သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လေထု အရည်အသွေးနဲ့ ကာဗွန်မိုနောက်ဆိုဒ်


Carbon Monoxide CO
Carbon Monoxide CO

အသက်ကို အန္တရာယ် ပေးတတ်တဲ့ ကာဗွန်မိုနောက်ဆိုဒ်ကို မြန်မာနိုင်ငံရဲ့ လေထုညစ်ညမ်းမှုအတွက် သတိထား တိုင်းတာရမယ့် စာရင်းထဲမှာ ထည့်သွင်းဖို့ လိုအပ်နေတာကို ပြောပြပေးပါရစေ။

တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာ ကျေးလက်ဒေသက ကျယ်ကျယ်ပြောပြော ရှိနေတဲ့ အပြင် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်တဲ့ နိုင်ငံဖြစ်တဲ့ အတွက် လေထု အရည်အသွေးက ယေဘူယျ အားဖြင့် ကောင်းတယ်လို့ ပြောနိုင်ပေမယ့် ဒါဟာ နိုင်ငံ့စီးပွါးရေး တိုးတက်အောင် လုပ်ဆောင်မှုတွေနဲ့ အတူ စပြီး ပြောင်းလဲလာနေပြီလို့ ကုလသမဂ္ဂ သဘာဝဝန်းကျင် ဆိုင်ရာအဖွဲ့ UNEP ရဲ့ ၂၀၁၅ စစ်တမ်းမှာ ဖေါ်ပြထားပါတယ်။ လေထု အရည်အသွေး အတွက် မြန်မာနိုင်ငံမှာ စံသတ်မှတ်ချက်လည်း ကောင်းကောင်း မရှိသေးဘူးလို့ ပြောပါတယ်။

ဒါပေမယ့် ၂၀၁၅ ခုနှစ်ကုန်ပိုင်းလောက်မှာပဲ အမျိုးသား ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး သတ်မှတ်ချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပြီး အဲဒီ ထဲမှာ အသက်ကို အန္တရာယ် ပေးနိုင်တဲ့ ကာဗွန်မိုနောက်ဆိုဒ် ကို ထည့်ထားတာ မတွေ့ရဘူးလို့ အမေရိကန် ပြည်ထောင်စု တက်ဆက်စ် ပြည်နယ်က သဘာဝဝန်းကျင် ဆိုင်ရာ အင်ဂျင်နီယာ ဒေါ်အေးအေးကြည်က ပြောပါတယ်။

“ မြန်မာပြည်မှာ ၂၀၁၅ ဒီဇင်ဘာလ ၂၉ ရက်နေ့က အမိန့်ကြော်ငြာစာ ထုတ်လိုက်ပြီ။ အမျိုးသား ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး သတ်မှတ်မှုများ ဆိုတာ စာမျက်နှာ ၈ မှာ ထင်တယ်။ သူက ဒီလို ဒီလို အရည်အသွေးတွေ ရှိရပါမယ်လို့ ပြောထားတဲ့ ထဲမှာ ကာဗွန်မိုနောက်ဆိုဒ်က မပါဘူး။ တခြား နိုက်ထရိုဂျင်အောက်ဆိုဒ်တို့ ဆာလ်ဖာဒိုင်အောင်ဆိုဒ်တို့ပဲ ပါတယ်။ သူက ဘာဆက်ပြောထား သေးသလဲ ဆိုရင် အဲဒီထဲမှာ မပါတဲ့ အရာဆိုရင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ တို့ ဥရောပဆိုင်ရာ လေထုအရည်အသွေး သတ်မှတ်မှု ညွှန်းဆို အသုံးပြုပါလို့ ပြောထားတယ်။ သို့သော်လည်း အဲဒီလို မပါခြင်းအားဖြင့် စိတ်ထဲမှာ ဒါဟာ ကာဗွန်မိုနောက်ဆိုဒ်ဟာ အရေးမကြီးဘူး ဆိုပြီး ထင်သွားနိုင်စရာ အကြောင်းရှိတယ်။ ဒါပေမယ့် ကာဗွန်မိုနောက်ဆိုဒ်က အရေးမကြီးတာ မဟုတ်ဖူး သူက လူကို သေကိုသေစေနိုင်တယ်။”

ကာဗွန်မိုနောက်ဆိုဒ် ဟာ အရောင် အဆင်း အနံ့ အရသာ မရှိပါဘူး။ ဒါ့ကြောင့် ကာဗွန်မိုနောက်ဆိုဒ် ဓါတ်ငွေ့ ပတ်ဝန်းကျင်မှာ ပြန့်နှံ့ နေတာကို လွယ်လွယ်ကူကူ မသိနိုင်ပါဘူး။

“သူ့ကို အများကြီး ရှုလိုက်မယ် ဆိုရင် သူက အန္တရာယ် အများကြီး ရှိတယ်။ သွေးက အောက်ဆီဂျင် သယ်ပြီး သူက နှလုံးတို့ ဦးနှောက် တို့လို သူက အရေးကြီးတဲ့ ခန္ဒာကိုယ် အစိတ်အပိုင်းတွေကို ပို့ရမှာ။ ဒါပေမယ့် သူက ကာဗွန်မိုနောက်ဆိုဒ် အများကြီး များသွားရင် အောက်ဆီဂျင် သွေးထဲ ရောက်တော့ဘူး။ နဲသွားတယ်။ သွေးက သယ်ဆောင်နိုင်စွမ်း နဲသွားတယ်။ အောက်ဆီဂျင်ကို သယ်နိုင်တဲ့ စွမ်း နဲသွားမှ လူဒုက္ခဖြစ်တယ်။ နှလုံးရောဂါ ရှိသူဆိုရင် နဂိုကမှ နှလုံးက လိုအပ်တဲ့ အောက်ဆီဂျင်ကို မရဘူး ဖြစ်နေတာ။ သူတို့တခုခု လုပ်ဖို့ဆို အောက်ဆီဂျင်ကို ပိုလိုတာ။ ဒါပေမယ့် သူတို့နှလုံးက နဂိုကတည်းက မရဘူး။ မရတဲ့ အခြေနေမှာ အခုလို ကာဗွန်မိုနောက်ဆိုဒ်တွေ လေထုထဲ မြင့်နေတဲ့ အချိန်မှာ ရောက်သွားရင် နှလုံးရောဂါ ပိုဆိုးလာပြီး တချို့ဆို အသက်ပါ ဆုံးနိုင်တယ်။”

ကာဗွန်မိုနောက်ဆိုဒ်ကို ထုတ်ပေးနိုင်တဲ့ အရင်းအမြစ်တွေကို ကြည့်ရအောင်ပါ။

“ ကာဗွန်မိုနောက်ဆိုဒ်က မီးရှို့တဲ့ ဖြစ်စဉ် မှန်သမျှမှာ ထွက်တယ်။ ပြင်ပမှာ ကာဗွန်မိုနောက်ဆိုဒ် ထွက်နိုင်တဲ့ အရင်းအမြစ်တွေက ဘာတွေလည်း ဆိုရင် မော်တော်ကားတွေ၊ ထရပ်ကားတွေ၊ နောက်ပြီး ရုပ်ကြွင်းလောင်စာတွေ လောင်ကျွမ်းစေမယ် ဆိုရင် လည်း ထွက်တယ်။ သဘာဝ ဓါတ်ငွေ့ကို အပူစွမ်းအင်ရအောင် မီးရှို့မယ် ဆိုရင် ကာဗွန်မိုနောက်ဆိုဒ်က စွမ်းအင်ယူနစ် ၁ ဘီလျံ ဘီတီယူ ရှိလို့ ရှိရင် ပေါင် ၄၀ ထွက်တယ်။ ရေနံတို့ တခြားအရည် လောင်စာတို့ကတော့ ၃၃ လောက် ထွက်တယ်။ ကျောက်မီးသွေး ဆိုလို့ ရှိရင် ၂၀၈ ပေါင် ထွက်တယ်။ ၁ ဘီတီယူ ဆိုတာက သဘာဝ ဓါတ်ငွေ့ကို သုံးပြီးတော့ ရေပေါင်ကို ၁ ဒီဂရီ အပူချိန် မြင့်အောင် လုပ်လိုက်တာ။ လိုအပ်တဲ့ သဘာဝ ဓါတ်ငွေ့ပမာဏပေါ့။ အဲဒါကို ဘီတီယူလို့ခေါ်တယ်။ သဘာဝ ဓါတ်ငွေ့ ဆိုရင် ၁ ကုဗပေမှာ သူ့ရဲ့ ဘီတီယူ ဆိုတဲ့ အပူစွမ်းအားက ၁၀၂၇ လောက် ပျမ်းမျှ ရှိတယ်။ အဲဒီလိုလောင်ကျွမ်းမှု ဖြစ်စဉ် တိုင်းမှာ ကာဗွန်မိုနောက်ဆိုဒ်က ထွက်တာပါ။ အဲဒီတော့ စက်မှု လက်မှု လုပ်ငန်းတွေ လုပ်တာ မှန်သမျှ အပူစွမ်းအင်ရအောင် လောင်ကျွမ်းမှု လုပ်တာ မှန်သမျှ ကာဗွန်မိုနောက်ဆိုဒ် က ထွက်တော့ ဝန်းကျင်မှာ များလာတာ ပေါ့လေ။ ဒါက အပြင်မှာ။

အိမ်ထဲမှာ ကျတော့ ရေနံဆီမီးနဲ့ ချက်မယ် ဆိုရင်၊ တကယ်လို့ ပြူတင်းတွေ ဘာတွေ ဖွင့်မထားရင် ကာဗွန်မိုနောက်ဆိုဒ်က အိမ်ထဲမှာ စုနေတတ်တယ်။ အိမ်ထဲမှာ သုံးတဲ့ အပူပေးတဲ့ စက်ကလေးတွေ ဘာတွေ ဆိုလည်း အဲဒီကနေ ကာဗွန်မိုနောက်ဆိုဒ်က ထွက်တယ်။”

ကာဗွန်မိုနောက်ဆိုဒ်ကို အန္တရာယ် သတိပေးရတဲ့ ဓါတ်ငွေ့အဖြစ် စာရင်းထဲ ထည့်သွင်းရတဲ့ အကြောင်း နောက်တခုလည်း ရှိပါသေးတယ်။

“ လောင်ကျွမ်းမှု ဖြစ်စဉ်မှာ ဆိုရင် လောင်ကျွမ်းလိုက်တာနဲ့ ကာဗွန်မိုနောက်ဆိုဒ်လည်း ထွက်တယ် နိုက်ထရိုဂျင် အောက်ဆိုဒ်လည်း ထွက်တယ်။ တခါတလေ နိုက်ထရိုဂျင် အောက်ဆိုဒ်ကို အထွက်မများအောင် ဆိုပြီး တအား ထိမ်းချုပ် လိုက်တဲ့ အခါမှာ နိုင်ထရိုဂျင် အောက်ဆိုဒ်က နဲသွားရင် ကာဗွန်မိုနောက်က များသွားတယ်။ သူတို့က တယောက်နဲ့ တယောက် ပြောင်းပြန် အချိုးနဲ့ ပတ်သက်နေတယ်။ ဒီလို ပတ်သက်နေတဲ့အတွက် အမေရိကန် ပြည်ထောင်စုမှာ ဆို သဘာဝ ဓါတ်ငွေ့သုံး စက်တွေ တာဘိုင်ကြီးတွေအတွက် အစိုးရက နှစ်တိုင်း နှစ်တိုင်း သူတို့ရဲ့ စွမ်းဆောင်ချက်တွေ အတွက် တိုင်းတာမှုတွေ လုပ်ခိုင်းတဲ့ အခါ ဒီစက်ကြီးတွေရဲ့ မီးခိုးခေါင်းတိုင်တွေက ထွက်တဲ့ ပစ္စည်းတွေ အတွက် သတ်မှတ်ချက်က နိုင်ထရိုဂျင် အောက်ဆိုဒ် ဘယ်လောက် ဘယ်လောက် မကျော်ရဘူးလို့တိုင်းတာပါပဲ၊ ဒါပေမယ့် ကာဗွန်မိုနောက်ဆိုဒ်ကိုပါ ထည့်ပေါင်း ရတယ်။ ကာဗွန်မိုနောက်ဆိုဒ်ကို ထည့်မပေါင်းရင် နိုက်ထရိုဂျင် အောက်ဆိုဒ် က ကောင်းနေပေမယ့် တဖက်က ကာဗွန်မိုနောက်က မြင့်တက်နေရင် မသိပဲ ဖြစ်နေမယ်။ နိုက်ထရိုဂျင် အောက်ဆိုဒ်ရော ကာဗွန်မိုနောက်ဆိုဒ်ရော ၂ ခု ပေါင်း ကြည့်တော့မှ ဒီလောင်ကျွမ်းမှု ဖြစ်စဉ်တခုဟာ ပြည်ဝစွာ လောင်ကျွမ်းနေလား၊ ဘာတွေများ ဟာချက်တွေ ရှိနေလဲ ဆိုတဲ့ မြင်ကွင်းကို သေသေချာချာ နားလည် နိုင်မယ် အဲ့ဒါကြောင့် တိုင်းရတာပါ။”

လေထု အရည် အသွေး တိုင်းတာရာမှာ ကာဗွန်မိုနောက်ဆိုဒ်ကို WHO ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က မထည့်ထားပေမယ့် တိုးတက်တဲ့ နိုင်ငံတိုင်းမှာ ထည့်သွင်းထားပါတယ်။ လေထု ညစ်ညမ်းမှု ဆိုင်ရာ စီမံကွပ်ကဲတဲ့ အခါ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး အဖွဲ့ EAP က ဝန်းကျင်ညစ်ညမ်းစေတဲ့ ဓါတ်တွေကို ဘယ်လောက် အချိုးအဆပဲပါရမယ် ဆိုပြီး သတ်မှတ်ပေးရပါတယ်။ မြန်မာနိုင်ငံမှာ ကာဗွန်မိုနောက်ဆိုဒ်ကို ညစ်ညမ်းစေတဲ့ အရာ အဖြစ်ထည့်သွင်း မသတ်မှတ်ထားတဲ့ အတွက် အန္တရာယ်ကို လက်ကမ်း ကြိုသလို ဖြစ်နေတယ်လို့လည်း ပြောပါတယ်။

“ မြန်မာပြည်မှာ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ ၂၀၁၅ က သတ်မှတ်လိုက်တဲ့ အရည်အသွေးတွေထက် ဘယ်အရပ်က မြင့်သလား နိမ့်သလား လည်း မသိဘူး။ စက်ရုံတခု ဆောက်တော့မယ် ဆိုမှ နောက်ခံ အရည်အသွေး လိုက်တိုင်းမယ် ဆိုပြီး တိုင်းတယ်။ တိုင်းတာကလည်း ကုမ္ဗဏီ မျိုးစုံက တိုင်းတာပဲ။ ဒါပေမယ့် ဘယ်စံနစ်နဲ့ တိုင်းတာရမလဲ၊ ဘယ်လို စံအရည်အသွေး ဘာညာ ဆိုလဲ သတ်မှတ် ထားတာ မရှိဘူး။ အစိုးရက သတင်းအချက်လက်တွေ ထုတ်ပြန်ထားတာလည်း မရှိဘူး။ သဘာဝ ပတ်ဝန်းကျင် အရည်အသွေး ထိမ်းချုပ်တဲ့ ညွှန်ကြားချက် စာမျက်နှာ ၈ မှာ ကာဗွန်မိုနောက်ဆိုဒ် အရည်အသွေးကို ထည့်မထားခြင်း အားဖြင့် ဒါက အရေးမကြီးဘူးလို့ ထင်ယောင်ထင်မှား ဖြစ်သွားနိုင်တယ်။ ကာဗွန်မိုနောက်ဆိုဒ်ကို ညစ်ညမ်းစေတဲ့ အရာ တခု အဖြစ် အရည်အသွေးကို ဘယ်လောက်ပဲ ရှိရမယ် ဆိုတာ နိုင်ငံပေါင်းစုံသတ်မှတ်ပြီး ထားထားတာ၊ အဲဒီတော့ မြန်မာပြည် အနေနဲ့ ပေါ်ပေါ်တင်တင်နဲ့ ခွဲခြား ထားခြင်းဟာ ရေရှည် ကျန်းမာရေး အနေနဲ့ ကာကွယ်ပြီးသားလည်း ဖြစ်မယ်။ မေ့လည်းမမေ့ဘူး။ နောက်တချက်ကလည်း လေထု တိုင်းတာရေး လုပ်တဲ့ အခါမှာ သဘာဝ ဓါတ်ငွေ့သုံးတဲ့ စက်တွေကို စံချိန်စံညွှန်း မှီသလား သွားပြီး တိုင်းတဲ့ အခါမှာ နိုက်ထရိုဂျင် အောက်ဆိုဒ်ပဲ တိုင်းပြီး ကာဗွန်မိုနောက်ဆိုဒ် မတိုင်းဘူး ဆိုပြီး ဖြစ်သွားမယ်။ အဲဒါကြောင့် ကာဗွန်မိုနောက်ဆိုဒ်နဲ့ ပတ်သက်တဲ့ သတ်မှတ်ချက်ကို သိသာ ထင်ရှားစွာ ဖေါ်ပြသင့်တယ် လို့ထင်ပါတယ်။”

သဘာဝ ဝန်းကျင် အင်ဂျင်နီယာ ဒေါ်အေးအေးကြည် က ပြောသွားတာပါ။

XS
SM
MD
LG