမ်းအရေးကြီးပါတယ်။”

ဓါတ်မြေသြဇာတွေမှာ Furadan လို ထိရောက်တဲ့ ပိုးသတ်ဆေးတွေကိုပါ ရောပြီး အပင်တွေ အောင်မြင်ဖြစ်ထွန်းအောင် ထည့်သွင်းသုံးစွဲလေ့ရှိပါတယ်။ ဒါကြောင့် ကိုယ်သုံးတဲ့ ဓါတ်မြေသြဇာမှာ ဘယ်လို ပိုးသတ်ဆေး ရာခိုင်နှုန်း ဘယ်လောက် ပါနေတယ်၊ အန္တရာယ်ကင်းအောင် ဘယ်လို ကာကွယ်ရမယ် ဆိုတာကို သိထားဖို့ လိုပါတယ်။

ဒေါက်တာမျိုးအောင်ကျော်။ ။“ဖျူရာဒန်ကတော့ အမှုန့်ပဲလေ။ သူ့မှာ ခရစ်စတယ်လေးတွေ - အခဲလေးတွေလိုပေါ့နော်။ အဲဒီကောင်က တော်တော် အဆိပ်ပြင်းတယ်။ ပြင်းတယ်ဆိုတာက- သူက ပင်လုံးပြန့် အာနိသင် လည်းရှိတယ်။ အထူးသဖြင့် ကျွန်တော်တို့ ဒီ စပါးဆိုရင်လည်း အပင်ငယ် ဘဝမှာ ဖျက်ပိုးတွေဒဏ် သူတို့ဖျက်လိုက်တာနဲ့ အပင်ကလေးက မကြီးနိုင်ပဲ ပျက်စီးရတာဆိုတော့၊ အဲဒီမှာ ပိုးတွေ ဒဏ်ကို ခံနိုင်ဖို့အတွက်ကို လယ်ကွင်းထဲမှာကို ပိုးသတ်ဆေး ထည့်တာ။”

“ကျွန်တော်တို့ ဒီ ပုလဲနဲ့ ရောတဲ့ ကိစ္စကျတော့ သူက ဆစ်ပိုးတို့ ဘာတို့ရဲ့ အန္တရာယ် ကင်းချင်တဲ့ အခါကျတော့ သူက မြေမှာ ပက်ပစ် လိုက်တဲ့ အခါကျတော့ သူက သမန်း မြေတွေက တဆင့် အပင်က စုပ်သွားပြီးတော့ အပင်ထဲမှာ ပြန့်တယ်။ လာပြီးတော့ တွယ်ကပ်တဲ့ ဥက ပေါက်လာတဲ့ သားလောင်းတွေလည်း အဲဒီ အရွက်စားတာနဲ့ကို သေသွားတယ်။ သေသွားတယ် ဆိုတော့ ဒီလောက် အဆိပ်ပြင်းတဲ့ကောင် မြေကြီးထဲ ရောက်သွားပြီဆို အဲဒီ မြေထုထဲမှာ ရှိတဲ့ တီကောင်တွေရော ဘက်တီးရီးယား တွေရော အဲဒီ ပိုးတွေ အကုန်လုံးသေတာ။ ငါးတွေ လည်း သေတယ်။ ရှိတဲ့ အကောင် အကုန်မခံနိုင်ဘူး။ နောက် မြွေတို့ ဘာတို့လည်း သေတာပဲ။”

“အဲဒီတော့ ပတ်ဝန်းကျင်ကြီး တခုလုံးက ပိုးသတ်ဆေးကြောင့် အကုန်လုံး pollution တွေ ဖြစ်ပြီးတော့ ညစ်ညမ်းကုန်တာပေါ့နော်။ အဲဒီတော့ မြေထုရော ရေထုရော အကုန်လုံး ဒီပိုးသတ်ဆေးတွေရဲ့ အဆိပ်တွေ ရှိနေတဲ့ အခါကျတော့ ဘာပဲပြောပြော ကျွန်တော်တို့ လူဆိုလဲ အဲဒီ ကွင်းထဲမှာ ဖြတ်သွားနေရင် အဲဒီ ခြေထောက် တွေကနေ တဆင့် ဒါတွေက စိမ့်ဝင် နိုင်တယ်။ အရေပြား ဆိုတာမျိုးက မလုံနိုင်ဘူး။ အနဲနဲ့ အများကတော့ စိမ့် ဝင်တာပဲ။ တဖြေးဖြေး တဖြေးဖြေး ခန္ဓာကိုယ်မှာ စုလာရင် အဲဒီ စုလာတဲ့ accumulation effect နဲ့ တင် ရောဂါတွေ ဖြစ်လာတာပေါ့နော်။ ဒါကြောင့်မို့ ဒီဖျူရာဒင်က ကျွန်တော့်အနေနဲ့တော့ ဖြစ်နိုင်ရင် အတတ်နိုင်ဆုံး မသုံးတာကတော့ ပိုကောင်းပါတယ်။”

ဒီပုလဲဓါတ်မြေသြဇာက အစိုးရထုတ်တာနော်။

ဒေါက်တာမျိုးအောင်ကျော်။ ။“ဒီဓါတ်မြေသြဇာက အစိုးရကလည်းထုတ်ပါတယ်။ နောက် တရုတ်ပြည်ဘက်ကလည်း အများကြီးဝင်ပါတယ်။”

တရုတ်ပြည်က ဘယ်လိုနံမယ်နဲ့ ဝင်ပါသလဲ ဆရာ။

ဒေါက်တာမျိုးအောင်ကျော်။ ။“တရုတ်ပြည်ဘက်ကတော့ တရုတ်စာတွေနဲ့ ရွှေတောင်တို့ ပန်းဖူးတို့ အဲဒါမျိုးတွေပေါ့ တံဆိပ် အမျိုးမျိုးနဲ့ ဝင်တယ်။ ရှင်းရှင်း ပြောရရင်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ မြေသြဇာ ဥပဒေ အရ ဆိုရင်တော့ ဘယ်မြေသြဇာ မဆို မြန်မာလို ပါရမယ် ဆိုပြီးတော့ တခါထဲ ညွှန်ကြားထားတာ ရှိပေမယ့် တရုတ်ပြည်က ဝင်သမျှ မြေသြဇာမှာတော့ မြန်မာလို တခါမှ မပါဘူး။ တရုတ်စာနဲ့ အင်္ဂလိပ်စာလုံးနဲ့။ အင်္ဂလိပ် စာလုံးဆိုတာကလည်း ဂဏန်းတွေကပဲ အင်္ဂလိပ်ဂဏန်း ပေါ့နော်။ ကျန်တာ ဒီ တရုတ်စာတွေပဲ ပါတယ်။”

“သေသေချာချာ ညွှန်ကြားထားတာက ကျွန်တော်တို့ ဒီ ပုလဲ ဆိုလို့ ရှိရင် သူ့ရဲ့ မသန့်စင်တဲ့ ရာခိုင်နှုန်းကလေးတွေ ရှိတယ်။ ဘိုင်ယူရိတ် biuret (ယူရီးယား အခြေပြု ဓါတ်မြေသြဇာထဲမှာ ရှိတတ်တဲ့ အပင်အတွက် အဆိပ်သင့်စေတဲ့ ဓါတ်တမျိုး - C2H5N3O2) ဘယ်လောက် ဆိုတဲ့ ရာခိုင်နှုန်းကလေးတွေ။ အဲဒါသည် ဘယ်လောက် ရာခိုင်နှုန်း ပါသလဲ ဆိုတာကို အဲဒီက လာတာတွေမှာ ပြမထားဘူး။ တကယ်တမ်းတော့ အဲဒီ ဘိုင်ယူရိတ် ရာခိုင်နှုန်းက ကျွန်တော်တို့ ပုံမှန် ဆိုလို့ ရှိရင် ဖြစ်သင့် ဖြစ်ထိုက်တာကတော့ ၂% ထက်နဲရမှာ ပေါ့နော်။ ၂ % အောက်မှာပဲ ရှိရမယ်။ ဒါပေမယ့် အဲဒီကနေ သွင်းတဲ့ မြေသြဇာတွေ မှန်သမျှ အဆိပ်အတောက် ရာခိုင်နှုန်း ဘယ်လောက် ပါသလဲ ဆိုတာကို မဖေါ်ပြဘူး။ ဒါကြီးကတော့ မဖြစ်သင့်ဘူးလို့ ကျွန်တော် မြင်ပါတယ်။”

ဒါဆို ဓါတ်မြေသြဇာ အိတ်တွေမှာ အဆိပ်အတောက် ရာခိုင်နှုန်း ဘယ်လောက် ပါတယ် ဆိုတာကို ဖေါ်ပြမထားတဲ့ ဓါတ်မြေသြဇာကို မသုံးသင့်ဘူး ပေါ့နော်။

ဒေါက်တာမျိုးအောင်ကျော်။ ။“ အမှန်မှာကတော့ အဲဒီလို ဖေါ်ပြမထားသော ဓါတ်မြေသြဇာ မျိုးကို သက်ဆိုင်ရာက ဌာနတွေ အနေနဲ့ပေါ့ ဒီလိုဟာမျိုး ဘာကြောင့် မဖေါ်ပြတာလဲ၊ ဥပမာ သွင်းလာတဲ့ လူတွေ အပေါ်မှာ လိုအပ်တဲ့ ညွှန်ကြားချက်တွေ ထုတ် ပေးဖို့ လိုမယ်လို့ ထင်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့၊ ပြောတော့သာ ဘာမှ မဟုတ်တာ ဒီဟာတွေကနေ သုံးပြီး ထွက်လာတဲ့ စိုက်ပျိုးရေး ထွက်ကုန်တွေကို ကျွန်တော်တို့ စားမယ်။ ဟင်းသီးဟင်းရွက်တွေ ဘာတွေ စားမယ် ဆိုတော့ သူ့ရဲ့ မသန့်စင်မှုကြောင့် ကျွန်တော်တို့ ခန္ဓာကိုယ်တွေ မှာ လာပြီး သက်ရောက်နိုင်တဲ့ အန္တရာယ်တွေက ရှိတယ်။ သူက တခါ ၂ ခါ နဲ့ မဟုတ်ဖူး။ ကျွန်တော်တို့က နေ့တဒူဝ စားသုံးနေရတဲ့ အခါ ကျတော့ ဒီအာနိသင်တွေကြောင့် ကျွန်တော်တို့မှာ တဖြေးဖြေးသော ရောဂါတွေ၊ မမြင်နိုင်တဲ့ ရောဂါတွေ ပေါ်လာတယ်။”

“ပတ်ဝန်းကျင်ကြီးက ကျွန်တော်တို့ စားသမျှတွေ အကုန်လုံး safe မဖြစ်ဖူး စိတ်မချရဘူးးဆိုတဲ့ ခံစားချက်မျိုးတွေ ကျွန်တော်တို့မှာ ဖြစ်လာတာပေါ့နော်။ အဲဒါတွေ အတွက်ကို သက်ဆိုင်ရာ ဌာနတွေကလည်း အတတ်နိုင်ဆုံး ဒီလိုကိစ္စတွေ အပေါ်မှာ ဖြစ်နိုင်ရင်တော့ ထိထိရောက်ရောက်။ တချို့ဆိုဒါ သတိပေး၊ သတိပေးပြီးတော့မှ မလိုက်နာရင် ပြင်းပြင်းထန်ထန် လုပ်တဲ့ အထိကို ဘယ်သူ့မျက်နှာမှ မကြည့်ပဲနဲ့ အရေးယူတဲ့ အထိကို ဖြစ်သင့်တယ်လို့ ကျွန်တော် မြင်ပါတယ် ခင်ဗျ။”

ဒေါက်တာမျိုးအောင်ကျော် ပါ။

XS
SM
MD
LG