သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းတောင် စီမံကိန်းရဲ့ ပြဿနာများ


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနေရာ
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနေရာ
ပွင့်လင်းမှု အတော်အတန် ရလာတဲ့ မြန်မာနိုင်ငံမှာ သဘာ၀ ပါတ်ဝန်းကျင်နဲ့ ဆက်နွယ်ပြီး ထိမ်းသိမ်းကြဖို့ အတွက် လူထုပါ ပါဝင် တောင်းဆိုလာစေတဲ့ စီမံကိန်းဟာ မြစ်ဆုံရေကာတာ ပြီးရင် လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းဖြစ်ပါတယ်။ ဒီတပါတ်တော့ လက်ပန်းတောင်းတောင် ဒေသရဲ့ သတ္တု တူးဖေါ်တဲ့ အနေအထားကို မြန်မာနိုင်ငံ ဘူမိသိပံအသင်း အတွင်းရေးမှုးလဲဖြစ် မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များ အသင်းက အတွင်းရေးမှုးလည်း ဖြစ်တဲ့ ဦးအေးလွင်ကို မေးမြန်းပြီး တင်ပြပေးမှာပါ။

အဓိက လက်ပံတောင်းတောင်က ကြေးနီနဲ့ ပါတ်သက်တဲ့ သတ္တုတွေ ထွက်ပါတယ်။ Chalcocite, Covellite, Digenite ထွက်ပါတယ်။ Pyrite ထွက်ပါတယ်။ အဓိကကတော့ Chalcocite ကနေ ကြေးနီထုတ်ယူတာပါ။ ကျန်တာတွေကတော့ နဲနဲ လောက်ပဲ ရှိပါတယ်။

ကြေးနီသတ္တုတွင်းတွေ တူးဖေါ်မယ် ဆိုရင် သဘာ၀ ပါတ်ဝန်းကျင်ကို ထိခိုက်မှုမျိုးတွေ နိုင်ငံတကာမှာ ဘယ်လိုတွေ့ရတယ်၊ မြန်မာနိုင်ငံမှာရော ဘယ်လိုပုံစံမျိုးနဲ့ ထိခိုက်မှုတွေ ဖြစ်လာနိုင်တယ် ဆိုတာတွေ ရှင်းပြပေးပါ။

အခုမြန်မာနိုင်ငံမှာ တူးမယ့် ကြေးနီ သတ္တုသိုက်က သတ္တုတူးတဲ့ စံနစ် တခုဖြစ်တဲ့ open pit mining စံနစ်ကြောင့် ထိခိုက်ရတာပါ။ အပေါ်မှာ မြေဆီလွှာတွေ တူးလိုက်တယ်။ မြေမျက်နှာပြင် ပြောင်းလဲသွားတဲ့ အတွက် မြေမျက်နှာပြင်ပေါ် မူတည်ပြီးတော့ မြေအောက် ရေရဲ့ မျက်နှာပြင် ကလည်း ပြောင်းလဲသွားနိုင်ပါတယ်။ တောင်တွေကနေ ချိုင့်တွေ ဖြစ်သွားတဲ့ အတွက်ပေါ့နော်။ မြေအောက်ရေရဲ့ စီးဆင်းမှုကလည်း ပြောင်းပြန်တွေ ပြန်စီးသွားနိုင်တယ်။ နောက်တခါ မြေစာတွေ ပုံတဲ့ အတွက် လယ်မြေတွေကလည်း အများကြီး ပျက်စီးသွားနိုင်ပါတယ်။ ဒီပုံတဲ့ မြေစာတွေ မှာလည်း side effect တွေပါ သွားပြီးတော့ မြေဆီလွှာထဲ ဝင်သွားမယ်။ မြေအောက်ရေနဲ့ ရောသွားမယ်။ လယ်မြေတွေ ပျက်စီးသွားနိုင်ပါတယ်။ ဒါနဲ့ ပါတ်သက်လို့ ဖြစ်ပေါ်လာမှာ တွေကတော့ အများကြီးပါ။ မြေအောက်ရေ တွေ ညစ်ပတ်ကုန်တယ်။ ဓါတုပစ္စည်းတွေ ဝင်သွားမှာ၊ ဓါတု အဆိပ်သင့်တဲ့ သဘောတွေ ဖြစ်သွားနိုင်တယ်။ မြေအောက်ရေကို ပြန်တူးဖေါ် သုံးတဲ့နေရာမှာ သန့်ရှင်းမှုက မရှိတော့ဘူး။ ဒါ့ကြောင့် သတ္တုတွေ သန့်စင်ထုတ်လုပ်ပြီး ထွက်ပေါ်လာတဲ့ မြေဆီလွှာတွေကို သုံးတဲ့ အခါမှာလည်း မြေကြီးအောက်ကို မစိမ့်အောင်လို့ ကာကွယ်ရမယ့် နည်းစံနစ်တွေကို တခြားတိုင်းပြည်တွေမှာ open pit mining တွေမှာ သုံးနေကြတယ်။

မြန်မာနိုင်ငံမှာ ကျတော့ အခု ကြေးနီသတ္တုတူးတဲ့ နေရာ လက်ပန်းတောင်းတောင်လို နေရာမျိုးမှာ ဒီလို အကာအကွယ်နည်းတွေ သုံးထားတာ တွေ့ပါလား။

မတွေ့ပါဘူး။ မတွေ့ဘူး။ ဒီလိုပါ။ ဒီလိုထိခိုက်မှု မျိုးတွေ မဖြစ်ပေါ်အောင်လို့ လိုက်နာရမယ့် အချက်မျိုးတွေ ရှိပါတယ်။ သဘောကတော့ ဒီပါတ်ဝန်းကျင်ကို open pit mining မလုပ်ခင်မှာ အဲဒီမှာ ရှိတဲ့ အပင်တွေ အကောင်တွေ မျိုးပွါးတာတွေကို ကြိုတင်ထိမ်းသိမ်း ထား တဲ့ စံနစ်တွေ ထားဖို့ လုပ်ဖို့ လိုတယ်။ သတ္တုတွင်းတူးတဲ့ လုပ်ငန်းလုပ်တဲ့ နေရာမှာ တပိုင်းချင်းပေါ့။ တောင်တတောင်ထဲမှာ ရှိတာမဟုတ်ဖူး။ တောင်ပေါင်း မြောက်များစွာမှာ ဆက်လုပ်မှာ ဆိုတော့ တနေရာ လုပ်ပြီးရင် တနေရာကို သစ်ပင်တွေ ပြန်စိုက်ရမယ်။ အပင်နဲ့ အကောင်တွေ မျိုးပွါးတာကို ပြန်လုပ်ပေးရမယ်။ နောက် အကောင်တွေ ကို သီးခြားနေရာတွေ သတ်မှတ်ပြီး ပြန်မွေးပေးရမယ်။ အနီးပါတ်ဝန်းကျင်မှာ ရှိတဲ့ စောင့်ရှောက်တဲ့ သစ်ပင်တွေကိုလည်း ပြန်စိုက်ပေးရမယ်။ ဒါက အပိုင်းလိုက် အပိုင်းလိုက် လုပ်ပြီးမှ နောက်တနေရာကို ဆက်ပြီးတူးရမယ့် သဘောပါ။
တနင်္သာရီ ဓါတ်ငွေ့ပိုက်လိုင်း ထုတ်လုပ်တဲ့ နေရာမှာ တနင်္သာရီ သဘာဝဥယာဉ်ကို တည်ဆောက်ပေးသလို လုပ်ပေးရမယ်။ အပေါ်ယံ မြေဆီလွှာကို မတူးဖေါ်ခင်မှာ သီးခြားထိမ်းသိမ်း ထားရမယ်။ ပြန်စိုက်တဲ့အခါမှာ ဒါကို သီးခြား ထိမ်းသိမ်းထားရင် မူရင်း အပေါ်ယံမြေဆီလွှာကို ပြန်သုံးဖို့၊ တောင်တခုလုံးကိုလည်း မတူးပဲနဲ့ အလယ်ကနေ ပိုင်းပြီး ကွက်ပြီး တူးတဲ့နည်းနဲ့ တူးရမယ်။ နောက်တခါ မိုင်းတွေ ခွဲမယ်။ နောက် မြေဆီလွှာတွေ သယ်တဲ့ အခါမှာ ထွက်ပေါ်လာမယ့် ဖုံတွေကိုလည်း ထိမ်းသိမ်းရမယ်။ ရေဖြန်းပြီးလုပ်ရမယ်။ ဒါတွေ လုပ်ဖို့ လိုတယ်။ နောက်တခါ ဒေသခံတွေ တန်ဖိုးထားတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ၊ ဘာသာရေး အဆောက်အအုံတွေကိုလည်း ရှောင်ရှားပြီးတူးဖေါ်ရမယ်။ ဒါတွေကို သူတို့ လေးစားလိုက်နာဖို့ လိုပါတယ်။


ဒါက သဘာ၀ ပါတ်ဝန်းကျင်နဲ့ လူနေမှု ဘဝကို မထိခိုက်စေတဲ့ ကာကွယ်မှုတွေ ပေါ့နော်။ ဒါဆို အခု လက်ရှိတူးဖေါ်နေတဲ့ လက်ပန်းတောင်းတောင် သတ္တုတွင်းမှာ ဒီလိုက်နာရမယ့် အချက်တွေထဲက ဘာတွေကို ချိုးဖေါက်ထားတာ တွေ့ပါသလဲ

လေ့လာသလောက် အပင်နဲ့ အကောင်တွေကို ထိမ်းသိမ်းတဲ့စံနစ်၊ ကြိုတင် ပြင်ဆင်မှုတွေ ဘာမှ မတွေ့ရပါဘူး။ မြေဆီလွှာကို တူးယူတာလည်း မရှိဘူး။ စေတီ ပုထိုးတွေကို ရှောင်ပြီးလုပ်ရင် လျော့သွားမှာ၊ သတ္တုအထွက်နဲမှာ နှမျောနေပုံရတယ်။ ဒါပေမယ့် ဒါတွေက ရှောင် ကို ရှောင်ပေးရမှာပါ။ အခုတော့ သူတို့က စေတီတွေကို ရွှေ့ဖို့တောင် စဉ်းစားနေတယ် ဆိုပြီး သိရတဲ့ အတွက် အထင်လွဲမှားမှုတွေ ဖြစ်ရတာပါ။ ဖုံမှုန့်တွေ ကိုလည်းကာကွယ်ဖို့ စံနစ်အဖြစ် ရေဖြန်းတာတို့၊ လေတွေကို ကာတဲ့ wind breaker ဖြစ်တဲ့ တောတွေကို စိုက်တာတို့ ဒါတွေ လုပ်တာလည်း ထင်ထင် ရှားရှား မတွေ့ရ ပါဘူး။ မြေစာတွေ ပုံလို့ လယ်တွေ ပျက်စီးနေတာပဲ တွေ့ရပါတယ်။

ဆိုတော့ ဒီ လိုက်နာရမယ့် အချက် အားလုံး လိုလိုဟာ အခု တူးဖေါ်နေတဲ့ လက်ပန်းတောင်းတောင် သတ္တုတွင်းမှာ ဘာမှ လုပ်ထားတာ မတွေ့ရ ဘူးပေါ့။

အဲဒီ သဘောပါပဲ။

ဒေသခံတွေက ဒါကို ဆက်မလုပ်စေချင်ဘူး။ ဘာလို့လည်း ဆိုတော့ သူတို့က လက်တွေ့ထိခိုက်တာတွေ တေ့ွနေလို့။ အစိုးရပိုင်းက ဆက်ပြီးတော့ ရှေ့တိုးပြီး လုပ်ဖို့ အနေထားတွေ တွေ့နေရတယ်။ ဆိုတော့ တကယ်လို့သာ ဒီစီမံကိန်းကို ဆက်ပြီးလုပ်မယ် ဆိုရင် ဘယ်လို အကြံမျိုးများ ပေးချင်ပါလဲ။

မတူးခင် မလုပ်ခင် ပါတ်ဝန်းကျင် ထိမ်းသိမ်းရေး စံနစ်တွေကို သေချာ လေ့လာရမယ်။ တင်းတင်းကြပ်ကြပ် ပြဌာန်းရမယ်။ ဒေသခံတွေနဲ့ ပြေလည်အောင် ညှိနှိုင်းပြီးမှ ဆက်လုပ်ရမယ်။ ဆိုလိုတာက ဒီစီမံကိန်းကြီး ဆက်လုပ်မယ် ဆိုရင် သတ္တုတူးဖေါ်တဲ့ ကိစ္စနဲ့ပါတ်သက်လို့တော့ ဒီသတ္တုသည် တိုင်းပြည်တိုင်းမှာ မရှိတဲ့ အတွက်၊ ကိုယ့်တိုင်းပြည်မှာ ရှိတာကို တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ဖို့ တူးဖေါ်သင့်တယ်။ ဒါပေမယ့် ဆက်မတူးခင် ပါတ်ဝန်းကျင် ထိမ်းသိမ်းရေး စံနစ်တွေကို တင်းတင်းကြပ်ကြပ် ပြဌာန်းပြီးမှာ ဒေသ ပြည်သူတွေနဲ့ ညှိနှိုင်းပြီးမှ ဆက်လုပ်သင့်တယ်။

အခုလက်ရှိမှာ ပျက်စီးမှုတွေကလည်း ဖြစ်တန်သလောက် ဖြစ်ခဲ့ပြီးပြီ။ ဆိုတော့ ဒီဒေသအတွက် ရေရှည် ကောင်းကျိုးဆိုးကျိုးလေး။ အခုလက်ရှိမှာ ဖြစ်ပေါ်နေတဲ့ ဆိုးကျိုးတွေက ဘာလဲ။ ဒါတွေကို ဘယ်လို ထိမ်းသိမ်းဖို့ လုပ်ရမလဲ။ ကောင်းကျိုးတွေ ဖြစ်လာအောင် ဘယ်လိုလုပ်နိုင်လဲ ပြောပြပေးပါ။

သတ္တု တူးဖေါ်လို့ ရှိရင် အကျိုး ရှိပါတယ်။ ပိုက်ဆံ ဝင်ငွေ ရမယ်ပေါ့။ ဒါပေမယ့် ဆိုးကျိုးလည်း ရှိပါတယ်။ အဲဒီတော့ တိုင်းပြည်အတွက် ရမယ့် ပိုက်ဆံက တိုင်းပြည် ဆိုးကျိုးတွေကို ပြန်ပြီး ဖြည့်ဆည်း နိုင်အောင် ဒေသကို ထိုက်တန်တဲ့ စောင့်ရှောက်မှုတွေ ပေးရပါမယ်။ ပြီးတော့ ဒီသတ္တု တူးဖေါ်လို့ ရရှိတဲ့ ငွေတွေ ကိုလည်း တိုင်းပြည်ကို ဘယ်လောက် ထိုက်တန်တဲ့ အကျိုးအမြတ်တွေကို လုပ်ပေးမယ် ဆိုတာကို တိတိကျကျ ရှင်းရှင်းလင်းလင်း လုပ်ပေးဖို့ လိုပါတယ်။ ကမ္ဘာ့ သတ္တုတွင်းကြီးတွေ အတွက် သုတေသန ဌာနကြီးတွေ၊ တက္ကသိုလ်တွေ ဖြစ်လာတယ်။ တခြား နိုင်ငံတွေမှာ။ အထူး သဖြင့် မုံရွာ သတ္တုတွင်း လိုဆိုရင် ကြေးနီ သတ္တုတွင်း စီမံကိန်းက ဦးဆောင်ပြီးတော့ တည်ထောင်ပေးသင့် ပါတယ်။
နောက် အဲဒီဒေသမှာရှိတဲ့ မြို့ရွာတွေ၊ လမ်းတွေ ကိုလည်း အဆင့်မြှင့်ပေးရမယ်။ ဒါဆိုရင် ရေရှည် တည်တံ့တဲ့ လုပ်ငန်း ဖြစ်လာမယ်။ ပညာရေး၊ ကျန်းမာရေး ဒါတွေ ကိုလည်း ဖြည့်ဆည်းပေးရမယ်။ အလုပ်အကိုင် အခွင့်အလန်းရရှိရေး ကိုလည်း ဖန်တီးပေးရမယ်။ နောက် ဒေသအတွက် ဆိုးကျိုးပဲ ရပြီးတော့ အကျိုးရှိတဲ့ လုပ်ငန်းတွေ လုပ်မပေးဘူး ဆိုရင်တော့ ဒေသခံတွေကလည်း ကျေနပ်မှာမှ မဟုတ်တာ။


ဒီမုံရွာ ပါတ်ဝန်းကျင် ဒေသ တဝိုက်မှာ ကြေးနီ စီမံကိန်းနဲ့ ပါတ်သက်ပြီး တူးဖေါ်လို့ ရတဲ့ နေရာက ဘယ်နေရာတွေ ရှိပါသေးလဲ။

အဓိကကတော့ လက်ပံတောင်းရယ်၊ ကြေးစင်တောင်ရယ်။ စပယ်တောင်ရယ်။ စပယ်တောင် pilot plant တုန်းကတော့ Ivan ho နဲ့ လုပ်သွားတာ။ ကြေးစင်တောင်လည်း ရှိပါသေးတယ်။ တကယ်တမ်းကျ အများကြီးတော့ ရှိတာ မဟုတ်ပါဘူး။ ဒါပေမယ့် အခု ဆိုလိုတာက သတ္တု တူးဖေါ်လို့ ပါတ်ဝန်းကျင် ထိခိုက်မယ်။ သတ္တုတူးဖေါ်လို့ အကျိုးရှိမယ် ဆိုတာက လက်ပန်းတောင်း တခုထဲကို မြန်မာပြည်မှာ ပြောတာ မဟုတ်ပါဘူး။ မြန်မာပြည်မှာ သယံဇာတတွေ အများကြီး ရှိပါတယ်။ ရွှေတူးမလား။ ခနောက်စိမ်း တူးမလား။ tin tungsten ခဲမဖြူ အဖြိုက်နက် တူးမလား။ ဘိလပ်မြေ စက်ရုံအတွက် ထုံးကျောက်တောင်တွေ တူးမလား။ ကျောက်မီးသွေးတွေ တူးမလား။ စသည်ဖြင့် ဒါတွေ လုပ်တဲ့ အခါမှာ ခုန သက်ဆိုင်ရာ ဒေသအတွက် အကျိုး ရှိမယ်။ တိုင်းပြည်အတွက် အကျိုး ရှိမယ်။ ပါတ်ဝန်းကျင် မထိခိုက်အောင်၊ နဂို ရှိတဲ့ အပင်တွေ၊ အကောင်တွေ၊ မျိုးပွါးတာ တွေ ထိမ်းရမယ်။ မြေဆီလွှာတွေ ထိမ်းရမယ် ဆိုတာတွေက နမူနာ အဖြစ် ဒါတွေ အားလုံးက ဒီလက်ပန်းတောင်းတောင် ကနေ စပြီး စကားပြောလိုက်တာပဲ။ တပြည်လုံးမှာ ရှိတဲ့ မည့်သည့် သတ္တုသိုက် မဆို ထုတ်ရင် ဒါတွေ လိုက်နာဖို့ လိုပါတယ်။

မြန်မာနိုင်ငံ ဘူမိသိပံအသင်း အတွင်းရေးမှုး ဦးအေးလွင်ပါ။ မြန်မာနိုင်ငံဟာ သတ္တု သယံဇာတ အမျိုး အစား အတော်များများ အတန်အသင့်ရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒီသတ္တုတွေကို တူးဖေါ်တဲ့ နေရာမှာ ကြိုတင် လုပ်ဆောင်သင့်တာတွေကို မလုပ်ဆောင် မိရင် သဘာ၀ ပါတ်ဝန်းကျင်အတွက်ရော၊ သတ္တု သယံဇာတတွေ ရှိရာ ဒေသက ဒေသခံတွေ အတွက်ပါ ဆိုးကျိုးတွေကို ဖြစ်စေပါတယ် ဆိုတာကို တင်ပြရင်း ဒီသီတင်းပါတ် အတွက် သိပံနဲ့ နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။
XS
SM
MD
LG