မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမှာကြည့်ရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်က တောင်ဘက်မှာ သရေခေတ္တရာ၊ ဗိဿ နိုး နဲ့ အလယ်ပိုင်း မိုင်းမောကနေ မြောက်ဘက် ဟန်လင်း၊ တကောင်း အထိ ပျူမင်းဆက်တွေ အုပ်ချုပ်ခဲ့တာပါ။
ဒီဒေသမှာ နေထိုင်သူတွေကို ပျူလို့ သတ်မှတ်ရာမှာ အဓိက စာပေနဲ့ ခွဲခြားသတ်မှတ်ခဲ့တာဖြစ်ပြီး ဒီ ပျူစာပေကို အကြောင်းပြုပြီး ပျူလူမျိုး၊ ပျူဒေသ၊ ပျူစာပေလို့ သတ်မှတ်ခဲ့တာလို့ ရှေးဟောင်း သုတေသန ပါမောက္ခ ဦးသာထွန်းမောင်က ပြောပါတယ်။
အရှေ့တောင်အာရှဒေသမှာ ဗုဒ္ဓဘာသာ စတင်ထွန်းကားရာ ဒေသဖြစ်တဲ့ အရေးပါတဲ့ ဒီဒေသကို ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တရပ် အဖြစ် ထိမ်းသိမ်းရမယ့် စာရင်းမှာ ထည့်သွင်း လိုက်ပါပြီ။
စတုရန်း၊ ထောင့်မှန်စတုဂံနဲ့ စက်ဝိုင်းတွေ ပါဝင်တဲ့ ပျူခေတ် ပျူပညာရှင်တွေရဲ့ မြို့ပြစီမံကိန်းမှာ အိန္ဒိယ လက်ရာတွေနဲ့ ရောထွေးနေတဲ့ ပျူ ဒေသခံတွေရဲ့ လက်ရာတွေကို တွေ့ရပါတယ်။ စက်ဝိုင်းပုံတည်ထားတဲ့ မြို့ကို စတုရန်းပုံ၊ ထောင့်မှန် စတုဂံပုံ မြို့ရိုးတွေနဲ့ ရံပြီး အိန္ဒိယပုံစံ ဂိတ်တံခါး ၁၂ ခုနဲ့ တည်ဆောက်တတ်ကြတဲ့ ပျူလက်လရာတွေကို ရှေးမြန်မာမင်းတွေ တည်ထားတဲ့ နန်းမြို့တွေကနေ ၁၉ ရာစု မန္တလေးမြို့တည်တဲ့အထိ တွေ့နေရတာပါ။ ဧရာဝတီနဲ့ ချင်းတွင်းမြစ်ကြောင်း တလျှောက် တရုတ်နဲ့ အိန္ဒိယနိုင်ငံ တွေကနေ လမ်းပေါက်တဲ့ ဒေသတွေမှာ ဒီ ပျူ ရှေးဟောင်း မြို့တွေကို တည်ထားကြတာ ဖြစ်ပါတယ်။
တူးဖေါ်ရရှိမှုတွေမှာ ဒီမြို့ရိုးနဲ့ လူအသုံးအဆောင်တွေက တပိုင်း၊ သာသနိက အဆောက်အအုံတွေကို တပိုင်း၊ ၂ ပိုင်းခွဲခြားပြီး လေ့လာနိုင်တယ်လို့ ဦးသာထွန်းမောင်က ပြောပါတယ်။ အခုထိ တူးဖေါ်ရရှိတဲ့ မြို့ရိုး အရာ ၁၂ ခု ရှိနေပြီး ၅ ခုက ကြီးမားတဲ့ အုတ်မြို့ရိုးတွေ ဖြစ်ပါတယ်။ ဒီအထဲက သရေခေတ္တရာ၊ ပိဿနိုးနဲ့ ဟန်လင်း မြို့တွေကို ထိမ်းသိမ်းရမယ့် ကမ္ဘာ့အမွေအနှစ် အဖြစ် ကုလသမဂ္ဂက သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီရှေးဟောင်း ယဉ်ကျေးမှုတွေနဲ့ ပါတ်သက်ပြီး လူထုက ထိမ်းသိမ်းရမယ် ဆိုတဲ့ အသိရှိလာစေဖို့ ပညာပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ သုတေသန ပညာရှင်တွေက တိုက်တွန်းနေကြပါတယ်။